Thursday, May 31, 2007

ကားစင်

ခုတလော..
ဘ၀ထဲ အလိုမကျနိုင်တာတွေ..
နောင်တ တွေ..
ယူကျုံးမရတာတွေ…
မိဘကို သတိရတာတွေ..
အသက်ရှူ မ၀တာတွေ..
ထွက်ပြေးဝါဒတွေ..
စိတ်ထဲကို လုလုပြီး ၀င်လာနေတယ်။

အဲဒီအခါ
မကြာခဏ သတိရနေကျ ကဗျာတစ်ပုဒ်ကို
ပြန်ထုတ်ရွတ်မိတယ်..။

ခွန်အားမပေးနိုင်ပေမဲ့
ဘ၀ကို သံဝေဂ ရစေတဲ့ ကဗျာလေးပါ..။


ကားစင်

မနက်ဖြန်ဆိုတာ
ထိုးထောင်ထွက်လာမယ့်
ဆံပင်ဖြူတစ်ချောင်းသာ။

အိပ်ကပ်ထဲလက်မနှိုက်ရဘဲ
တောင်းဆိုခြင်းလဲ ကင်းမဲ့စွာ
လောကမှာ
ငါအလကားရခဲ့တာဆိုလို့
နှစ်ခုတည်းရှိရဲ့..
အဲ့ဒါက
ဘ၀နဲ့ ဒုက္ခလေ…။

စစ်သည်တစ်ယောက်ရဲ့
တိုက်ပွဲပြီးကာစ
စစ်တလင်းလိုမြင်ကွင်းမျိုး
တကယ်တမ်း
ဘုရားသခင်နဲ့ ချစ်သူရှိမနေတဲ့
အခန်းကျဉ်းငယ်ထဲမှာ
ငြီးငွေ့ခြင်းနဲ့ ငါ
လက်မထပ်ဘဲ အတူနေခဲ့တာကြာပေါ့။

ဖြစ်တည်မှု
ဟော့ဒီခွေးခြေပုပေါ်က
ခြေချော်ကျမယ့်နေ့တစ်နေ့ကို
ရပ်စောင့်နေခဲ့ရ ။

မွေးဖွားခြင်းတဲ့…
ငါ့လည်ပင်းမှာ
စွပ်ပြီးသားကြိုးကွင်းတစ်ကွင်းရှိတယ်။

(သစ်ကောင်းအိမ်)

အဲဒီကဗျာလေးက ၁၉၉၅တုန်းကတည်းက မဂ္ဂဇင်းမှာပါခဲ့တဲ့ ကဗျာလေးပါ။
ဟန်သစ်မဂ္ဂဇင်းထဲမှာ ထင်တာပဲ..။
အဲဒီတုန်းကတည်းက မြန်မာပြည်မှာ
လူငယ်တွေ လူလတ်တွေရဲ့ စိတ်ထဲက ဖိစီးမှုတွေကို
အဲဒီကဗျာက ပြနေတယ်လို့ ကျမ ခံစားခဲ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီ နယုန်လပြည့်နေ့မှာ..
ကျမလည်ပင်းမှာ ကြိုးကွင်းအစွပ်ခံခဲ့ရတာ ၄၂နှစ် ပြည့်ပါတယ်။
(အဖေနဲ့ အမေကတော့ အဲလိုဖြစ်စေတော့လို့ မွေးခဲ့တာမဟုတ်တာလဲ သေချာပါတယ်..)

မေငြိမ်း(၃၁မေ၂၀၀၇)


4 comments:

  1. အန်တီရေ...
    အန်တီ့ မွေးနေ့မှန်း မသိလို့ မွေးနေ့ဆုတောင်းကို မလုပ်ဖြစ်ဘူး...
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆန္ဒပြုပါတယ်...

    ReplyDelete
  2. သမီးရေ..
    ဆုတောင်းပေးတဲ့အတိုင်း ပြည့်ပါရစေရှင်..
    တကယ်က
    ဗမာလို မွေးနေ့ဆိုတော့ ကိုယ်တိုင်လဲ မေ့နေတာ..
    မေဓါဝီလေး ရေးမှ နယုန်လပြည့်မှန်းသိပြီး
    သတိရတော့.. မိုးတောင် ချုပ်တော့မှာ..
    ဒါပေမဲ့ အတော်ပါပဲ..
    အန်တီက လပြည့်ည ၁၀နာရီမှာ မွေးတာလေ။
    အန်တီမေငြိမ်း

    ReplyDelete
  3. အမရေ …
    မနေ့ထဲက ဒီကဗျာလေး ဖတ်ရပေမယ့် ချက်ချင်းကွန်မန့် မရေးဖြစ်ခဲ့ဘူး။
    ကဗျာလေးက တော်တော်လေး ထိလို့ပါ။
    ကဗျာဆရာပြောသလို ညီမလည်း အလကားရတာ ၂ ခုပဲ ရှိခဲ့တယ်။
    ဒီကဗျာလေး ဖော်ပြပေးတာ ကျေးဇူးပါနော်။
    ဒါနဲ့ ညီမ ဘလော့ကိုဖတ်ပြီးတော့ အမမွေးနေ့ကို သတိရတယ်ဆိုလို့ ဂုဏ်ယူမိသွားတယ်။
    လပြည့်နေ့မှာ မွေးဖွားတဲ့သူတွေဟာ ထူးခြားတယ်လို့ ကြားဖူးတာပဲ။
    အမက နယုန်လပြည့်နေ့မှာ မွေးတာ ဆိုတော့ … ပိုထူးခြားပါတယ်။
    နယုန်လပြည့်က ငြိမ်းချမ်းရေးနေ့တဲ့။
    ဒါကြောင့်ပဲ အမနာမည်က မေငြိမ်း ဖြစ်နေသလား မသိဘူးနော်။
    ငြိမ်းချမ်းရေးနေ့မှာ မွေးဖွားတဲ့ အမ မေငြိမ်း … ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်ပါစေ … ကိုယ်တိုင်လည်း ငြိမ်းချမ်းပါစေ လို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ် … ။

    ချစ်ခင်စွာဖြင့်
    မေဓာဝီ

    ReplyDelete
  4. ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်မေ..
    တကယ်လဲ ငြိမ်းချင်တာပါ..
    ပြီးတော့
    အမတို့အားလုံးတူတူပါပဲ..
    အဲဒီ၂ခုပဲ အလကားရကြတာ…..
    ဘာပဲဖြစ်ဖြစ်
    မေတောင်းပေးတဲ့ ဆုနဲ့တော့ ပြည့်ပရစေ…

    ReplyDelete