Thursday, June 21, 2007

ကြယ်နှစ်ပွင့်…

Vangoh - Starry Night

တကယ်တော့ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။
ကြယ်တွေစုံတဲ့ ကမ္ဘာထဲက ကြယ်နှစ်ပွင့်ဆိုတာကိုပဲ ရည်ရွယ်ခဲ့တာပါ။

ခင်မင်းဇော်နဲ့ မေငြိမ်း

+++++

ကိုယ့်နိုင်ငံထဲ ဘယ်လိုမှ နေမရတဲ့အဆုံး ငါတို့သွားကြစို့.. ဆိုပြီး အတူလက်တွဲထွက်ခဲ့ကြတာ… တတွဲကြီး..။ ကျမရထားက ခေါင်းတွဲကြီး အပါအ၀င်ငါးတွဲ..။ သူ့ခမျာကတော့ နှစ်တွဲ..သူ့ခေါင်းတွဲနဲ့ သူမချိတ်ရတာ ၇နှစ်ကြာခဲ့ပြီ။ ခုမှ.. ခေါင်းတွဲကြီးရှိရာဆီ။

ခင်မင်းဇော်နဲ့ သူ့ရထားခေါင်းတွဲကြီး စချိတ်ခဲ့စဉ်က

+++++

မေငြိမ်း.. နင်တို့ ဖြစ်ပါ့မလား..
အခန့်မသင့်ရင် တောထဲတောင်ထဲနေရမှာ ထင်တယ်နော်..တဲ့။

သူက ကျမတို့မိသားစုကို စိတ်ပူတာ။
နင်က စခန်းက ကလေးတွေကို စာသင်ပေါ့ တဲ့။

တခုခုတော့ အဓိပ္ပါယ်ရှိမှာပါဟာ..တဲ့။

ကျမက ကိုယ့်နိုင်ငံထဲ ထောင်ကျရင်ကျ မကျရင်လဲ

ကိုယ်လုပ်ချင်တာ မလုပ်ရ..ကိုယ်မလုပ်ချင်တာလုပ်ရလို့ စိတ်ကျမှာ။

ထူးပါဘူးဟာ.. ငါ ဘာပဲ လုပ်ရလုပ်ရ..ထောင်ထဲလဲ မနေနိုင်ဘူး..

သစ္စာဖောက်လဲ မလုပ်နိုင်ဘူး..
လို့ ပြောတော့ သူက ကျမကို သေချာကြည့်တယ်။

တောထဲ စခန်းကုန်းကို ရောက်တုန်းက

သူကတော့ နိုင်ငံရေးကြောင့် ထောင်နှစ်ခါကျ။ တိုက်ပိတ်ခံရဖူး။ တောခိုဖူး ။ တိုက်ပွဲတွေကြားထဲ ပြေးလွှားဖူး။ တောထဲတောင်ထဲ ကလေးမွေးဖူး.. ကလေးဆုံးဖူး။ ကလေးငယ်ငယ် ရင်ခွင်ပိုက်လေးနဲ့ ထောင်ထဲ နေဖူး။ အဲဒီအပြင် နဲနဲမှ မကြောက်တတ် မငိုတတ် နောက်ဆုတ်မပြေးတတ်။ အင်မတန် အသည်းမာတဲ့ ပြတ်သားတဲ့ မိန်းမ။

သူကလဲ ကျမအကြောင်းကို ကောင်းကောင်း သိတယ်။ ကျမ ခေါင်းမာသလောက် စိတ်ပျော့တာ။ ခံစား ကြေကွဲ တတ်တာ။ တခါမှ ဆင်းရဲဒုက္ခ သိပ်မရောက်ဖူးတာတွေ သိတော့ သူ ကျမကို စိတ်မချတာ.. ကျမသိတာပေါ့။ သူက ကျမထက် တပတ်ငယ်ပြီး သူကသာ အမကြီးလို ခုထိ ပူပန်တုန်း။ ကျမ သူ့ဆီသွားရင် ကျမကို ကလေးလို အစအဆုံး လုပ်ကိုင်ပေးတုန်း။ ကျမကို ထိရင် သူကနာ..။ သူ့ကို ထိရင် ကျမက နာ..။ နှစ်၂၀နီးပါးမှာ ကျမတို့ တခါမှ စိတ်အခန့်မသင့် မဖြစ်ခဲ့ဖူး။ ကျမစိတ်ထဲမှာ သူ့မိသားစုသာ ကျမအတွက် တွယ်ရာသွေးသား။

+++++

ဘ၀မှာ မိတ်ဆွေကောင်း မိတ်ဆွေစစ်တွေ ရှိတာလောက် ချိုမြိန်တာမရှိ။ ပြီးတော့ ကိုယ့်ကို ကိုယ်ချစ်သလို ချစ်တဲ့ သူငယ်ချင်းမျိုး ရှိတာလောက် စိတ်အားရှိတာ မရှိ။

ကျမ ပိုက်ဆံမရှိပေမဲ့ အဲလို မျက်စေ့စုံမှိတ် ချစ်နိုင်တဲ့သူတွေ ရှိတာကို စိတ်ချမ်းသာလှပါတယ်။ ကျမနဲ့သူက အမြဲ တတွတ်တွတ်..အရာရာတိုင်ပင်..။ ကျမတို့နှစ်ယောက်က ဇာတိဇစ်မြစ် ပုသိမ်ချင်းလဲ တူ။ ကျင်လည်ရာ ပတ်ဝန်းကျင်ကလဲ တူ။ ဒီတော့ နှစ်ယောက်နေ့တိုင်း ပြောနေရလဲ စကားက ဘယ်တော့မှ ပြောမကုန်။

ဒါပေမဲ့ သူကတော့ နိုင်ငံရေးအတွက် မွေးလာသလို.. သူ့အတွေးအခေါ်တွေက ထက်မြက်တာ။ ကျမကတော့ အနုပညာသမား ပိုဆန်တာမို့ ခံစားချက်ကဲ။ ဒီတော့ သူ့လို နိုင်ငံရေးကို ရင်မဆိုင်တတ်။ သူနဲ့ ကျမက စိတ်တူ ကိုယ်တူ.. သဘောထားတူ..။ ဒါပေမဲ့ ခံနိုင်ရည်သတ္တိအရာမှာ သူက ပိုသာ။ မဟုတ်မခံ ရင်ဆိုင်တာမှာ သူက ပိုသာ။ အများနဲ့ ပတ်သက်ပြီး မှားနေတဲ့သူတွေ၊ အပြစ်ရှိနေတဲ့ သူတွေကို ဝေဖန် တုံ့ပြန်ရာမှာလဲ သူက ပိုသာ။ ဒါနဲ့ပဲ ကျမက သူ့ကို စိတ်ပိုင်းဆိုင်ရာအရ အားကိုးနေမိတာ။ ဘာလေးမဆို သူနဲ့ တိုင်ပင်မှ ဆုံးဖြတ်ချက်ကျ။

ဒီဘက်မြေမှာ ဘာလိုသလဲ ကြည့်ပြီး ကျမတို့နှစ်ယောက် တခုခုလုပ်စို့လို့ တိုင်ပင်တော့ မြန်မာစာအရေးအသား အမှားအယွင်းတွေ များတာကို နှစ်ယောက်လုံး ခံစားရရာက စာတည်းလုပ်ငန်း ကြေငြာဖြစ်ပါတယ်။ နှစ်ယောက်သားစိတ်ကူးပြီး နာမည်ကို ကြယ်နှစ်ပွင့်လို့ ရွေးဖြစ်ပါတယ်။

ကျမတို့ကို ကူညီချင်တဲ့ မိတ်ဆွေတွေက သူတို့ရဲ့ မဇ္ဈိမသတင်းစာမှာ အလကား ကြော်ငြာပေးတာ.. လပေါင်းများစွာ။ ခတ်ပြိုင်ကလဲ ကြော်ငြာပေးတာ။ ဒါပေမဲ့ ဘာလို့လဲ မသိ။ တခါမှ အလုပ်အပ် မခံရတာ ဒီနေ့ထိ။
(ကျမတို့ အကိုလိုဖြစ်နေတဲ့ ကိုလွမ်းဏီ(ABSDF) ကတော့ အဲဒါကို အမြဲ စတယ်။ နင်တို့ နှစ်ယောက်က ကြယ်နှစ်ပွင့်ဆိုတာ ဟုတ်သား.. စွာကျယ်နဲ့ အာကျယ်တဲ့.. ဒါကြောင့် အလုပ် မရတာ နေမှာ.. တဲ့။) (ဟီး..ဟုတ်ချင်လဲ ဟုတ်မှာ) ကျမတို့က အဲလိုလဲ လူချစ်လူခင် ပေါသေးတာ..။

ပိုက်ဆံအများကြီး အကုန်ခံပြီး ထုတ်ရတဲ့ စာအုပ်တွေထဲ အမှားတွေ ဗရပွ။ တချို့စာတွေ ဗမာလို ရေးထားတာ ဗမာက ဖတ်လို့မှ နားမလည်။ ကျမ နဲ့ သူ သက်ပြင်း တချချ။

နောက်တော့ အင်မတန် စာဖတ်တဲ့၊ အတွေ့အကြုံများတဲ့ သူက ကိုယ်တိုင် စာရေးချင်လာတယ်။ စာရေးဖို့ ကျမ ၀မ်းသာအားရ တိုက်တွန်း။ ဒါနဲ့ပဲ စေတနာနဲ့ အရည်အသွေးခံ ရှိပြီးသား ခင်မင်းဇော် ရဲ့ စာတွေကို ဖတ်ရ တော့တာ။

+++++

လမင်းကြီးကတော့ မသာလည်းတ၊ သာလည်းတ တဲ့။ ကျမက ည ကို ကြိုက်တယ်။ လသာညကို ပိုကြိုက်တယ်။ ပြီးတော့ ကြယ်တွေစုံတဲ့ညကို ကြိုက်တယ်။ အဲဒီအခါ လသာညထဲက ကြယ်တွေကိုကျတော့ ချစ်တယ်။

ကြယ်လေးတွေက လမင်းရဲ့ အလင်းကို ခြံရံပေးတဲ့၊ လမင်းရဲ့အလှကို ဖြည့်စွက်ပေးတဲ့ အင်အားစုလို့ ကျမ ခံစားရတယ်။ လောကကို ချစ်ခြင်းမေတ္တာနဲ့ ကြည့်တတ်တဲ့သူတွေအတွက် ဆိုရင်တော့ မြို့မငြိမ်းသီချင်း ထဲကလို

ကြယ်လေးတွေ ချစ်စရာ အပြာရောင်ကောင်းကင်မှာ
သူတို့ကို ပြုံးရင်း တလုံးချင်း ကြည့်နေပါ..
မကြာခင် ပြန်ကာပြုံးလို့ သူတို့လဲ ကိုယ့်ကိုခင်ကာ..
ပြုံးတုံ့ပြုံးလှယ် ကျီစယ်ရှာ။

ကြယ်လေးတွေကလဲ မိတ်ဆွေတွေ ဖြစ်နေမှာပါ..။
ဒါကြောင့်ပဲ လမင်းလို မသာနိုင်တောင် လမင်းကို ခြံရံ အားပေးတဲ့ ကြယ်လေးတွေ... ကျမတို့ ဖြစ်ချင်တယ်။

Vangoh-Starry Night

+++++

သေချာတာကတော့
ကြယ်တွေ စုံညီတဲ့ညက ပိုလှတာတော့ အမှန်။

မေငြိမ်း(ဇွန် ၂၁)
(ချစ်တဲ့ ခင်မင်းဇော်မွေးနေ့ အမှတ်တရ)

5 comments:

  1. ဆရာမရေ
    ဆရာမသူငယ်ချင်းအတွက် မင်္ဂလာမွေးနေ့ဖြစ်ပါစေလို့ဆုတောင်းပါတယ်။
    ရိုသေစွာ..
    ဇနိ

    ReplyDelete
  2. မေငြိမ်းရေ
    ငါမှာလည်း ငါးချဉ်တုံးကြီးဖြစ်လို့ ။
    ကလေးတွေက ကြော်ငြာထိုးတာ သဘောကျပြီး
    စခန်းကုန်းဆီလာချင်တယ်ပြောနေဦးမယ်။
    ချစ်တဲ့ စွာကျယ်

    ReplyDelete
  3. အမရေ .. မခင်မင်းဇော်ရဲ့ ဘလော့ကို အမလင့်ခ်ပေးလို့ ဖတ်ရကတည်းက မခင်မင်းဇော်ကို လေးစားမိပါတယ်။
    အမတို့နှစ်ယောက် သိပ်ချစ်ကြတယ်ဆိုတော့ အားကျလိုက်တာ။ အဲဒီလို သူငယ်ချင်းမျိုး ညီမမှာ မရှိဘူး အမရယ်။ လိုတုန်းခဏ အနားလာကြပြီး မလိုတော့ရင် စွန့်သွားတဲ့ သူမျိုးတွေနဲ့သာ ကြုံခဲ့ရပါတယ်။ အမတို့ သူငယ်ချင်း နှစ်ယောက်ကို သိပ်အားကျတာပဲ။
    အမတို့ “ကြယ်နှစ်ပွင့်” လုပ်ငန်း အောင်မြင်ပုံကို ဖတ်ပြီး ပြုံးမိတယ်။ တချို့က ဒါကို အပိုအလုပ်ထင်ကြတာလေ။ အင်မတန်လိုအပ်တဲ့အလုပ်လို့ မသိကြတဲ့ သူက များတယ်။
    အမလိုပဲ ညီမလည်း ညတွေကို နှစ်သက်ပါတယ်။ လသာတဲ့ည၊ လမိုက်တဲ့ည၊ ကြယ်စုံတဲ့ည၊ ကြယ်မလင်းတဲ့ည … ညတိုင်းကို သဘောကျတာချည်းပါပဲ။ ကြယ်တွေစုံပြီး လမင်းသာတဲ့ည ဆိုရင်တော့ အလှဆုံးပေါ့ နော်။ ကျိုက်ထီးရိုးတောင်ပေါ်မှာ အဲဒီလိုညမျိုးကို ကြုံခဲ့ဖူးတယ်။ အိပ်ရမှာ နှမြောလို့ မအိပ်ဘဲ အကြာကြီး ညကိုထိုင်ကြည့်နေမိတာ။

    ReplyDelete
  4. စခန်းကုန်းရှေ့မှာ ရိုက်ထားတဲ့ပုံကို ကြိုက်တယ်...:D

    ReplyDelete
  5. ဆရာမ ရောက်နေတဲ့ နေရာလေးတွေ အရမ်းအေးချမ်းမှာပဲဗျာ။။ ကျွန်တော် သိရသလောက် Thai - Burma Border မှာ သင်ရိုးညွှန်းတမ်း စာအုပ်တွေက ပြည်တွင်းက စာအုပ်တွေထက်တောင် ကောင်းနေပါသေးတယ်။ စခန်းကုန်းဆီ လာလည်ချင်ပါတယ်။ အပြင်လူ ၀င်ခွင့် ထွက်ခွင့်ယူရသေးလား ဆရာမ။

    ReplyDelete