ဒီတလောမှာ ပြည်တွင်းမှာ ရှိနေတဲ့ ကျမရဲ့စာဖတ်ပရိသတ်တချို့က ခုလာမယ့်မေလ၁၀ရက်နေ့မှာ လုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးဆန္ဒခံယူပွဲ (စစ်အုပ်စုကတော့ ခပ်တည်တည်ပဲ ထောက်ခံပွဲလို့ သုံးနေပါတယ်) နဲ့ ပတ်သက်ပြီး တော်တော်များများ မေးကြတာတွေ ရှိပါတယ်။ ခုဆို သိပ်ကို နီးကပ်လာပါပြီ။ ခုချိန်ထိတော့ ပြည်သူလူထုတော်တော်များများက မဲဘယ်လိုထည့်ရမယ်.. အဲဒီမဲထည့်ချိန်မှာ ဘယ်လောက် လုံခြုံမှုရှိမယ်.. တကယ်အမှန်အတိုင်းအဖြေထွက်ပါ့မလား.. ဆိုတဲ့ သံသယတွေ၊ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေကြ ဆဲပါ..။ တချို့ကတော့ ဘာကြောင့် ကန့်ကွက်သင့်သလဲဆိုတာကို အရှင်းဆုံးပြောပြပေးပါလို့ တောင်းဆိုလာ ပါတယ်။ ဟုတ်ပါတယ်..။ တကယ်တော့ သူတို့ Constitution ထဲမှာ ကန့်ကွက်ရမယ့် သဘောမတူစရာအချက်တွေ အများကြီးပါ..။ ဒါပေမဲ့ ပြည်သူလူထုအများစုကြီးက အဲဒီ Constitution မူကြမ်းဆိုတာကြီးကို သေချာဖတ်ခွင့်လည်း မရကြတာမို့လို့ ကျမတို့ နိုင်ငံထဲက (မဲပေးခွင့်ရှိပြီဖြစ်တဲ့ လူငယ်တွေ အပါအ၀င်) သာမန်ပြည်သူလူထု အနေနဲ့ အလွယ်တကူနားလည်အောင် ပြောဖို့ ကျမစဉ်းစားပါတယ်..။ အဲဒီအခါ ကျမရဲ့ခံစားချက်အရ အလွယ်ဆုံး အရှင်းဆုံး ဖြစ်နိုင်တဲ့ အဖြေ၃ခုကို တွေ့ပါတယ်။ အဲဒါတွေကတော့..
(၁) နအဖရဲ့ Constitution ဟာ ဒီမိုကရေစီအစိုးရ (ပြည်သူလူထုအပေါ် တရားဥပဒေနဲ့အညီ အုပ်ချုပ်မယ့် အစိုးရ)တစ်ရပ် ပေါ်ပေါက်စေရပါမယ်လို့ အာမခံထားတာ (လုံးဝ) မပါပါဘူး။ (ဒါကြောင့် ခုလက်ရှိ မတရား သဖြင့် နိုင်လိုမင်းထက် ညှင်းပမ်းနှိပ်စက်ပြီး အုပ်ချုပ်နေတဲ့ စစ်အစိုးရမျိုးသာ ဆက်ရှိသွားမယ့် အခြေအနေမျိုး သာ ဖြစ်နေပါတယ်)
(၂) မြန်မာနိုင်ငံကို ၁၉၆၂ခုနှစ် ကတည်းက (တကယ်တမ်း နိုင်ငံအုပ်ချုပ်ရေးနဲ့ ပတ်သက်စရာ မလိုပါဘဲနဲ့) ဗိုလ်ကျစိုးမိုးအုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကသာ ဆက်ကြီးစိုးပြီး တရားဝင် အုပ်ချုပ်ခွင့် ရအောင် ရေးဆွဲပေးထားတဲ့ Constitution ဖြစ်ပါတယ်။
(၂) ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီစနစ်အရ ကိုယ့်ဘ၀ကို လွတ်လပ်စွာ ဖန်တီးခွင့်၊ လွတ်လပ်စွာ နေထိုင်ပြောဆိုခွင့်နဲ့ ဘ၀တည်ငြိမ်အေးချမ်းလုံခြုံရေးကို အာမခံထားတာမျိုး (လုံးဝ)မရှိတဲ့အပြင်၊ လောလောဆယ်မှာကိုပဲ တကယ်တမ်း လူထုက ဝေဖန်သုံးသပ်ရမှာဖြစ်တဲ့ အဲဒီ Constitution ကို ဝေဖန်ရင်တောင် ထောင်ချ အပြစ်ပေးမယ်လို့ တရားဝင်(အရှက်မရှိ)ခြိမ်းခြောက်ရဲတဲ့.. တကယ်လည်း အပြစ်ပေးတာတွေ လုပ်နေတဲ့ အစိုးရမျိုးက သူတို့ဆက်လက်တည်မြဲရေးကို ဦးတည်ပြီး ပြဋ္ဌာန်း ရေးဆွဲတဲ့ Constitution ဖြစ်နေလို့ပါပဲ။
နောက်ထပ် ကျမနဲ့ မေးကြဆွေးနွေးကြတာတွေထဲက အရေးကြီးတယ်ထင်တဲ့ အချက် တချို့ကိုလည်း ပြောပြချင်ပါတယ်။
- NO ရင် ဘာဆက်ဖြစ်မလဲ..
-လူထုရဲ့ NO တွေကို သူတို့က YES လုပ်ပစ်ရင်ဘယ်လိုလုပ်မလဲ...။
အဲဒီမေးခွန်းတွေကို ကျမကတော့ ဥပဒေပညာရှင်မဟုတ်ဘဲ စာရေးဆရာတယောက်ရဲ့ ခံစားချက်နဲ့ပဲ ဖြေဖြစ်ခဲ့ပါတယ်။
ကဲ.. NO ရင် ဘာဆက်ဖြစ်မလဲ..
လူထုရဲ့ ဆန္ဒအမှန်အတိုင်း NO .. လို့ အဖြေထွက်ခဲ့ရင် တရားဥပဒေဘောင်ထဲကနေ မတရားအစိုးရကို ပြုတ်ကျတဲ့အထိ တိုက်လို့ရတဲ့ နည်းတွေ အစုံသုံးပြီး ရှေ့ဆက်ပြီး ကြိုးစားတိုက်ပွဲဝင်သွားရမှာပါပဲ။ အရေးကြီးတာက ဒီပွဲမှာ စစ်အုပ်စုဘက်က ဒီလောက် ခြိမ်းခြောက်နေတဲ့ကြားကနေတောင် သူတို့ကို လက်မခံကြောင်း လူထုကြီးက ပြရဲတယ်ဆိုတဲ့ အဖြေကို ကမ္ဘာသိ.. အဲဒီ စစ်အစိုးရအသိ ဖြစ်သွားဖို့ပါပဲ..။ ဒီနေရာမှာ ကျမတို့ ရင်ဆိုင်နေရတာက ပညာတတ် လူယဉ်ကျေးတွေမဟုတ်တဲ့အတွက် ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်ဆိုတဲ့ ပညာတတ် လူလိမ်မာစကားတော့ သုံးလို့မရဘူးပေါ့လေ..။ ဒါပေမဲ့ ပြည်သူလူထုအနေနဲ့ ကိုယ့်ဘက်က တာဝန်ကျေအောင် လုပ်စရာရှိသမျှ.. လုပ်နိုင်တာမှန်သမျှ အစွမ်းကုန်လုပ်ကြရတဲ့အထဲမှာ NO လုပ်ဖို့က လောလောဆယ်မှာတော့ အရေးကြီးဆုံးတာဝန်ပါပဲ..။
-လူထုရဲ့ NO တွေကို သူတို့က YES လုပ်ပစ်ရင်ဘယ်လိုလုပ်မလဲ...။
အဲဒီမေးခွန်းကတော့ ပြည်သူလူထုတရပ်လုံးက မေးနေတဲ့ မေးခွန်းပါပဲ..။ ကျမတို့ရဲ့ အစိုးရဆိုသူတွေက ကလိမ်ကညစ်ကျလွန်းတော့ ဒီပွဲမှာ သူတို့ နည်းမျိုးစုံ သုံးပြီးလိမ်မှာလို့ လူထုက တွေးထားပြီးသား ဖြစ်နေတာပါ။ (အဲဒီ လူတွေ ရှက်တတ်ရင်တော့ သေတာကြာပါပြီ)။ ကျမကတော့ ၁၉၇၄တုန်းက Referendum ကို သတိရနေမိပါတယ်။ အဲဒီတုန်းက ကျမက မဲပေးခွင့်ရတဲ့အရွယ်မဟုတ်သေး။ ဒါပေမဲ့ အဲဒီတုန်းက ဖေဖေ တောက်တခေါက်ခေါက်နဲ့ ပြောတဲ့စကား ကျမ ခုထိမှတ်မိနေပါတယ်။
ကျမတို့ ရပ်ကွက်မဲပုံးမှာ ကန့်ကွက်မဲမရှိလို့ ကြေငြာတော့ ဖေဖေက ရပ်ကွက်ကောင်စီရုံးကို သွားပြီး "ဒီမှာ.. ကျနော်တို့အိမ်က လူ၎ယောက်လုံး ကန့်ကွက်မဲထည့်တာဗျ.. ကျန်တဲ့သူတွေက ကျနော့ကိုလိမ်ရင်တောင် ကျနော်တစ်မဲတော့ ကန့်ကွက်မဲသေချာတယ်.. ခဗျားတို့ မဲလိမ်တာပဲ"လို့ သွားပြောခဲ့တာပါ။ အဲဒီမှာ ကောင်စီလူကြီးက ဖေဖေနဲ့ ခင်ကလည်းခင်နေတော့ "ကျနော်တို့က တစ်မဲနှစ်မဲလောက်တည်း ကန့်ကွက်မဲဖြစ်နေလို့ ထည့်မကြေငြာတော့တာပါဗျာ.. အများစုက ထောက်ခံမဲ ဖြစ်နေတာလေ" လို့ ပြေရာပြေကြောင်း ပြောခဲ့ပါတယ်။ တကယ်လည်း အဲဒီတုန်းက သွားပြောခဲ့တာလည်း အဖေတယောက်တည်း ထင်ပါရဲ့။ (ဒီခေတ်လို အနေအထားနဲ့သာဆို ကျမအဖေ အရိုက်ပဲခံရမလား.. အဖမ်းပဲခံရမလားးး)
အဲဒီတုန်းကလည်း မဲအလိမ်ခံခဲ့ရတာပါပဲ..။ ကျမတို့ လမ်းထိပ် အုတ်ခုံမှာထိုင်ပြီး ညည ဂစ်တာတီးတတ်တဲ့ ဆံပင်ရှည်နဲ့အကိုကြီးတွေဆို အဲဒီတုန်းက ခေတ်စားတဲ့ အောင်ကိုလတ်ရဲ့ မဲရုံကိုသွားကြစို့သီချင်းကို .. "မဲရုံကို မဲရုံကို လာကြလာကြ အမည်းသွားပေးမယ်ကွာ.." လို့တောင် ပြောင်ဆိုခဲ့ကြတာပါ..။ သူတို့လည်း ကန့်ကွက် အမည်းရောင် ထည့်ခဲ့မှာပါ..။ ဒါပေမဲ့ အမည်းတွေ အားလုံး ဖြူသွားခဲ့ပါတယ်။ အဲဒီတုန်းကတော့ လူထုကြီးအနေနဲ့ရော ကမ္ဘာကြီးကပါ ခုခေတ်လောက် သိပ္ပံနဲ့ နည်းပညာတွေ.. နိုင်ငံရေးအသိအမြင်တွေ.. မကြွယ်သေးတာမို့ ကျမတို့နိုင်ငံမှာလည်း လူထုက အလွယ်တကူ အလိမ်ခံခဲ့ရတာပါပဲ။ ဒါပေမဲ့ အဲဒီ အကျိုးဆက်ကြောင့်ပဲ နောက်၁၄နှစ်အကြာ ၁၉၈၈မှာတော့ အကြီးအကျယ် အုံကြွ ပေါက်ကွဲခဲ့တာ မဟုတ်လားး။
ခုကတော့ အရာရာမှာ တိုးတက်နေပြီဖြစ်တဲ့ခေတ်..။ ကမ္ဘာမှာ လူ့အခွင့်အရေးဆိုတဲ့အသံတွေ ကျယ်လောင် နေတဲ့ ကာလ..။ ကျမတို့ပြည်သူတွေ အရင်တခေါက်လို နောက်ထပ် ၁၄နှစ်ကြာစရာ မလိုတော့။ လူထုကြီးရဲ့ NO ဆိုတဲ့ အသံကို အလိမ်ခံရကြောင်း တကမ္ဘာလုံးသိပြီး အဲလိုလိမ်တဲ့အစိုးရကို ပြုတ်ကျသွားအောင် ဘက်ပေါင်းစုံက လုပ်နိုင်မယ့် အခြေအနေတွေက ၁၉၇၄ နဲ့ မတူတော့။ လူထုရဲ့ အသိပညာနဲ့ ဝေဒနာတွေရဲ့ ရေချိန်ကလည်း ၁၉၇၄၊၁၉၈၈တွေထက် အများကြီး အားကောင်းခဲ့ပြီ။
ကျမ ယုံပါတယ်..။
လူထုကြီးကသာ အင်တိုက်အားတိုက် တညီတညွတ်တည်း NO လို့ကတော့ အဲဒီ NO)))))) ဆိုတဲ့ အသံရဲ့လှိုင်းကြီးက မတရားအစိုးရကို ပြုတ်ကျသွားအောင် တွန်းချနိုင်လိမ့်မယ်လို့။
လေးစားလျက်
မေငြိမ်း
ဒီမိုဘလော့တွေသည် သူတို့ကိုချီးကျူးသည့် အရေးအသားများကိုသာ ဆီပုံးများတွင် ရေးသားခွင့်ပေးရဲကျပါသည်။ သူတို့၏ ဦးတည်ရာမဲ့ နအဖကို မထိတထိလုပ်တဲ့ စီမံချက်တွေ၊ အရေမရအဖတ်မရ အတင်းပြောတဲ့ အမူအကျင့်တွေကို ဝေဖန်ပါက ချက်ချင်းဘန်းပါသည်။ အဘယ်ကြောင့် စကားလုံးတွေကို ဒီမိုသူတောင်းစားရူးတွေ ကြောက်ရွံ့နေပါသနည်း? နအဖ ဘလော့များတွင်မှု လွတ်လပ်စွာ ပြောဆိုခွင့်ပေးထားပါသည်။ နအဖကို ဝေဖန်လို့ ဘန်းတယ်ဆိုတဲ့ နအဖ ဘလော့ မကြားဖူးသေးပါ။ ကျနော်သည် ဦးသန်းရွှေကို ခွေးနဲ့ပင်ခိုင်းနှိုင်းခဲ့ပါသည်။ အဘန်းမခံခဲ့ရပါ။ ဒီမိုတွေနဲ့ နအဖ ဘယ်သူက လွတ်လပ်စွာပြောဆိုခွင့်ကို လေးစားသလဲ? ငတုံးတွေစဉ်းစားကြည့်ပါ
ReplyDeleteဒီမိုသမားတွေ .. ဘလော့ပိုင်ရှင်က ကျေနပ်ခွင့်ပြုလို့ ဇော်မျိုးနာမည်နဲ့ ပေါက်ကရတွေ ရေးထားတာ ပြဿနာမရှိပါဘူး။ ဒီမိုစိတ်ဓါတ် ထက်သန်အောင် ဒီမိုဘလော့ပိုင်ရှင် အမျိုးသမီးတွေကို နအဖ လူဟန်ဆောင်ပြီးဆဲတာလဲ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားသော မြန်မာအမျိုးသမီးလေးတွေလည်း ဒီဘလော့ကို လာပြီးဖတ်တာတွေ ရှိနေပါတယ်။ နိုင်ငံရေးဝါဒအတွက်ပဲ ကြည့်မနေပဲ မြန်မာအမျိုးသမီးများရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက် ပေးစေခြင်ပါတယ်။ စိတ်မဆိုးကြေး
ReplyDeleteမေငြိမ်း
ReplyDeleteဖွဲ့စည်းပုံအသစ်ဖြင့် ပေါ်ပေါက်လာမည့် အစိုးရသစ်သည် နိုင်ငံရေးပါတီများ၏ အာဏာခွဲတမ်းတွင် ထိခိုက်မှုရှိသည်မှာ မှန်သော်လည်း ပြည်သူအနေဖြင့် ဒီမိုကရေစီလွတ်လပ်ခွင့် အခွင့်အရေးများအား ယခုထက်ပင်ပိုမိုစွာ မည်သို့ထိခိုက်မည်ကို အဘယ်သူမျှ ရှင်းပြနိုင်စွမ်းမရှိသည်ကို ကျွန်တော်တွေ့ရသလို ကျွန်တော်ကိုယ်တိုင်လည်း ထိုအချက်ကို သဘောမတူပါချေ။ မေငြိမ်းသည် စာရေးသူသက်သက်ဟု ခံယူထားမည်ဆိုလျှင် ထိုသို့ မိမိကိုယ်တိုင်မသေချာသည့် အကြောင်းအရာများအား ၀င်ရောက်မှတ်ချက်ပြုခြင်းမှ ရှောင်ရှားစေလိုပါ၏။ အကယ်၍များ မေငြိမ်းအနေဖြင့် မိမိကိုယ်တိုင် သိထားပါသည်ဆိုလျှင်မူ ကျွန်တော့်အနေဖြင့် လေးစားစွာလေ့လာမှု ပြုလိုပါသည်။
ထိုသို့ ပြည်သူ၏နေ့စဉ်လှုပ်ရှားမှုကိုပင် ထိုစစ်တပ်၏ နှစ်ဆယ့်ငါးရာနှုန်းမှ မည်သို့ ထိခိုက်မည်ကို မသေချာသော်လည်း ကျွန်တော့်အနေဖြင့် သေချာသည်မှာ အကယ်၍များ ထိုဥပဒေသည် အတည်မဖြစ်ခဲ့ပါက နိုင်ငံရေးသမားများသည် အောင်မြင်မှုတစ်ခုအဖြစ်သတ်မှတ်ကြပါလိမ့်မည်။ ထိုအချက်ကို အခြေပြု၍ အစိုးရအား တွေ့ဆုံဆွေးနွေးမှု လမ်းပေါ်တတ်လာအောင် ဖိနှိပ်ပိတ်ဆို့မှုများ ပိုမိုပြုလုပ်ကြမည်မှာလည်း အသေအချာပင် ဖြစ်ပါသည်။
ထိုသို့ပြုလုပ်လျှင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မေငြိမ်းအနေဖြင့် ထိခိုက်မှုမရှိသော်လည်း မြန်မာပြည်သူသည် အဘက်ဘက်မှ ကြပ်တည်းမှုကို ပိုမိုခံစားရပါမည်။
ထိုသို့ ကြပ်တည်းသည့် အခြေအနေတွင် အစိုးရအနေဖြင့် တွေ့ဆုံမှုလမ်းကြောင်းပေါ် ခေါင်းမာစွာတက်လာခြင်းမရှိပါလျှင် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ထပ်မံလုံးပါးပါးပါဦးမည်။ ထိုအရာသည် မေငြိမ်းဆိုခဲ့သော မျိုးဆက်သစ် နောက်တစ်ခုစာမျှ ဖြစ်နိုင်ပါသည်။
အဘယ်အရာသည် အကျိုးနည်း။ ထိုအကျိုး၏အားနည်းချက်သည် မည်သည့်အရာနည်း။ အဘယ်အရာသည် အပြစ်နည်း။
ရှင်းလင်းစွာ လေ့လာသုံးသပ်ဝေဖန်မှု ပြုစေလိုပါသည်။
နိုင်ငံအရေးဖြစ်ပါ၏။ အိမ်ထောင်တစ်ခုအရေး၊ လူပုဂ္ဂိုလ် တစ်ယောက်အရေး၊ ပါတီတစ်ခုအရေးမဟုတ်ပါချေ။
ကျေးဇူးတင်ပါသည်။
မျိုးမြန်မာ
မျိုးမြန်မာ
ReplyDeleteဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်မပြုဖြစ်ရင် နောက်ထပ်ဆက်ဖြစ်နိုင်တဲ့ ပြဿနာက အခုရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ အတူတူပဲ ဖြစ်တယ်။ ၆၂ ခုနှစ်တည်းက ဖြစ်လာခဲ့တဲ့ ဒီပြဿနာကို ပြေလည်သည်အထိ အားလုံးမှာ ဖြေရှင်းဖို့တာဝန်ရှိပါတယ်။ အခုစစ်တပ်က ပြည်သူ့ကိုယ်စားလှယ်မပါပဲ ရေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်ပြုလိုက်မယ်ဆိုရင် စစ်တပ်အတွက် တရားဝင် ထင်တိုင်းကြဲခွင့်ရသွားတော့မှာ ဖြစ်တဲ့အတွက် အခုရင်ဆိုင်နေရတဲ့ ပြဿနာထက် အဆပေါင်းမြောက်များစွာ ပိုဆိုးလာဖို့ရှိပါတယ်။ ဒီတော့ လက်ရှိတရားမ၀င်ပဲ ထင်တိုင်းကြဲနေတဲ့ ပြဿနာကိုတောင် မဖြေရှင်းနိုင်သေးပဲနဲ့ တရားဝင်ထင်တိုင်း ကြဲခွင့်ပေးဖို့ဘက်က အားသာနေတဲ့ မျိုးမြန်မာကို သာမန်ပြည်သူ တယောက်ဆိုရင် နအဖရဲ့ ထောင်ချောက်ထဲ မ၀င်မိအောင် စဉ်းစားတွေးခေါ်မှုတွေ ပြန်လည်သုံးသပ်စေလိုပါတယ်။ ဒါပေမယ့် နေပြည်တော်က အလိုတော်ရိဆိုရင်တော့ ခုနကပြောတာတွေကို ပြန်ရုပ်သိမ်းပြီး “ဘာမှလာမရှုပ်ပါနဲ့” လို့ပဲ ပြောပါရစေ။