Wednesday, March 12, 2008

“ဒီမိုကရေစီအရေးလှုပ်ရှားသူများသို့ ၀ါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း၏ ပန်ကြားချက်”

(ဓာတ်ပုံ - Connie Levett)(ဧရာဝတီ)

ကမ္ဘာ့နေရာအနှံအပြားမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေးရဲဘော်အပေါင်းတို့ ကျနော် လူထုစိန်ဝင်း က နှုတ်ခွန်းဆက် အလေးပြုလိုက်ပါတယ်။

ရဲဘော်တို့...
လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျောက် စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး၊ ဟစ်တလာလည်း သူ့ထက် ကြီးမားတဲ့ အင်အားနဲ့ ချေမှုန်းတိုက်ထုတ်ပစ်လိုက်ရတာပဲ၊ Force out လုပ်ခဲ့ရတာပဲဖြစ်တယ်။ ဖိလစ်ပိုင်က မား(စ်)ကိုစ့် လည်း Force out ပဲ၊ အင်ဒိုနီးရှားက ဆူဟာတိုလည်း Force out ပဲ။

နောက်ပြီးတော့ ကုလသမဂ္ဂကကယ်တင်လို့ လွတ်မြောက်သွားတဲ့နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှ မရှိခဲ့ဖူး ပါဘူး။ အဲဒါကြောင့် Dialouge တို့ လုံခြုံရေးကောင်စီတို့ ဆိုတာတွေနဲ့ စိတ်ကူးယဉ်ပြီး အချိန်တွေ ဖြုန်း မနေကြပါနဲ့။ တိုင်းပြည်က နာလှပါပြီ ပြည်သူတွေ ဒုက္ခရောက်လှပါပြီ။ ဒီအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ ရာစုနှစ်တ၀က်နီးပါး ရှိခဲ့ပါပြီ။ အမြန်ဆုံး ဒါတွေကို အဆုံးသတ်သင့်ပြီ။ ဒီအာဏာရှင်စနစ်ဆိုးကို Force out လုပ်နိုင်တဲ့ Force ကျနော်တို့မှာ လက်ထဲမှာ အသင့်ရှိနေပါတယ်။ အဲဒီ Force က ပြည်သူဆိုတဲ့ အင်အားပဲဖြစ်တယ်။ People power ဆိုတဲ့ Force ထက် ကြီးမားတဲ့ Force ဘယ်မှာရှိမှာလဲ....။

ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးက ရဟန်းရှင်လူ ပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေရဲ့ ဘာမထီတဲ့ သူရဲကောင်းစိတ်ဓါတ်ကိုပြခဲ့ပြီ။ ပြည်တွင်းမှာ ဖိနှိပ်မှုတွေသိပ်ကြီးမားလို့ လူတွေကြောက်နေကြပြီ၊ မထရဲတော့ဘူး၊ မကြွရဲတော့ဘူး... Dialouge နဲ့ အပေးအယူလုပ်ပြီး ပေးသမျှကိုယူကြစို့...လို့ ကြွေးကြော်နေကြတဲ့ အာဏာရှင်ကို မျက်နာချိုသွေးပြီး ရာထူးရာခံလေး တောင်းခံချင်တဲ့လူတွေရဲ့ အသံလည်း လုံးဝ တိတ်ဆိတ် နှုတ်ပိတ်သွားခဲ့ပြီ။

ရဲဘော်တို့...
ဒီအချိန်ဟာ တော်လှန်းရေးတရပ်လုံး အလှည့်အပြောင်းဖြစ်နိုင်တဲ့ အချိန်ကာလ ဖြစ်တယ်၊ ဒီလိုဖြစ်ဖို့ ရွှေဝါရောင်တော်လှန်ရေးက ဖန်တီးပေးလိုက်တာ ဖြစ်တယ်။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ကြီးမားတဲ့ အရှိန်အဟုန်ဟာ ကမ္ဘာတခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဒီအခွင့်အရေးကို မိမိရရ အသုံးချရမယ်။ မြန်မာပြည်သူတွေ ရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ယုံကြည်ကြ။ People power ကို ယုံကြည်ကြ။ အာဏာရှင်စနစ်ကို People power နဲ့ ချေမှုန်းပစ်ကြ။

(၀၈၊ ၀၃၊ ၂၀၀၈)
လူထုစိန်ဝင်း

(ဧရာဝတီမှ အသံကို ကူးယူဖော်ပြသည်)

No comments:

Post a Comment