Tuesday, July 22, 2008

အဘိုးမှိုင်းကွယ်လွန်ခြင်း (၄၄)နှစ်ပြည့်


အဘိုးရေ...
အဘိုးနာမည်ကို ကြားလိုက်ရင်..
"ကိုယ်တော်မှိုင်း... ရာဇ၀င်တွေလည်းရိုင်းခဲ့ရပြီ အဘိုးရေ"ဆိုတဲ့ သီချင်းတစကို သတိရမြဲပါ..။

တကယ်တော့ အဘိုးက ကျမ မမွေးခင်ကလေးမှာကတည်းက ကွယ်လွန်ခဲ့ပြီ။
ဒါပေမဲ့ သမိုင်းလက်ဆင့်ကမ်းတတ်တဲ့ အဖေ့ကြောင့် ကျမအရွယ်ရောက်တော့ အဖိုးကို ကောင်းကောင်း သိနှင့်ပြီးသား။ အဖေ လိုက် လိုက်ပို့တဲ့ အဖိုးရဲ့ ဂူဗိမာန်...။ ပြီးတော့ မှတ်မှတ်ရရ ကျမ ၆တန်းကျောင်းသူဘ၀.. နွေရာသီကျောင်းပိတ်ရက် မတ်လထဲမှာ...အဖေက မျက်နှာအပျက်ပျက်.. တောက်တခေါက်ခေါက်.. နဲ့။ မှိုင်းရာပြည့်တဲ့။

နောက်... ကျမ ၁၀တန်းစာမေးပွဲ ဖြေအပြီး ကျောင်းပိတ်ရက်ရှည်မှာ အဖေ့စာအုပ်စင်မှာ တွေ့သမျှ မြန်မာ့နိုင်ငံရေးနောက်ခံ သမိုင်းမှတ်တမ်း စာအုပ်တွေ.. လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွေ ဖတ်တော့ အဘိုးနာမည်က စာအုပ်တိုင်းလိုလိုမှာ ပါနေတယ်ကို ထင်တာပါပဲ။ နောက် တက္ကသိုလ်ရောက်လို့ ကျမ မြန်မာစာအထူးပြုကို ယူလိုက်တော့ အဘိုးနဲ့ ကျမက အမြဲ ထိတွေ့ ဆက်စပ်လာတော့တယ်။ မြန်မာစာမှာက အဘိုး မပါလို့ မပြီး။

အဘိုးနဲ့ ပတ်သက်ရင် အဘိုးရေးခဲ့တဲ့ စာတွေ ကဗျာတွေက ကျမအတွက် ကျက်ရတာ ခက်ပေမဲ့ အနှစ်အသားက ပြည့်လေတော့ ကျမ ကျော်လွှားမသွားနိုင်ခဲ့ပါဘူး။ အဘိုးစာတွေဆီကနေ.. သမိုင်းကို သိရ.. နိုင်ငံရေးကို သိရ.. ယဉ်ကျေးမှုကို သိရ.. မျိုးချစ်စိတ်ဆိုတာကို သိရ.. ကိုယ်ကျင့်တရားဆိုတာကို သိရ... ငြိမ်းချမ်းရေးဆိုတာကို သိရ။ ပြီးတော့ ကိုယ်ကျင့်တရား ဖောက်ပြန်တာများလှတဲ့ လူ့ဘောင်လောကထဲ အဘိုးက သေတဲ့အထိ ခိုင်ကြည်တဲ့ ရိုးသားမှု၊ ယုံကြည်မှုနဲ့ မြဲမြံတဲ့ ကိုယ်ကျင့်တရားကို ခါးဝတ်ပုဆိုးလို မြဲသွားခဲ့တာ..။

ပြီးတော့ ကျမချစ်တဲ့ ငြိမ်းချမ်းရေးသမား ဆရာကြီး ဒဂုန်တာရာရဲ့ စာပေတွေနောက်ကို လိုက်ရင်းလည်း အဘိုးကို အခါခါ တွေ့ရ။ အလင်္ကာကျော်စွာဘွဲ့ရ ဒေါက်တာသခင်ကိုယ်တော်မှိုင်း..တဲ့။ ကွမ်းအစ်တလုံး ယောင်တထုံးနဲ့ အဲဒီအဘိုးအိုကြီးကလေ...မသေခင် ပြည်တွင်း ငြိမ်းချမ်းရေးရတာပဲ မြင်သွားချင်ပါတယ်တဲ့..။

ကောင်းကျိုးအထွေထွေရယ်လေ.. ချွန်စေမြစေစောဝ်..
ဒေါင်းအိုးဝေရယ်လေ.. တွန်စေကစေသောဝ်... တဲ့။

အဘိုးရေ..

ဆရာဇော်ဂျီကတော့ အဘိုးနဲ့ ပတ်သက်ပြီး

"ကျွန်တော်တို့ စာပေသမားများကမူ ဆရာကြီးကို လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် သီလ သမာဓိ ပညာ နှင့် ပြည့်စုံ၍ ပြည်သူလူထုအပေါ်၌ မေတ္တာအထားဆုံးဖြစ်သောပုဂ္ဂိုလ် ဟူ၍ လည်းကောင်း၊ စာရေးဆရာတစ်ဦးအဖြစ်ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရာရကြောင်းအတွက် ကျေးဇူးအပြုဆုံး စာဆို ဟူ၍လည်းကောင်း၊ တန်ဖိုးထားချင်ပါသည်။ ကျွန်တော်တို့ ခေတ်၌သာမက နောင်လာမည့် ခေတ်အဆက်ဆက်၌လည်း ထိုသို့ပင် တန်ဖိုးထားကြလိမ့်မည် ဟု ဆိုရဲပါသည်။"
လို့ သူ့ရဲ့ ရသစာပေနိဒါန်းစာအုပ်ထဲက "ဇာတိမာန်စာဆို ဦးလွန်း"ဆိုတဲ့ ဆောင်းပါးထဲ ပြောထားခဲ့သေးတာ။

အဘိုးရေ.. ဆရာဇော်ဂျီကတော့ မျှော်လင့်ခဲ့တယ်.. "ခေတ်အဆက်ဆက်"တဲ့..။ ခုမှ အဖိုး ကွယ်လွန်တာ ၄၄နှစ်ပြည့်။ လူ့သမိုင်းကို နားမလည်နိုင်ရှာတဲ့ ပညာမဲ့လူမိုက်ကြီးများကတော့ 'ဆင်ဖြူ့မျက်နှာ ဆင်မည်း မကြည့်ဝံ့' ဆိုသလို အဖိုးရဲ့စာတွေကို ကျောင်းသားတွေ မသင်ရဆိုပြီး သင်ရိုးထဲကနေ ဖြုတ်သတဲ့။ အဘိုးစာတွေနဲ့အတူ.. ဗိုလ်ချုပ်စာတွေလည်း ပါသပေါ့ အဘိုးရေ..။ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မွန်တွေ အကြောင်း လူငယ်တွေ သိရ ကြားရရင်.. ယုတ်ညံ့တဲ့သူတွေက မီးမောင်းထိုးပြသလို ပို လို့သာ ပေါ်လာတော့မှာကို စိုးရိမ်ကြ...ထင်ပါ့။

အဘိုးရေ.. ကျမတို့ တာဝန်ပိုကြီးလာပြီပေါ့..။
ဆရာတာရာရေးတဲ့ "မဟာသခင်ကိုယ်တော်မှိုင်း" ကဗျာထဲကလို

"သမိုင်းဗေဒ
အတိတ်မသိလျှင်၊ ဘာမျှမသိ
မှိုင်းမသိလျှင်၊ လွတ်လပ်ရေး မသိ
မှိုင်းမသိလျှင်၊ ညီညွတ်ရေး မသိ
မှိုင်းမသိလျှင်၊ ငြိမ်းချမ်းရေး မသိ
အတိတ်မသိလျှင်၊ ဘာမျှမသိ
ယနေ့မသိလျှင်၊ အနာဂတ်မသိ
မသိ မသိ မသိ။"

အဲဒါကြောင့်... အဘိုးမှိုင်းကို ကလေးတွေ လူငယ်တွေ မျိုးဆက်သစ်တွေသိအောင် လက်ဆင့်ကမ်းဖို့... ကျမတို့မှာ သမိုင်းပေး တာဝန် ပို ကြီးလာပြီ။

အဘိုးရေ...
ဆရာတာရာကတော့ အဘိုးကို တိုင်တည်လို့...

"မြတ်ဆရာမှိုင်းဆန္ဒအတိုင်းပါပဲ
(သခင်အပေါင်းတို့ရေ)
ဖြာဖြာနေခြည် လိမ်းစေ သစေနွေး
သြော်... မာလာဝေစည် စိမ်းစေလှစေမွှေး
သာယာရွှေပြည် ငြိမ်းစေ မြစေအေး" တဲ့ ...
အဘိုးရေ..........။

(၂၃ ဇူလိုင် ၁၉၆၄ မှာ ကွယ်လွန်ခဲ့တဲ့ ငြိမ်းချမ်းရေးဗိသုကာစာဆိုကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်းသို့ ပူဇော်ဂါရ၀ အမှတ်တရ)

4 comments:

  1. မေငြိမ်း
    ဘလော့ရေးတာက တစ်ခုဆိုတစ်ခု တစ်သမတ်ထဲ ရေးတာကောင်းမယ်ထင်တယ်။ တော်လှန်ရေးဘလော့ရေးတော့မယ်ဆိုရင်လဲ မျိုးချစ်မြန်မာတို့၊ ဒေါက်တာလွမ်းဆွေတို့၊ ခင်မင်းဇော်၊ ကိုထိုက်တို့လို လမ်းကြောင်းကို တစ်ခုထဲလျှောက်ပါ။ အနုပညာသက်သက်ရေးမယ်ဆိုရင်လဲ ဝေလင်းတို့၊ ပန်ဒိုရာ၊ ကိုငြိမ်းဝေတို့လို အနုပညာကိုသေချာရေးပါ။ ခင်ဗျားဟာက တော်လှန်ရေးယောင်ယောင်၊ စာပေယောင်ယောင်နဲ့ အဲဒီလို လိုက်ယောင်နေရင် တော်လှန်ရေးသမား သိက္ခါကျတယ်။ စာပေသမားလဲ သိက္ခါကျတယ်။ ဘလော့ကာဆိုတာ အဲဒီလိုကြီးလားလို့ လူရီစရာလဲဖြစ်တယ်။ လမ်းမှန်ကို သေချာရွေးနိုင်ပါစေ။

    ReplyDelete
  2. စစ်အောင်သူရေ..
    လူရီစရာဖြစ်နေတာတော့ ခဗျားပဲ.. ဘယ့်နှယ့် ဘလော့ရေးတာကိုတောင် သူများလွတ်လပ်ခွင့်ကို ထိပါးနေတာ။ လမ်းမှန်ဆိုတာဘာလဲ.. သေချာ ပြန်စဉ်းစားပါ။ ကျမက ဘသူ့လမ်းကြောင်းမှ လျှောက်စရာမလိုတဲ့ အနုပညာသမားဖြစ်တယ်။ တခါမှတော်လှန်ရေးသမားလို့ မကြွေးကြော်ခဲ့။ သမိုင်းကြောင်းလည်း မရှိခဲ့။ ကိုယ့်တာဝန်ကို ကိုယ်ယူနေတာသာဖြစ်တယ်။ ကျမနောက်ကြောင်းကို သေချာလြိုက်ပန်ကြည့်ပါဦး။ ကျမကို နှိပ်ချင် တီးချင်ဇောနဲ့ ၀င်ပြောတဲ့ ခဗျားသာ ရယ်စရာပေပဲ..။ သနားစရာပဲ။ နေပါဦး .. ဘလော့ကို ဘယ်လိုစံနဲ့ ရေးရမယ်လို့ သတ်မှတ်ရအောင် ခဗျားက ဘာမို့လို့လဲ..။ ခဗျားကို ဘသူမှ လာမဖတ်ခိုင်းဘူး။ လူတိုင်းကိုယ့်ရွေးချယ်ခွင့်နဲ့ကိုယ်..။ ကျမ ရေးတာကလည်း ကျမလွတ်လပ်ခွင့်။ ပြီးတော့ တော်လှန်ရေးယောင်ယောင်၊ စာပေယောင်ယောင် လို့ စာပေနဲ့ တော်လှန်ရေးကို ခွဲပြောတာလည်း စိတ်မကောင်းစရာပဲ။ ဘယ်ခေတ်မှာမှ တော်လှန်ရေးနဲ့စာပေ မကွဲခဲ့တာပြန်ကြည့်ပါဦးလေ။ သေချာတာတခုတော့ ပြောလိုက်မယ်။ ကျမစာတွေက အဆိပ်အတောက် သစ္စာဖောက်စာ တော့ မဟုတ်ဘူးဆိုတာပဲ။ (ခဗျားကြည့်ရတာ ကျမကို သိသိနဲ့ အသားလွတ်တီးချင်နေပုံပဲ.. ဒါကြောင့် ပြန်မပြောရင် ခဗျားလို လူတွေ လာ လာ အရစ်ရှည်နေမှာစိုးလို့ ပြန်ရေးတာပဲ။ အာရုံက နောက်လာပီ.. ဘယ့်နှယ် ပြည်တွင်းမှာ စိစစ်ရေး စိတ်ညစ်ပါတယ်ဆိုမှ :D.. စိတ်လှျေ့ပြီး ကျမဆက်တင်မယ့် အချစ်ဝတ္ထုတွေ ဖတ်လိုက်ပါဦး)

    ReplyDelete
  3. အဲဒီလူ ကျနော့်ဆီမှာလဲ ဒီပုံစံပဲ ထပ်တူထပ်မျှ လာအော်သွားတယ်။

    ReplyDelete
  4. sis thu ag = nga paw g

    blogger par so yin hte shi tar *a chit yay*, *politic* yay chin tar ko yay py khwint` shi tal.a la kar lar aw ma nay ne` byar!

    ReplyDelete