Sunday, November 4, 2007

ဖြန့်ဝေခြင်း(၅၉)

စက်တင်ဘာမှာ သေသွားခဲ့တဲ့ ကျမရဲ့ စာရေးချင်စိတ်တွေ ခုထိ ပြန်မရှင်နိုင်သေး။ အဲဒီတုန်းက 'ကျနော်လည်း ကဗျာရေး မရဘူး..အမကြီးရာ..' ဆိုတဲ့ ကျမမောင်လေး သစ်ကောင်းအိမ်က ခုကျတော့ဖြင့် ကဗျာတွေ တပုဒ်ပြီး တပုဒ် ရေးချင်နေတာပဲတဲ့။ ကောင်းလိုက်တာ.. ကျမ ဘလော့ကလေး အိပ်ပျော်မနေတော့ဘူးပေါ့၊ သစ်ကောင်းအိမ်ဟာ ကျမသိပ်ကြိုက်တဲ့ ကဗျာဆရာတွေထဲမှာ တယောက်အပါအ၀င်ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကဗျာတွေ ကျမဘလော့မှာ တင်ရတာ ကိုယ်တိုင် စာရေးဖြစ်ရသလို စိတ်ချမ်းသာပါတယ်။



ဆောင်းဦးပေါက်ကွင်းပြင်မှာ ရွှေဝါရောင်စပါးတွေ ၀င်းမှည့်နေပြီ ညီမလေး


ငါတို့ ကိုးကွယ်တဲ့ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့ ဦးညွတ်တဲ့တရားကို
လှံစွပ်နဲ့ထိုးသူ
ငါတို့ ၀ပ်တွားတဲ့ ၀တ္တကမြေကို
ကျည်ဆံနဲ့ မီးလောင်တိုက်သွင်းသူ

လမ်းဘေး
တွေ့ရာအုတ်ခဲနဲ့ ငါတို့ပြန်ထုတယ်

ဒါ ... အကြမ်းဖက်မှုလား

ကြမ်းကြမ်းဖက်ထားကြ
ငါတို့ရွက်တွေကို

ကြမ်းကြမ်းဖက်ထားကြ

ကြမ်းကြမ်းဖက်ထားကြ
ငါတို့တက်တွေကို

ကြမ်းကြမ်းဖက်ထားကြ

ရန်သူကို ရန်သူလို့ မခေါ်နဲ့ဆို
ငယ်ငယ်က ဖတ်ဖူးတဲ့ကာတွန်းထဲက လူရိုင်းတွေလို

ယူသန် .. ယူသန် .. လို့

အော်မယ်

မစ္စတာဘန်ကီမွန်းရေ ...
အသက်ကယ်ဘောမပါတဲ့ကမ္ဘာကြီးထဲ

ဘီကီနီမ၀တ်ဘဲ

ရေနစ်နေတဲ့ခေတ်တစ်ခေတ်ဟာ

ငါတို့ဖြစ်တယ်

မြင်ကွင်းတွေဟာ ဟင်းလင်းပဲ

ဆောင်းဦးပေါက်ကွင်းပြင်မှာတော့
ရွှေဝါရောင်စပါးတွေ

ဝင်းမှည့်နေပြီ ညီမလေး ။

သစ်ကောင်းအိမ်
( ၄ – ၁၁ – ၂၀၀၇ )

မနက် ၃နာရီ ၁၅ မိနစ်

2 comments:

  1. မစ္စတာဘန်ကီမွန်းရေ ...
    အသက်ကယ်ဘောမပါတဲ့ကမ္ဘာကြီးထဲ
    ဘီကီနီမ၀တ်ဘဲ
    ရေနစ်နေတဲ့ခေတ်တစ်ခေတ်ဟာ
    ငါတို့ဖြစ်တယ်
    very good words,

    ReplyDelete
  2. is it poem???????
    :).....

    ReplyDelete