Wednesday, April 30, 2008

ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်...

ပုံတွေပေါ်မှာ click လုပ်ပီး ဖတ်ပါ.. ။ PDF file နဲ့တင်ရင် မဖတ်ဖြစ်ကြမှာစိုးလို့ပါ..။



Thursday, April 24, 2008

IC တဲ့ဗျိုးးးးး

မြန်မာပြည်မှာတော့ လူထုက အသစ်ထွင်လိုက်ပြန်ပြီ။

IC (အိုင်စီ)တဲ့လေ..။

ကျမတို့ မြန်မာနိုင်ငံကလူတွေဟာ အစိုးရအဆက်ဆက်ရဲ့ အနှိပ်စက်နဲ့ အလိမ်အညာတွေကို အမျိုးမျိုးအဖုံဖုံ ခံရဖန်များတော့ စဉ်းစား ဆင်ခြင်ဥာဏ်တွေ ထွင်ဥာဏ်တွေမှာ ပို အားသာ လာကြတယ်။

ခုလည်း NO))))))) လို့ အော်နေကြရာကနေ၊ နယ်ဘက်က ကျေးလက်နေ ရိုးသားလှတဲ့ လူထုကြီးက အမှတ်မှားပြီး မဲပေါ်မှာ 'NO'လို့ ရေးမိရင် ပယ်မဲတွေ ဖြစ်ကုန်မှာစိုးလို့တဲ့ IC... လို့ ပြောင်းအော်ကြရပြီ။ IC ဆိုတာ ဘာလဲလို့ မေးကြည့်ုတော့ Iron Cross လေ... တဲ့။ Cross တောင်မှ ရိုးရိုး Cross မဟုတ်ဘူးနော်.. ပိုင်ပိုင်နိုင်နိုင် ခိုင်ခိုင်မာမာ ထင်းထင်းလင်းလင်းရှိတဲ့ သံမဏိကြက်ခြေခတ် Iron Cross ပါတဲ့။ ဒီလိုနဲ့ ဒီတရက်နှစ်ရက်မှာပဲ တနိုင်ငံလုံး တီးတိုးတီးတိုးနဲ့ ပျံ့နှံ့သွားတာက IC တဲ့လေ။ IC ဆိုရင် ကြက်ခြေခတ်ရမယ့် ကန့်ကွက်တဲ့ အမှတ်အသားလို့ သိပြီတဲ့။ (No အဖွဲ့ပြီးတော့ Iron Cross အဖွဲ့တွေ မျက်ခမ်းခပ်လှုပ်လှုပ် ဖြစ်နေတော့မယ်)

ဒါပေမဲ့ လူထုကြားမှာတော့ IC, IC နဲ့ ပိုပြီး လူပြောများလာတာတော့ အမှန်ပါပဲ..။ မကောင်းဘူးလား.. :P ။ ကျမကတော့ ဒီလောက် ခက်ခဲလှတဲ့ အနေအထားထဲမှာတောင် ရသလောက်အတိုင်းအတာကြားက အချင်းချင်း အမျိုးမျိုး စည်းရုံးရေးဆင်းနေကြတဲ့.. Message ပေးနေကြတဲ့ ပြည်သူလူထုကို လေးစားဦးညွှတ် နေမိပါတယ်။

ကျမတို့ ပြည်သူများ ကြိုးစားရကျိုးနပ်ပါစေလို့လည်း ဆုတောင်းနေမိပါတယ်..။

Wednesday, April 23, 2008

Saturday, April 19, 2008

ဘာကြောင့် NO ရမှာလဲ...

ဒီတလောမှာ ပြည်တွင်းမှာ ရှိနေတဲ့ ကျမရဲ့စာဖတ်ပရိသတ်တချို့က ခုလာမယ့်မေလ၁၀ရက်နေ့မှာ လုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးဆန္ဒခံယူပွဲ (စစ်အုပ်စုကတော့ ခပ်တည်တည်ပဲ ထောက်ခံပွဲလို့ သုံးနေပါတယ်) နဲ့ ပတ်သက်ပြီး တော်တော်များများ မေးကြတာတွေ ရှိပါတယ်။ ခုဆို သိပ်ကို နီးကပ်လာပါပြီ။ ခုချိန်ထိတော့ ပြည်သူလူထုတော်တော်များများက မဲဘယ်လိုထည့်ရမယ်.. အဲဒီမဲထည့်ချိန်မှာ ဘယ်လောက် လုံခြုံမှုရှိမယ်.. တကယ်အမှန်အတိုင်းအဖြေထွက်ပါ့မလား.. ဆိုတဲ့ သံသယတွေ၊ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေကြ ဆဲပါ..။ တချို့ကတော့ ဘာကြောင့် ကန့်ကွက်သင့်သလဲဆိုတာကို အရှင်းဆုံးပြောပြပေးပါလို့ တောင်းဆိုလာ ပါတယ်။

ဟုတ်ပါတယ်..။ တကယ်တော့ သူတို့ Constitution ထဲမှာ ကန့်ကွက်ရမယ့် သဘောမတူစရာအချက်တွေ အများကြီးပါ..။ ဒါပေမဲ့ ပြည်သူလူထုအများစုကြီးက အဲဒီ Constitution မူကြမ်းဆိုတာကြီးကို သေချာဖတ်ခွင့်လည်း မရကြတာမို့လို့ ကျမတို့ နိုင်ငံထဲက (မဲပေးခွင့်ရှိပြီဖြစ်တဲ့ လူငယ်တွေ အပါအ၀င်) သာမန်ပြည်သူလူထု အနေနဲ့ အလွယ်တကူနားလည်အောင် ပြောဖို့ ကျမစဉ်းစားပါတယ်..။ အဲဒီအခါ ကျမရဲ့ခံစားချက်အရ အလွယ်ဆုံး အရှင်းဆုံး ဖြစ်နိုင်တဲ့ အဖြေ၃ခုကို တွေ့ပါတယ်။ အဲဒါတွေကတော့..

(၁) နအဖရဲ့ Constitution ဟာ ဒီမိုကရေစီအစိုးရ (ပြည်သူလူထုအပေါ် တရားဥပဒေနဲ့အညီ အုပ်ချုပ်မယ့် အစိုးရ)တစ်ရပ် ပေါ်ပေါက်စေရပါမယ်လို့ အာမခံထားတာ (လုံးဝ) မပါပါဘူး။ (ဒါကြောင့် ခုလက်ရှိ မတရား သဖြင့် နိုင်လိုမင်းထက် ညှင်းပမ်းနှိပ်စက်ပြီး အုပ်ချုပ်နေတဲ့ စစ်အစိုးရမျိုးသာ ဆက်ရှိသွားမယ့် အခြေအနေမျိုး သာ ဖြစ်နေပါတယ်)

(၂) မြန်မာနိုင်ငံကို ၁၉၆၂ခုနှစ် ကတည်းက (တကယ်တမ်း နိုင်ငံအုပ်ချုပ်ရေးနဲ့ ပတ်သက်စရာ မလိုပါဘဲနဲ့) ဗိုလ်ကျစိုးမိုးအုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကသာ ဆက်ကြီးစိုးပြီး တရားဝင် အုပ်ချုပ်ခွင့် ရအောင် ရေးဆွဲပေးထားတဲ့ Constitution ဖြစ်ပါတယ်။

(၂) ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီစနစ်အရ ကိုယ့်ဘ၀ကို လွတ်လပ်စွာ ဖန်တီးခွင့်၊ လွတ်လပ်စွာ နေထိုင်ပြောဆိုခွင့်နဲ့ ဘ၀တည်ငြိမ်အေးချမ်းလုံခြုံရေးကို အာမခံထားတာမျိုး (လုံးဝ)မရှိတဲ့အပြင်၊ လောလောဆယ်မှာကိုပဲ တကယ်တမ်း လူထုက ဝေဖန်သုံးသပ်ရမှာဖြစ်တဲ့ အဲဒီ Constitution ကို ဝေဖန်ရင်တောင် ထောင်ချ အပြစ်ပေးမယ်လို့ တရားဝင်(အရှက်မရှိ)ခြိမ်းခြောက်ရဲတဲ့.. တကယ်လည်း အပြစ်ပေးတာတွေ လုပ်နေတဲ့ အစိုးရမျိုးက သူတို့ဆက်လက်တည်မြဲရေးကို ဦးတည်ပြီး ပြဋ္ဌာန်း ရေးဆွဲတဲ့ Constitution ဖြစ်နေလို့ပါပဲ။

နောက်ထပ် ကျမနဲ့ မေးကြဆွေးနွေးကြတာတွေထဲက အရေးကြီးတယ်ထင်တဲ့ အချက် တချို့ကိုလည်း ပြောပြချင်ပါတယ်။

- NO ရင် ဘာဆက်ဖြစ်မလဲ..

-လူထုရဲ့ NO တွေကို သူတို့က YES လုပ်ပစ်ရင်ဘယ်လိုလုပ်မလဲ...။

အဲဒီမေးခွန်းတွေကို ကျမကတော့ ဥပဒေပညာရှင်မဟုတ်ဘဲ စာရေးဆရာတယောက်ရဲ့ ခံစားချက်နဲ့ပဲ ဖြေဖြစ်ခဲ့ပါတယ်။

ကဲ.. NO ရင် ဘာဆက်ဖြစ်မလဲ..

လူထုရဲ့ ဆန္ဒအမှန်အတိုင်း NO .. လို့ အဖြေထွက်ခဲ့ရင် တရားဥပဒေဘောင်ထဲကနေ မတရားအစိုးရကို ပြုတ်ကျတဲ့အထိ တိုက်လို့ရတဲ့ နည်းတွေ အစုံသုံးပြီး ရှေ့ဆက်ပြီး ကြိုးစားတိုက်ပွဲဝင်သွားရမှာပါပဲ။ အရေးကြီးတာက ဒီပွဲမှာ စစ်အုပ်စုဘက်က ဒီလောက် ခြိမ်းခြောက်နေတဲ့ကြားကနေတောင် သူတို့ကို လက်မခံကြောင်း လူထုကြီးက ပြရဲတယ်ဆိုတဲ့ အဖြေကို ကမ္ဘာသိ.. အဲဒီ စစ်အစိုးရအသိ ဖြစ်သွားဖို့ပါပဲ..။ ဒီနေရာမှာ ကျမတို့ ရင်ဆိုင်နေရတာက ပညာတတ် လူယဉ်ကျေးတွေမဟုတ်တဲ့အတွက် ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်ဆိုတဲ့ ပညာတတ် လူလိမ်မာစကားတော့ သုံးလို့မရဘူးပေါ့လေ..။ ဒါပေမဲ့ ပြည်သူလူထုအနေနဲ့ ကိုယ့်ဘက်က တာဝန်ကျေအောင် လုပ်စရာရှိသမျှ.. လုပ်နိုင်တာမှန်သမျှ အစွမ်းကုန်လုပ်ကြရတဲ့အထဲမှာ NO လုပ်ဖို့က လောလောဆယ်မှာတော့ အရေးကြီးဆုံးတာဝန်ပါပဲ..။

-လူထုရဲ့ NO တွေကို သူတို့က YES လုပ်ပစ်ရင်ဘယ်လိုလုပ်မလဲ...။

အဲဒီမေးခွန်းကတော့ ပြည်သူလူထုတရပ်လုံးက မေးနေတဲ့ မေးခွန်းပါပဲ..။ ကျမတို့ရဲ့ အစိုးရဆိုသူတွေက ကလိမ်ကညစ်ကျလွန်းတော့ ဒီပွဲမှာ သူတို့ နည်းမျိုးစုံ သုံးပြီးလိမ်မှာလို့ လူထုက တွေးထားပြီးသား ဖြစ်နေတာပါ။ (အဲဒီ လူတွေ ရှက်တတ်ရင်တော့ သေတာကြာပါပြီ)။ ကျမကတော့ ၁၉၇၄တုန်းက Referendum ကို သတိရနေမိပါတယ်။ အဲဒီတုန်းက ကျမက မဲပေးခွင့်ရတဲ့အရွယ်မဟုတ်သေး။ ဒါပေမဲ့ အဲဒီတုန်းက ဖေဖေ တောက်တခေါက်ခေါက်နဲ့ ပြောတဲ့စကား ကျမ ခုထိမှတ်မိနေပါတယ်။

ကျမတို့ ရပ်ကွက်မဲပုံးမှာ ကန့်ကွက်မဲမရှိလို့ ကြေငြာတော့ ဖေဖေက ရပ်ကွက်ကောင်စီရုံးကို သွားပြီး "ဒီမှာ.. ကျနော်တို့အိမ်က လူ၎ယောက်လုံး ကန့်ကွက်မဲထည့်တာဗျ.. ကျန်တဲ့သူတွေက ကျနော့ကိုလိမ်ရင်တောင် ကျနော်တစ်မဲတော့ ကန့်ကွက်မဲသေချာတယ်.. ခဗျားတို့ မဲလိမ်တာပဲ"လို့ သွားပြောခဲ့တာပါ။ အဲဒီမှာ ကောင်စီလူကြီးက ဖေဖေနဲ့ ခင်ကလည်းခင်နေတော့ "ကျနော်တို့က တစ်မဲနှစ်မဲလောက်တည်း ကန့်ကွက်မဲဖြစ်နေလို့ ထည့်မကြေငြာတော့တာပါဗျာ.. အများစုက ထောက်ခံမဲ ဖြစ်နေတာလေ" လို့ ပြေရာပြေကြောင်း ပြောခဲ့ပါတယ်။ တကယ်လည်း အဲဒီတုန်းက သွားပြောခဲ့တာလည်း အဖေတယောက်တည်း ထင်ပါရဲ့။ (ဒီခေတ်လို အနေအထားနဲ့သာဆို ကျမအဖေ အရိုက်ပဲခံရမလား.. အဖမ်းပဲခံရမလားးး)

အဲဒီတုန်းကလည်း မဲအလိမ်ခံခဲ့ရတာပါပဲ..။ ကျမတို့ လမ်းထိပ် အုတ်ခုံမှာထိုင်ပြီး ညည ဂစ်တာတီးတတ်တဲ့ ဆံပင်ရှည်နဲ့အကိုကြီးတွေဆို အဲဒီတုန်းက ခေတ်စားတဲ့ အောင်ကိုလတ်ရဲ့ မဲရုံကိုသွားကြစို့သီချင်းကို .. "မဲရုံကို မဲရုံကို လာကြလာကြ အမည်းသွားပေးမယ်ကွာ.." လို့တောင် ပြောင်ဆိုခဲ့ကြတာပါ..။ သူတို့လည်း ကန့်ကွက် အမည်းရောင် ထည့်ခဲ့မှာပါ..။ ဒါပေမဲ့ အမည်းတွေ အားလုံး ဖြူသွားခဲ့ပါတယ်။ အဲဒီတုန်းကတော့ လူထုကြီးအနေနဲ့ရော ကမ္ဘာကြီးကပါ ခုခေတ်လောက် သိပ္ပံနဲ့ နည်းပညာတွေ.. နိုင်ငံရေးအသိအမြင်တွေ.. မကြွယ်သေးတာမို့ ကျမတို့နိုင်ငံမှာလည်း လူထုက အလွယ်တကူ အလိမ်ခံခဲ့ရတာပါပဲ။ ဒါပေမဲ့ အဲဒီ အကျိုးဆက်ကြောင့်ပဲ နောက်၁၄နှစ်အကြာ ၁၉၈၈မှာတော့ အကြီးအကျယ် အုံကြွ ပေါက်ကွဲခဲ့တာ မဟုတ်လားး။

ခုကတော့ အရာရာမှာ တိုးတက်နေပြီဖြစ်တဲ့ခေတ်..။ ကမ္ဘာမှာ လူ့အခွင့်အရေးဆိုတဲ့အသံတွေ ကျယ်လောင် နေတဲ့ ကာလ..။ ကျမတို့ပြည်သူတွေ အရင်တခေါက်လို နောက်ထပ် ၁၄နှစ်ကြာစရာ မလိုတော့။ လူထုကြီးရဲ့ NO ဆိုတဲ့ အသံကို အလိမ်ခံရကြောင်း တကမ္ဘာလုံးသိပြီး အဲလိုလိမ်တဲ့အစိုးရကို ပြုတ်ကျသွားအောင် ဘက်ပေါင်းစုံက လုပ်နိုင်မယ့် အခြေအနေတွေက ၁၉၇၄ နဲ့ မတူတော့။ လူထုရဲ့ အသိပညာနဲ့ ဝေဒနာတွေရဲ့ ရေချိန်ကလည်း ၁၉၇၄၊၁၉၈၈တွေထက် အများကြီး အားကောင်းခဲ့ပြီ။

ကျမ ယုံပါတယ်..။
လူထုကြီးကသာ အင်တိုက်အားတိုက် တညီတညွတ်တည်း NO လို့ကတော့ အဲဒီ NO)))))) ဆိုတဲ့ အသံရဲ့လှိုင်းကြီးက မတရားအစိုးရကို ပြုတ်ကျသွားအောင် တွန်းချနိုင်လိမ့်မယ်လို့။

လေးစားလျက်

မေငြိမ်း

ကြေငြာချက်

စာပေါ်မှာ Click ပြီး ဖတ်ပါ..။

Friday, April 18, 2008

ကံကောင်းပါစေ....ရန်ရန်ချန်း

လူတကာ မင်္ဂလာအမှုပြုတဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မင်္ဂလာမရှိတဲ့ လူတွေကတော့ လူတကာအပေါ် ဘယ်လို ညှင်းပမ်းနှိပ်စက်ရမလဲ..ဘယ်လို ကောက်ကျစ်ယုတ်မာရမလဲ ဆိုတာပဲ တွေးနေ ကြံနေ လုပ်နေကြပုံရပါတယ်..။

ခုလည်း Hiphop အဆိုတော် ဇေယျာသော်ကို ဖမ်းသွားပြီးနောက်မှာ မနေ့ကပဲ ဇေယျာသော့်သူငယ်ချင်း ရန်ရန်ချန်း(Acid) ကိုလည်း သားသမီးချင်း ကိုယ်ချင်းမစာ ခေါ်သွားပြန်ပြီလို့ သတင်းကြားရပါတယ်။

နိုင်ငံတော်အစိုးရလို့ နာမည်ခံပြီး အဲလိုပဲ ထင်ကြေးနဲ့ စွတ်ပြီး ဥပဒေမဲ့လုပ်လို့ရသလား..။ မိဘကိုမရရင် သားသမီးကိုဖမ်း.. ခင်ပွန်းမရရင် ဇနီးသည်ကိုဖမ်း.. သူငယ်ချင်းတအုပ်စုအတူတူဆိုဖမ်း.. အဲသလို လုပ်လို့ရသလား..။ မိဘတွေရဲ့ ရင်သွေးတွေ.. ဇနီးမယားတွေရဲ့ ခင်ပွန်းယောက်ျားတွေ၊ လင်ယောက်ျားတွေရဲ့ ဇနီးသည်တွေ.. သားသမီးတွေရဲ့ မိဘတွေကို များစွာကို သူတို့ ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခဲ့တာ မနည်းတော့။ အသက်တွေ ဘ၀တွေ စတေးခံခဲ့ကြရတာ မနည်းတော့။ သူတို့တတွေအတွက် လွတ်မြောက်ရာလမ်းက ဘယ်မှာလဲ..။ ဘယ်အချိန်လဲ..။

ဒီလို လုပ်ချင်ရာကို လုပ်ချင်တိုင်းလုပ်နေတဲ့ အာဏာရူးတွေကို ပွဲသိမ်းမတိုက်နိုင်သေးသမျှတော့ ကျမတို့ နောက်ထပ် ပေးရမယ့် ဘ၀တွေ..အသက်တွေ.. ဘယ်လောက်များများ ရှိနေဦးမလဲ..။ တကယ့် လူငယ်လေးတွေ.. လူတော်လေးတွေရဲ့ အရွယ်တွေ အစတေးခံ နေကြရတာရဲ့ နောက်မှာ ကျမတို့ ဘာလုပ်နိုင်မလဲ..။ အဲဒီအာဏာရှင်တွေကို အံတုဆန့်ကျင်တဲ့ အလုပ်မှန်သမျှ.. ကျမတို့ တတ်နိုင်တာမှန်သမျှကို အယောက်တိုင်းက လုပ်နေကြဖို့တော့ လိုနေပါပြီ။ အနည်းဆုံး သူတို့လိမ်လည်သမျှ.. အနိုင်ကျင့်သမျှကို လူထုက ခံမနေဘူးဆိုတာလောက်တော့ ပြကြရတော့မှာပါပဲ..။

လာမယ့် မေလ၁၀ရက်နေ့ကတော့ စစ်အုပ်စုအပေါ် ပြည်သူလူထုရဲ့ မကျေနပ်မှု အလိုမတူမှုကို ပြဖို့အတွက် 'NO' ကြရမယ့် ရက်ပါပဲ..။ အဲဒါက အာဏာရှင်တစုကို ကန့်ကွက်အပြုတ်တိုက်ရမယ့် တိုက်ပွဲကြီးတခုရဲ့ အစလည်း ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အဖမ်းဆီးအနှိပ်စက်ကို ခံနေကြရတဲ့.. ပြည်သူလူထုအတွက် တိုက်ပွဲဝင်နေကြတဲ့.. ကျမတို့ ချစ်သော ခင်သော လေးစားသောသူတွေကို ငဲ့ညှာတဲ့အနေနဲ့ NO ကြပါစို့..။

Thursday, April 17, 2008

ကလေးတို့ကျောင်း

နှစ်ဆန်းတစ်ရက်နေ့ကတော့ ကျမတို့ ဗမာတွေအနေနဲ့ မင်္ဂလာရှိတဲ့ နေ့ဖြစ်အောင် နေကြတဲ့ အစဉ်အလာ ရှိတဲ့ နေ့ပါ..။

နှစ်ဆန်းတစ်ရက်နေ့ဆို ပူဆွေးရတာ ငိုကြွေးရတာ စိတ်ညစ်ရတာတွေ မဖြစ်အောင် မကြုံရအောင် ကြိုးစား နေထိုင်ကြပြီး၊ စိတ်ချမ်းသာကြည်နူးစရာတွေဖြစ်အောင်တောင် အလှူအတန်းတွေပေးကြ.. သတ္တ၀ါတွေကို ဘေးမဲ့ပေးကြတာတွေကို တတ်နိုင်သလောက် လုပ်ကြတာပါ..။

မနေ့က ၁၃၇၀ပြည့်နှစ်ရဲ့အစ နှစ်ဆန်းတစ်ရက်နေ့။

အဲဒီ မင်္ဂလာနှစ်သစ်တနှစ်အစ ရက်မြတ်မှာပဲ..

ဗမာတွေနဲ့ သမိုင်းစဉ်တလျှောက် ရင်းနှီးပြီးသားဖြစ်တဲ့ ဇင်းမယ်(ချင်းမိုင်)မြို့(ထိုင်းနိုင်ငံမြောက်ပိုင်း)မှာ ဗမာပြည်သားကလေးတွေအတွက် ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးတဲ့ ပညာရေးဘ၀သစ်တစ်ခုကို စနိုင်ခဲ့ပါ တယ်..။


ဇင်းမယ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကွန်ပျူတာပညာ၊ အင်္ဂလိပ်စာ အင်္ဂလိပ်စကား၊ ထိုင်းစာ ထိုင်းစကား၊ မြန်မာစာ မြန်မာစကား က အစ.. အသက်မွေးဝမ်းကျောင်းအတွက် စက်ချုပ်ပညာအထိ သင်ပေးတဲ့ ကျောင်းတကျောင်း ရှိပါတယ်။ ပညာရေးပိုင်းဆိုင်ရာနဲ့ ပါရဂူဘွဲ့ယူထားတဲ့ ဒေါက်တာသိန်းလွင်က ဦးဆောင်ပြီး ဗမာပြည်သားတွေအတွက် စေတနာအဓိကထားပြီး ၀ိုင်းပံ့ပိုးပေးးကြတဲ့ ၀ါရင့် ကျောင်း ဆရာကြီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကျောင်းကြီးပါ..။ အဲဒီကျောင်းကြီးကပဲ ဆရာဖြစ်သင်တန်း တွေလည်း အများကြီး ပေးနိုင်ခဲ့ပြီးပါပြီ။ အဓိက စိတ်ဝင်စားစရာ ကောင်းတာကတော့ ဒေါက်တာသိန်းလွင် ဦးဆောင်တဲ့ အဲဒီဆရာဖြစ်သင်တန်းဟာ Reading, Writing and Critical Thinking ကို ဦးတည်တဲ့ သင်တန်းတွေ ဖြစ်နေတာပါပဲ။ လက်ရှိမြန်မာနိုင်ငံက ကျောင်းသားတွေအတွက် ရှိသင့်တဲ့ Thinking Classroom ဆီကို ဦးတည်တာပါပဲ။ ဆရာဒေါက်တာသိန်းလွင် အမြဲ စိတ်ကူးပုံဖော်နေခဲ့တဲ့ Thinking Classroom လေးတွေကို ဆရာ့ကို လိုသမျှဝိုင်းကူနေကျဖြစ်တဲ့ ကျမတို့ ဆရာဆရာမတတွေလည်း အိပ်မက်မက်နေခဲ့တာပါပဲ။


ခုတော့ ဆရာဒေါက်တာသိန်းလွင်ကပဲ ဦးဆောင်ပြီးတော့ ကျမတို့အားလုံး အိပ်မက် မက်ခဲ့ကြတဲ့ Thinking Classroom တခုကို အတူတကွ အကောင်အထည်ဖော် ဖြစ်ခဲ့ပါပြီ။ အဲဒီကျောင်းလေးကို နာမည်ပေးဖို့ လုပ်တော့ ဆရာက ကလေးတွေကို ပုံသွင်းတဲ့ သဘော သက်ရောက်တဲ့ နာမည်မျိုး မဖြစ်စေချင်ပါဘူးတဲ့။ ဒါနဲ့ပဲ ၀ိုင်းစဉ်းစားကြရင်းက Children Learning Center(CLC) ဆိုတာလေး ရလာပါတယ်။ ကလေးတွေက သူတို့ စိတ်ကြိုက် သင်ယူခွင့် ဆည်းပူးခွင့်ရမယ့် နေရာလေးပေါ့။ ဗမာလို ပေးကြစို့ဆိုတော့ အလည်ရောက်နေတဲ့ ညီမလေးတယောက်က ကလေးတို့ကျောင်း ဆိုတာလေးကို ရွေးလိုက်တာမှာ အားလုံးအကြိုက် ဖြစ်သွားပါတယ်။


အဲဒီ ကလေးတို့ကျောင်းလေး ဖွင့်ဖို့ ၀ိုင်းလုပ်ကြသူတွေမှာ တကယ်တော့ ပင်ပန်းလှပါတယ်။ ကလေးတွေ အတွက် လေ၀င်လေထွက်ကောင်းကောင်းနဲ့ ပြေးလွှားဆော့ကစားလို့ ရနိုင်လောက်အောင် ကျယ်ကျယ် လွင့်လွင့် ရှိမယ့် ကျောင်းနေရာ ရှာရပါတယ်။ နေရာရပြန်တော့ ကိုယ်တတ်နိုင်တဲ့ ပိုက်ဆံနဲ့ ကိုက်အောင် စဉ်းစားရ..။ ပြီးတော့ လိုအပ်သမျှ ပစ္စည်းပစ္စယ.. စာရေးကိရိယာ၊ ၀တ်စုံ၊ ကစားစရာအပါအ၀င် သင်ထောက်ကူပစ္စည်းတွေ..၊ ကလေးတွေနေတဲ့ အိမ်နေရာတွေက တနေရာနဲ့ တနေရာ အဝေးကြီးမို့ ကြိုဖို့ ဖယ်ရီကား၊ နေ့တိုင်း နေ့လယ်စာကျွေးဖို့ ဘယ်လိုလုပ်ကြမလဲ....။ ကျောင်းကျန်းမာရေးလည်း လိုဦးမှာ..။ ကလေးတွေအများစုက မြန်မာစကားမတတ်ဘဲ ထိုင်းစကားနဲ့ လူမျိုးအလိုက် မိခင်ဘာသာ စကားတွေသာ တတ်ကြတာမို့ ဆရာတွေ တော်တော် ပင်ပန်းမှာပါ။ ဆရာတွေခမျာမှာလည်း စေတနာနဲ့ အမြဲ ဘယ်လိုလုပ်မလဲ.. တိုင်းတပါးမှာ ရပ်တည် နေထိုင်ရေးက ရှိသေး..။ ဒီတော့ ဥာဏ်ပူဇော်ခလေးတော့ ပေးဦးမှဖြစ်မှာ..။


Funding အနေနဲ့က.. မိတ်ဆွေတွေရဲ့ ကိုယ်ပိုင် အလှူငွေလေးတွေနဲ့ မတည်ပြီး လုပ်ရတာမို့လို့ ငွေကြေးက မလုံလောက်.. ကလေးတွေကို ထိုင်းကျောင်းတွေနဲ့ အဆင့်ညီညီလည်း ထားချင်..။ ဒီတော့ ဆရာဒေါက်တာသိန်းလွင်ခမျာ တွက်ရချက်ရ..။

ပိုဆိုးတာက ကျောင်းလာတက်မယ့် ကလေးတွေဟာ ရွှေ့ပြောင်းအလုပ်သမား မိဘတွေရဲ့ ကလေးတွေ ဖြစ်တဲ့အပြင် တခါမှ ကျောင်းမနေဖူးတဲ့ ကလေးတွေလည်း ဖြစ်တာမို့ ကလေးတွေကို အားမငယ်အောင် စိတ်လက်ပျော်ရွှင်အောင် ဖန်တီးပေးဖို့ အထူး လိုအပ်နေတာပါပဲ။

(ဖယ်ရီအတွက် ၀ယ်လိုက်တဲ့ကားပါ)

ခုတော့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပြီးတော့ ဇင်းမယ်မြို့မှာ ဗမာပြည်သား ကလေးတွေ အတွက် ပထမဆုံးဖြစ်တဲ့ ကလေးတို့ကျောင်းလေးကို ဖွင့်လိုက် နိုင်ပါပြီ..။

ကျမတို့ တိုင်းပြည်ကို စစ်ဘီလူးတွေ ဒီလောက်အကြာကြီး မတရားသဖြင့် အုပ်ချုပ်နိုင်နေတဲ့ အကြောင်းရင်း တွေထဲမှာ ပြည်သူလူထုရဲ့ ပညာရေးအဆင့်အတန်း နိမ့်ကျနေရတာကလည်း တကြောင်း ပါပါတယ်။ ဒါကြောင့် ကျမတို့ရဲ့ ကလေးတွေ ပညာ သေသေချာချာ တတ်ဖို့၊ အထူးသဖြင့် ဝေဖန်ပိုင်းခြား သုံးသပ်နိုင်စွမ်းနဲ့ ယှဉ်တဲ့ ပညာမျိုးကို ရဖို့လိုပါတယ်။ အဲဒါဟာ အနာဂတ် ဗမာပြည် တည်ဆောက်ပြုပြင် ရေးအတွက် အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်တယ်လို့ ကျမတို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်ပဲ ကျမတို့တတ်နိုင်သလောက် အတိုင်းအတာနဲ့ စပြီး ကလေးတို့ကျောင်းကို ဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်..။ အဲဒီကျောင်းလေးနဲ့ပတ်သက်ပြီး လိုအပ်သမျှ လှူဒါန်းကြဖို့လည်း နှိုးဆော်ဖိတ်ခေါ်ပါရစေရှင်..။ လိုအပ်ရင် ဆရာဒေါက်တာသိန်းလွင်ရဲ့ edubur@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။

ကဲ.... ကလေးတို့ကျောင်း ကနေ နိုင်ငံတော်သမ္မတတစ်ယောက်.. ၀န်ကြီးချုပ်တစ်ယောက်.. စာရေးဆရာ တစ်ယောက်.. အတွေးအခေါ်ပညာရှင်တစ်ယောက်.. စသဖြင့် ပေါ်ထွက်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင် ပါသလဲ..။

မေငြိမ်း
၁၃၇၀ပြည့် နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရ

Friday, April 11, 2008

VOTE - NO

တိုက်တိုက်ဆိုင်ဆိုင်.. အီမေလ်ထဲ ၀င်လာတဲ့ ပုံလေးတွေ .. သဘောကျလို့ တင်ပေးလိုက်ပါတယ်..။ NO အဖွဲ့ကို အသုံးချသလိုဖြစ်မှာ စိုးပေမဲ့ အဲဒီ ပိုစတာတွေ လျှောက်ကပ်ပစ်လိုက်ရရင် ကောင်းမှာလို့ တွေးနေမိပါတယ်။




Monday, April 7, 2008

အစားထိုးမရတဲ့ ဆုံးရှုံးမှု

(ပန်းချီ မင်းကျော်ခိုင် ရဲ့ လက်ရာပါ)

ဧပြီ၇ရက်၂၀၀၈ မနက်၈နာရီ၃၇မိနစ်။
အမေမာ(လူထုဒေါ်အမာ) အသက် ၉၃နှစ်။
တိုက်တိုက်ဆိုင်ဆိုင် မနေ့(ဧပြီ၆ရက်)က ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ မွေးနေ့။
ဆရာကြီးက အမေ့မွေးနေ့အပြီး နောက်တရက်မှာ ကွယ်လွန်ဆုံးပါးခဲ့တယ်။
ခု အမေမာကလည်း ဆရာကြီးဒေါက်တာသန်းထွန်းမွေးနေ့အပြီးနောက်တရက်မှာပါပဲ။
ပြီးခဲ့တဲ့ ဧပြီလ(၃)ရက်နေ့တုန်းကလည်း အမေတို့လိုပဲ မတရားအစိုးရကို ခေတ်အဆက်ဆက် တောက်လျှောက်တိုက်လာခဲ့တဲ့ သတင်းစာဆရာကြီး အဘ ကြေးမုံဦးသောင်း(အောင်ဗလ) ကွယ်လွန်ခဲ့။ ခုထိ ဈာပနတောင် မကျင်းပရသေးဘဲ ရှိဆဲ..။
အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေက တိုက်တိုက်ဆိုင်ဆိုင်။
ဒီလိုနဲ့ နောက်ထပ် မဟာကြယ်တပွင့်... ဒါမှမဟုတ် လမင်းတဆူ.. ကွယ်ပရပြန်ပါပြီ။
ရောက်လာမယ့် တနေ့လို့ သိပေမဲ့ .. ချိန်တန်ပြီလို့ လက်ခံပေမဲ့..
နောက်ထပ် ဘယ်လိုမှ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု။
သတင်းစာဆရာကောင်း၊ စာရေးဆရာကောင်း၊ နိုင်ငံရေးသမားကောင်း၊ မိခင်ကောင်း၊ ပြည်သူကောင်း၊ လူထုရှေ့ဆောင်ကောင်း.. စံပြပုဂ္ဂိုလ်အမွန်... အမေ လူထုဒေါ်အမာကို နှမြောတသစွာ အနူးအညွတ် အလေး ဂါရ၀ပြုပါတယ်..။