Saturday, June 30, 2007

ဇွန်၃၀

ဒီကနေ့ ဇွန်၃၀…
ကျမရဲ့ကိုယ်ရေးကိုယ်တာဘ၀မှာ
မှတ်မှတ်ရရဖြစ်တဲ့ နေ့စွဲတခုပါ။

ဒီကနေ့မှာ
၃၈နှစ်လုံးလုံး
ဘ၀ကို တစောင်းတိုက်ဖြတ်သန်းခဲ့တဲ့..
ဘ၀ထဲမှာ ပျော်သလိုနေခွင့်ရခဲ့သလောက်
ပျော်ပျော်နေနိုင်ခဲ့ပါလျက်နဲ့... မပျော်တတ်ခဲ့တဲ့
ပြီးတော့ စိတ်လည်း မညစ်တတ်ခဲ့တဲ့..
အနုပညာကလွဲလို့ ဘာကိုမှ စိတ်မ၀င်စားခဲ့တဲ့..
ချစ်ခြင်းမေတ္တာတွေနဲ့ ထိတွေ့ ပတ်သက်ခဲ့ပါလျှက်နဲ့
ချစ်ခြင်းမေတ္တာမှန်း မသိခဲ့တဲ့... လူတစ်ယောက်…
လူ့လောကထဲက ထွက်ခွာသွားခဲ့ပါတယ်။
အင်း.. သူက ကျမရဲ့ ဘ၀တခုမှာတော့
အရေးကြီးခဲ့တဲ့ သူ တယောက်ပါ။
သူက... ကျမသားရဲ့ အဖေလေ။
ပြီးတော့ အဖေဆိုတာဟာ ဘာပဲဖြစ်ဖြစ်
အဖေစိတ်တော့ ရှိကြတာပဲဆိုတာကို ပြောပြချင်တာပါပဲ။
ဒါကြောင့်..သူ့အတွက် အမှတ်တရအနေနဲ့
ကျမရေးခဲ့တဲ့ ၀တ္ထုတိုလေးတစ်ပုဒ် တင်လိုက်ပါတယ်။



အဖေ

(မူရင်းဝတ္ထုတိုက Illustration ပါ ။ ကိုမောင်မောင်သိုက်လက်ရာပါ)

အဖေ့ကို နောက်ထပ် ဘယ်တော့မှ တွေ့ခွင့် မရတော့ဘူး ဟူသည့် ခံစားချက်ကတော့ တကယ့်ကို ဆွေးမြေ့ ကြေကွဲစရာ ဖြစ်ပါသည်။ သားသည် အဖေ့ နောက်ဆုံးခရီးကို ငေးကြောင်ကြောင်သာ ကြည့်နေမိသည်။ အမြဲတမ်း သားကသာ အဖေ့ကို ခွဲချန်ထားခဲ့ နေကျ ဖြစ်သော်လည်း ခုတစ်ကြိမ်မှာတော့ အဖေက သားကို ချန်ထားခဲ့တာ။ ပြီးတော့ ဘယ်တော့မှ ပြန်မလာတော့သော သွားခြင်းမျိုး။ အမှန်အတိုင်း ၀န်ခံရလျှင်တော့ ခုချိန်မှာ သားက အမေ့ကို ဖက်ပြီး ငိုချင်ပါသည်။

တကယ်တော့ သည်အချိန်ကို သား မျှော်လင့်ထားပြီးသားပါ၊ ကြိုသိပြီးသားပါ၊ ကြိုပြင်ဆင် ထားပြီးသားပါ။ အဖေကိုယ်တိုင်လည်း ကြိုသိ ပြင်ဆင်ခဲ့တာပဲ။ ပြီးတော့ ဒါက အဖေ ကိုယ်တိုင် ဖော်ယူ ရွေးချယ်ခဲ့တဲ့ လမ်း။ သားသည် အဖေ့ကို နှမြောစွာ သတိရမိသည်။ သားအတွက် အဖေက နွေးထွေး ချစ်ခင် လှိုက်လှဲမှုမျိုးတွေ မရှိခဲ့သော်လည်း သားကတော့ အဖေရဲ့ ပန်းချီတွေ၊ ကဗျာတွေ၊ ၀တ္ထုတွေ…။ နောက်ဆုံး အဖေ့လက်ရေး စာလုံးတွေအထိ ချစ်မက်ခဲ့တာ။ အဖေသိပါ့မလား။

သားကတော့ ၀န်ခံပါသည်။ သားသည်… ပြီးတော့ မေမေသည် ဖေဖေ့ကို ဖေဖေ့ နှလုံးသားကို မသိခဲ့၊ မမြင်ခဲ့ကြဘူး ဆိုတာ။ သိလိုက် မြင်လိုက်ချိန်ကတော့ သိပ်ကို နှောင်းခဲ့ပြီ ဖြစ်သည်။

+++++

“အဖေ”ဆိုတာကို သား ထဲထဲဝင်ဝင်သိရ၊ လက်ခံရချိန်မှာ သားက တော်တော် သိ နားလည်တတ်သော အသက်ရှစ်နှစ်သား ရှိနေပြီ။ ဒါ သားအဖေ တဲ့။ မေမေ့ထက် ရုပ်ရည် ပြေပြစ် သပ်ရပ်သော၊ ညင်သာ တည်ငြိမ်သော အဖေသည် သားနှင့်တော့ စိမ်းသက်၏။ အဖေ့ကို ကျွမ်းဝင်ရမှာလားလဲ သားမသိ။ ထိုအချိန်မှာ သားနှင့် အဖေတို့အတွက် ကံမကောင်းတာ တစ်ခုက သား ဘ၀ထဲမှာ မေမေ ခေါ်လာခဲ့ပေးသော “ဖေဖေ” ဆိုသည့် ဒုတိယ လူတစ်ယောက်က ရောက်နှင့်ပြီး ဖြစ်နေခဲ့တာပါပဲ။

အဖေ့ကို ကောင်းကောင်း မသိခင်ကတည်းက သားက အိမ်ထောင်ကွဲ မိသားစု ဆိုတာကို ခံစားနေခဲ့ရပြီ။ မေမေနဲ့အတူ ရုန်းကန် ပင်ပန်း ဆင်းရဲ၊ မေမေ့ မျက်ရည်တွေကိုတော့ သားက ရင်းနှီး၏။ နောက်တော့ လူမမာ မေမေ၊ နောက်တော့ လူငယ်လေး တစ်ယောက်၊ သားနဲ့ မေမေရဲ့ ဘ၀ထဲကို ကျွမ်းကျွမ်းဝင်ဝင် ရောက်လာ၊ သားသည် ထိုလူ၏ အပြုအစုကို ခံယူရ၏။ သူက မေမေ့ကိုလည်း ဂရုတစိုက် ပြုစုရ၏။

နောက်တော့ မေမေ့ကို ငဲ့ညှာပြီး သားက သူ့ကို လက်ခံလိုက်တော့သည်။ သားကိုယ်တိုင် မမျှော်လင့်တတ်ခဲ့ သော်လည်း ထိုဒုတိယလူက သားအပေါ် အဖေ တစ်ယောက်လို ဂရုစိုက်သောအခါ အဖေ တစ်ယောက်အပေါ် မချစ်ဖူးသေးသော သားက ထိုလူကို သိပ်မပင်ပန်းဘဲ “ဖေဖေ”ဟု ခေါ်နိုင်ခဲ့သည်။

နောက်မှ သားကိုယ်တိုင် သိရုံသိခဲ့ဖူးသည့် အဖေ့ကို သားက တွေ့ရတော့တာ။ သား စိတ်မကောင်းတာ တစ်ခုက အဲသည် တကယ့်အဖေကို “အဖေ”ဟု ခေါ်ဖို့တော့ သား နည်းနည်း ကြိုးစားခဲ့ရတာကိုပဲ ဖြစ်သည်။

+++++

သားအတွက်တော့ အဖေက အဖေနဲ့သိပ်မတူဘဲ သူငယ်ချင်းနှင့် ပိုတူနေသည်ဟု ထင်သည်။ အဖေက သားကို စကားပြောရင် သူငယ်ချင်းကို ပြောသလိုပဲဟု မေမေ့ကို ပြောပြတော့ မေမေက မဲ့ပြုံးပြုံးပြီး သူက ဒီလိုပါပဲဟု ပြန်ပြော၏။ သားစိတ်ထဲမှာတော့ မေမေက သွက်လက် ဆူပူပြီး အဖေကတော့ လေသံပျော့ပျော့နှင့် အေးစက် မာကျောသော စကားလုံးတွေကို သုံးတတ်သည်ဟု ထင်သည်။ အဖေတကွဲ အမေတကွဲ ဘ၀ကို ၀မ်းနည်းသော်လည်း အဖေနှင့် မေမေ့ကို အတူပေးနေလို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာကိုလည်း သားသိသည်။ အဖေရဲ့ မာနနှင့် အမေရဲ့ မာနက ပမာဏ အတူတူပဲဆိုတာလည်း သားက အသိဆုံးလေ။ ပြီးတော့ မေမေ့မှာက အနားမှာ အစားထိုးသူရှိခဲ့ပြီ။

ဘာပဲဖြစ်ဖြစ် သားအနေနှင့် သိပ်သိပ်သည်းသည်း မတွယ်တာလှသော်လည်း မေမေ့ဘေးက အဲဒီ ဖေဖေ့ကို သဘောကျ လက်ခံနိုင်ပါသည်။ ပြီးတော့ မေမေ စိတ်ချမ်းသာလာတာကို သားကျေနပ်သည်။ ဒါဖြင့်.. အဖေ့အတွက်ရော…။

သား သိသလောက်မှာတော့ အဖေက သီချင်း တအေးအေးဖြင့် ရုပ်ရှင်တွေကြည့်၊ ပန်းချီတွေရေး၊ အရုပ်တွေရေး၊ သူ့ရဲ့ တစ်ကိုယ်တည်း ဘ၀မှာ ပျော်လို့ပါပဲ။ မေမေ့ အပြောအရတော့ အဖေက အနှောင်အတွယ် မကြိုက်သူတဲ့။

မေမေကတော့ “သားအဖေကို လက်ရှိဘ၀မှာ စိတ်ချမ်းသာစေချင်ပါတယ်” တဲ့။ ဘာပဲဖြစ်ဖြစ် နှစ်ယောက် တစ်ဘ၀ကနေ တစ်ယောက်တစ်ဘ၀ ဖြစ်သွားပြီး နောက်မှာ မေမေက အဖေ့ကို တကယ် ပျော်နေစေ့ချင်တာ… အဖေ ယုံမလား။“ဘာပဲဖြစ်ဖြစ် သူဟာ မေမေကြိုက်တဲ့ ကဗျာဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာ၊ ပြီးတော့ သားရဲ့ ဖေဖေတော့ ဖြစ်နေပါသေးတယ်”ဟု မေမေ ပြောဖူးတာလည်း သား အဖေ့ကို ပြန်မပြောပြဖြစ်ခဲ့ပါ။

သားသည် တိတ်တိတ် ကြေကွဲတတ်သူ မဟုတ်သော်လည်း ခုတော့ တွေးနေမိပြီ။ သား ၀န်ခံပါတယ် အဖေ။ အဖေ သားကို ချစ်တတ်ရဲ့လားလို့ တွေးခဲ့ဖူးတာ ၀န်ခံပါတယ်။
+++++

မေမေကလည်း နည်းနည်းတော့ အနိုင်လိုချင်စိတ်ရှိသူဟု သားထင်ပါသည်။ ပြီးတော့ ဒေါသကြီးတာ၊ အပြောဆိုးတာ။ ဒါပေမဲ့ မေမေ့မှာ နူးညံ့တဲ့စိတ်တွေလည်း အများကြီးရှိတာ သားသိသည်။ ဒါဖြင့် အဖေကတော့ မသိခဲ့ဘူးလား။ အဖေနဲ့ မေမေ့ကြားမှာ လွဲချော်မှုတွေ ဘာကြောင့် ဒီလောက် များခဲ့သလဲ။ အဓိက ကတော့ မာန လို့ပဲ သားထင်ပါတယ်။ ဒါပေမယ့် တကယ်ချစ်ရင် လျှော့ကြတာပဲ မဟုတ်လား။ ဒီတော့ အဖေနဲ့ မေမေက တကယ် မချစ်ခဲ့ကြတာလား။ သားရဲ့ အသိဉာဏ်လေးထဲမှာတော့ အဖေရော မေမေရော အပြစ် ရှိကြသည်ဟု တွေးမိပါသည်။

ခက်တာက၊ သားရဲ့ အတွေးကို မေမေက ထောက်ခံသည်။ “မေမေတို့ နှစ်ယောက်လုံး ဆိုးခဲ့ကြတာ အတူတူပါပဲ။ တစ်ခုပဲ… အဲဒီ အဆိုးကို မေမေက ပြင်ချင်ပေမယ့် သားအဖေက မပြင်ချင်ခဲ့ဘူး။ နောက်ဆုံး မေမေ ဆုံးဖြတ်ရ တာ သားအတွက်ပဲ။ သားအတွက် မေမေ့ ဘ၀ကြီးကို ပစ်ချလိုက်တာ” တဲ့။ အဖေကတော့ဖြင့် ဒီနေ့ထက်ထိကို သူ ဆိုးသည်ဟု ၀န်မခံခဲ့ပါ။ ဒါနဲ့ပဲ သားက အဖေ့ အချစ်ကိုလည်း မသိတတ်ခဲ့တာပါ။ သားက ငယ်သေးတော့ ချစ်ကြောင်းကို ထုတ်ဖော်ပြမှပဲ မြင်တတ်တာပါ။

ဒါပေမဲ့ မေမေ… အဖေဟာ ကြိတ်ခံစားတတ်သူလားလို့ သားရော မေမေပါ တခါမှ မတွေးခဲ့ကြဘူး မဟုတ်လား နော်။

+++++

အဲဒီနေ့က ဇွန်လရဲ့ နောက်ဆုံးရက်။ သား ကျောင်းက ပြန်လာတော့ အဖေ့ကို ရုပ်ကလာပ်အဖြစ်သာ တွေ့ရ တော့သည်။ တာရှည် နာမကျန်းခဲ့သော ဒဏ်က အဖေ့ကို ရုပ်ပြောင်းစေခဲ့ပြီ။ သား စိတ်ထဲ ခုမှပဲ မယုံနိုင်သလို ခံစားရသည်။ အမေ့ကိုလည်း သတိရသည်။ သားသိသည်၊ အမေငိုမှာပဲ။ အင်မတန် ဒေါသကြီးသလောက် အင်မတန်မှ စိတ်ပျော့တဲ့ မေမေက ငိုမှာပဲ။ ဘာပဲဖြစ်ဖြစ် မေမေက အဖေ့ကို သနားတာ။ “သားအဖေ သိပ် ခံစားနေရလား” ဟု
ခဏခဏ မေးသူ။ အချစ် မဟုတ်တော့သော်လည်း မေမေက ငဲ့ညှာသူ။ ခုချိန်မှာ အဖေ မေမေ့ကို တွေ့ရင် ပို စိတ်ကျမှာ။ ဘာပဲဖြစ်ဖြစ် မေမေရဲ့ အခုလက်ရှိ အနေအထားဟာ သူ့အတွက်တော့ စိတ်ကျစရာ ဖြစ်လိမ့်မယ်ဆိုပြီး…။ ပြီးတော့ ခုချိန်မှာ အဝေးရောက်နေသော မေမေ့ရဲ့ ခင်ပွန်းအတွက် ဂုဏ်သိက္ခာတို့ကို ငဲ့လို့ အဖေ့ကို မေမေ မတွေ့လိုက်ရ။

သားကတော့ ရောဂါဝေဒနာကို အံကြိတ် ခံစားနေရသော အဖေ ဘာတွေ တွေးနေမလဲလို့ပင် မစဉ်းစားတတ်ခဲ့။ အသက် ဆယ့်သုံးနှစ်ရှိတာတောင် ကောင်းကောင်း မရင့်ကျက်သေးတဲ့ သားက ကွန်ပျူတာနဲ့ နပန်းလုံးဖို့ကိုပဲ အာရုံရှိနေခဲ့တာ။ အဖေ့ရဲ့ နာကျင် ခံခက် စကားတွေကိုပင် စိတ်ညစ်ညူးမိခဲ့သေး၏။ တချိန်က အဖေ့အပေါ် နာကြည်းခဲ့ဖူးသည့် မေမေက ခွင့်လွှတ် မြင်ပြသည်မှာပင် သားက လိုက်ပါ မခံစားတတ်ခဲ့။ သားစိတ်ထဲမှာ အဲသည်အချိန်ထိ အဖေ့ရဲ့ အခန်း ကဏ္ဍက သိပ်နေရာမယူခဲ့တာ။ ဘာပဲဖြစ်ဖြစ် အဖေ အဲသည်တုန်းက စိတ်ထိခိုက်နေသလားလို့ ခုမှ သား တွေးမိတော့တာပါ။

+++++

တခါတလေတော့ မေမေ ပြောတတ်သည်။ မေမေ မွေးခဲ့တာ သားကို မဟုတ်ဘဲ သားအဖေ လိုချင်တဲ့ သမီးကလေး ဖြစ်ခဲ့ရင် မေမေတို့ ခုလို ဖြစ်ပါ့မလားလို့ တွေးမိတယ်တဲ့။ သားလည်း တခါတလေ တွေးမိသည်။ အဖေက သမီး မိန်းကလေး လိုချင်ခဲ့တာတဲ့။ သူနှင့်တူလျှင် အသား ဖြူဆွတ်ဆွတ်၊ ဆံပင် ညိုညိုလေးတွေနှင့် တော်တော်လေး လှမယ့် သမီးကလေးလို့လည်း အဖေက စိတ်ကူး ယဉ်တတ်သေးသတဲ့။ သို့ပေမဲ့ အဖေ ကံမကောင်းခဲ့။ ပြီးတော့ မေမေရော သားရော ကံမကောင်းစွာ မွေးကတည်းက အရပ်အမောင်း နှစ်ဆယ့်နှစ်လက်မရှိသော၊ အလေးချိန် ရှစ်ပေါင်ခွဲ ရှိသော၊ သားက ဖြူဖွေး စင်ကြယ်စွာ မွေးလာခဲ့သော်လည်း အဖေက မလှိုက်လှဲခဲ့ဘူးတဲ့။ မေမေ့ ရင်ထဲ စွဲတဲ့ သံမှိုထဲမှာ အပြင်းဆုံး စွဲချက်ကတော့ အဖေက သားကို ချစ်ခင် ယုယ မဆက်ဆံခြင်း၊ နွေးထွေး နူးနူးညံ့မှု မရှိခြင်းအတွက် ခံစားရသော သံမှိုဟုဆိုသည်။

ဒါပေမဲ့ သား နဲ့ အဖေ စတွေ့ချိန်၊ သား မှတ်မိချိန်မှာတော့ အဖေနှင့် ဆက်ဆံရေးက အဆင်ပြေသားပင်။ ပြီးတော့ သိပ်လည်း မထူးခြားလှဘူးဟု သားထင်သည်။ ပြီးတော့ သားနှင့် အဖေက အယူအဆချင်း တူတာများ၏။ သားက မေမေနှင့်ပင် တော်တော် ကွဲလွဲသေးတာ။ အဖေ့ဆီမှာ သားကြိုက်သော ပုံပြင်တွေ၊ အတွေးအခေါ်တွေ အများကြီး ရှိတာတော့ သား သဘောကျသည်။ မေမေ့စာတွေ၊ ကဗျာတွေကျတော့ သားက ပျော့နွဲ့ လွန်းသည်ဟု ထင်တာ။

သားက အဖေ့ရဲ့ ကိုယ်ပိုင်ဟန်ရှိသော စုတ်ချက်တွေ၊ လက်ရာတွေကို ကြိုက်သည်။ သရော်ဟန်ပါသော အတွေးတွေကို ကြိုက်သည်။ အဖေ့ကို အဖေအဖြစ် သား ကျေနပ်ပါသည်။ ဒါကိုရော အဖေ သိရဲ့လား။ သားက ဒုတိယ ဖေဖေကိုသာ ချစ်သည်ဟု အဖေက မခံချိမခံသာ ပြောခဲ့ဖူး၏။ သား မငြင်းမိခဲ့ပါ။ တကယ်လည်း သားက အဖေ နှစ်ယောက်လုံးကို လက်ခံနိုင်ပါသည်။ အဲသည်နေရာမှာလည်း အဖေ ကျေနပ်အောင် သား မတတ်နိုင်ခဲ့ပါ။ တကယ်တော့ သားကိုယ်တိုင်လည်း အဖေ ဘာကို ကျေနပ်သလဲ၊ ဘာကို မကျေနပ်သလဲ ဆိုတာ တကယ် မသိခဲ့တာပါ။

+++++

စာရေးဆရာမင်းလူရဲ့ “ငှက်ကလေး” ၀တ္ထုကို ဖတ်တော့လည်း သားကတော့ အဖေနဲ့ မေမေနဲ့ သားနဲ့ တစ်မိသားစု အတူတူ နေချင်လိုက်တာလို့ မတွေးမိခဲ့ပါ။ ဘယ်လိုမှ မဖြစ်နိုင်မှန်း သားသိသည်။ အဖေ့ဒဏ်ကို မေမေ ခံနိုင်မှာ မဟုတ်သလို မေမေ့ဒဏ် ကိုလည်း အဖေ ခံနိုင်မှာ မဟုတ်တာ သားက အသိဆုံးပေါ့။ ဘ၀တွေ ခြားသွားပြီဆိုတာ တကယ်ပဲလေ။

အမေက အပူပန်ကြီးသလောက် အဖေက အေးငြိမ်းလွန်းသည့်အခါ သားသည် အမေ့အတွက်သာ ထည့်တွေးမိတာလည်း အမှန်ပါပဲ။ အဖေက သားအပေါ် ဘယ်လို ခံစားချက်၊ မျှော်လင့်ချက်၊ နောက်ဆံတင်းမှုမျိုး ရှိနေမလဲလို့လည်း တစ်ခါမှ သား မတွေးခဲ့ပါ။ သား သိသလောက် အဖေက သားနဲ့ ပတ်သက်လို့ ကြီးကြီးမားမား ပတ်သက်ခဲ့တာ စွက်ဖက်ခဲ့တာ။ အဲဒါတစ်ခုပဲ အမှတ်တရက မေမေ အရှုံးပေးလိုက်ရသော သားရဲ့ နာမည်ပေါ့။ သားကို အဖေက မောင်ထူးမြတ် တဲ့။ အမေက မောင်ကောင်းသစ် တဲ့။ အဲဒီမှာ မေမေက အဖေ့ကို အနိုင်ပေးလိုက်သည်။ မောင်ထူးမြတ်တဲ့။

အဲဒီ နေရာမှာတော့ သားအပေါ် ထူးခြား မြင့်မြတ်စေလိုသော အဖေ့ စေတနာကို တွေ့ရသားပင်။ ဒါ့ထက်တော့ သား ပို မတွေးတတ်ခဲ့ပါ။

+++++

သား သိခဲ့ဖူးသမျှ ဖတ် မှတ် ခဲ့ဖူးသမျှမှာ အဖေဆိုတာ မေတ္တာ၊ စေတနာကြီးစွာနဲ့ သားအပေါ် စောင့်ရှောက်သူ၊ မျှော်လင့်သူ တဲ့။ သားရဲ့ အဖေကတော့ဖြင့် အေးတိ အေးစက် ဟု သားက သတ်မှတ်ခဲ့မိတာ။

+++++

အဖေ ဆုံးမယ့်နေ့မှာ အဖေ သိသိသာသာ ဆိတ်ငြိမ်လာသည်။ စကားလုံးတွေ၊ အစားအစာတွေ ဘာတွေကိုမှ သိပ်လက်မခံတော့ဘဲ တစတစ ချည့်နဲ့လာဆဲ။ ရုတ်တရက် အိပ်နေရာကနေ တစ်ချက် စူးစူးဝါးဝါး “မောင်ထူးမြတ်”လို့ အော်ခေါ်ခဲ့သတဲ့။ အဲဒီနေ့မှာပဲ အဖေဆုံးသည်။

ခုချိန်မှာ အဖေ သားအတွက် ထားခဲ့သော စုတ်တံတွေ၊ ပန်းချီဆေးတွေ၊ စာအုပ်တွေ၊ နားကျပ်ကက်ဆက်လေးနဲ့ သီချင်းခွေတွေ၊ ရုပ်ရှင်ကားတွေ အားလုံး သား မြတ်နိုး မက်မောသမျှမှာ တန်ဖိုးအရှိဆုံးတစ်ခုကို ခုမှ သား သိတော့သည်။ အဲဒီအတွက် မေမေ့ကိုလည်း ကျေးဇူးတင်ပါသည်။ နောက်ဆို သားအရင်က သိပ်မကြိုက်ခဲ့သော ထိုအရာကို သား မြတ်နိုးတော့မှာ သေချာသည်။ ကျေးဇူးတင်ပါတယ် အဖေ။ သားဆီမှာ “မောင်ထူးမြတ်” ဆိုတဲ့ နာမည်ရှိနေတာ၊ ပြီးတော့ အဲဒါဟာ အဖေတစ်ယောက်ရဲ့ မေတ္တာလည်း ဖြစ်တယ်ဆိုတာ…..။

မေငြိမ်း
၂၀၀၄ ။ရွှေအမြုတေ။




Friday, June 29, 2007

ချိန်သီး

မနေ့ညက အိပ်မပျော်။
ပြည်တွင်းက အကိုတယောက်နဲ့ စကားပြောရာကနေ
စိတ်တွေ လေးလံထိုင်းမှိုင်း သွားခဲ့ရတာကြောင့်ပါပဲ။

သူကပြောတယ်..
ချောက်ထဲကလူတွေကို ကယ်တင်ဖို့ဆိုရင်
အပေါ်က လှမ်းဆွဲတာက အားပျော့တယ်.. မထိရောက်ဘူး…
အဲဒီ ချောက်ထဲကလူတွေနဲ့ တသားတည်း ရှိပြီး
အတူတူ ပခုံးထမ်းတင်ပေးမှ
ထိထိရောက်ရောက် တွန်းပို့ပေးနိုင်မှာ.. တဲ့။

ကျမ စဉ်းစားနေမိတယ်..
အောက်ကလဲ ပခုံးထမ်းတင်..
အပေါ်ကလဲ လှမ်းကူဆွဲဆိုရင်ရော
ပိုမကောင်းနိုင်ဘူးလား.. လို့။

ပြောဖြစ်တာတွေကတော့ အများကြီးပါပဲ။
အတွင်းအပြင် အယူအဆမတူတဲ့ ကိစ္စတွေပေါ့။
တချို့ သူ မှန်.. တချို့ ကျမ မှန် ။

သူက ပြောပါသေးတယ်။
တို့တိုင်းပြည်မှာသင်ရိုးပြဌာန်းစာတွေ မကောင်းတာမဟုတ်ဘူး။
ပြဌာန်းစာကောင်းကောင်း ရေးမယ့်သူတွေ မရှိတာတဲ့။
လူတော်တွေ မရှိတော့တာ… တဲ့။

အဲ..လူတော်တွေ ဘာမှ ပြဌာန်းခွင့် ရေးခွင့် မရတာကို ရော..
ဘယ်လို ဖြေရှင်းမလဲ… ဆိုတော့..
ရအောင် လုပ်ရမှာပေါ့.. ပို ကြိုးစားရမှာပေါ့ တဲ့။
အင်းးး
ကျမ အများကြီး ကြိုးစားခဲ့ဖူးတာတွေ …
ဘယ်လိုမှ မရနိုင်လို့ ခြေကုန်လက်ပန်း ကျခဲ့ရတာတွေ..
(ကိုယ်ရည်သွေးတီးလုံးဆန်တာတွေ) ပြောမပြချင်တော့ပါ။
ကျမကပဲ ညံ့ခဲ့သလား..
ပြီးတော့ စိတ်လျှော့ လွယ်ခဲ့လေသလား..။

အဲဒီနောက်မှာတော့
ကျမ တယောက်တည်း ငူငူကြီး ထိုင်နေမိပါတယ်။
ပြီးတော့ ကဗျာတွေ အများကြီး ထိုင်ဖတ်…။
အဲဒီထဲမှာမှ… ကဗျာလေးတစ်ပုဒ်က
ကျမကို စိတ်သက်သာရာ ရသွားစေခဲ့ပါတယ်။




ချိန်သီး
အကြောင်းကြောင်းနဲ့
ခေါင်းလောင်းသံချို အလွမ်းပြေ
ဝလုံးဖြူဖြူတွေ ရေးနိုင်ဦးမလား…
ငါလည်းပဲ

သွေးနဲ့ကိုယ်..သားနဲ့ကိုယ်..။

ဟောဒီ သတ္တုသိုက်ကြီးထဲ
လူဆိုတာ..
ကိုယ့်အချိုးအဆနဲ့ကိုယ် ဆင်နွှဲရ

ငါကတော့…

စိုထိုင်းဆ ခပ်များများနဲ့ ကောင်ပါ…။


မကြာခဏ

လူချင်းမှား နှုတ်ဆက်ကြ…

အချစ်ရေ.. လူတွေက
စားသုံးသင့်တဲ့ အာဟာရကို

မရွေးချယ်တတ်ကြဘူး..။

အရေးကြီးတာက
ဘယ်လိုအရာတွေ မျိုချခဲ့သလဲ…
ဘယ်လိုစက်ရုံ တည်ဆောက်ခဲ့သလဲ..
ဘယ်လိုရာသီဥတုမှာ နေထိုင်ခဲ့သလဲ..။

ညလယ်မိုး
(၁၉၉၅ ဇူလိုင်လ-စက်မှုတက္ကသိုလ်ထဲမှာ ထုတ်ခဲ့တဲ့
အမေမျှော်တဲ့မိုး ကဗျာစာအုပ်ထဲကပါပဲ..)


ညလယ်မိုးရဲ့ မေးခွန်းတွေ ဖြေအပြီး..
ရှေ့လျှောက်ကိုယ့်သမိုင်းလေး ဒီ့ထက်ပိုလှအောင်
ကြိုးစားရေးမှပဲလို့ တွေးမိပြီးတဲ့နောက်မှာတော့
ကျမ စိတ်လက်ပေါ့ပါးစွာ အိပ်ယာဝင်နိုင်ခဲ့ပါတယ်။
အပြင်မှာတော့ ညအမှောင်တောင်
အရောင်ဖျော့လာနေပြီ။
အရှေ့ဆီမှာ ရောင်နီလည်း လင်းလုလာပြီ..
အင်းးး အချိန်ကလည်း မနက် ၃နာရီခွဲလေ..။

မေငြိမ်း(ဇွန်၂၉)




Tuesday, June 26, 2007

မျှော်လင့်ခြင်းမိုး

ကိုစေးထူးရဲ့ မွေးကျေးဇူး ပို့စ်ကို ဖတ်အပြီးမှာ
ကျမ သိပ်ကြိုက်တဲ့..
အမေလွမ်းကဗျာရှည်တပုဒ်ကို သတိရသွားပါတယ်။
စက်မှုတက္ကသိုလ်က ကဗျာသမားတယောက်ဖြစ်တဲ့
မောင်နန္ဒရေးခဲ့တဲ့ ကဗျာလေးပါ ။
အမေမျှော်တဲ့မိုး စာအုပ်ထဲကပါပဲ။
မျှဝေခံစားကြဖို့ပါ…။

မျှော်လင့်ခြင်းမိုး


ဓါတ်ကြိုးပေါ်မှာ…
ငါ့ကို..
ငှက်ကလေးတွေ ကြည့်နေပုံက
ငါ့အလွမ်းကို ဓါတ်ကြိုးထဲ
ဆွဲခေါ်သွား…။

ငှက်ကလေးရဲ့
ငါမလွမ်းချင်ပါဘူး…
အဲဒီ ဓါတ်ကြိုးတွေကတဆင့်
ငါ့စိတ်တွေကို တွန်းကန်
ငါ့အလွမ်းငါ ငြင်းဆန်သလိုနဲ့
ငါ့ဘ၀ငါ… နောက်ပြန်စီးမိပေါ့ ။ ။

မတုန်လှုပ်လိုက်ပါနဲ့
ငါလည်းပဲ
ကြိုးတစ်ချောင်းထဲက
ဖိုဓါတ်လျှပ်စစ် တစ်ခုရယ်ပါ..
တစ်ကိုယ်ရေ အထီးကျန်ဆန်လို့မို့
ကိုယ့်ဒုက္ခနဲ့ကိုယ် ပူလောင်
စီးဆင်းလာတဲ့ ကောင်ပါ … ။

မလွမ်းချင်ပါဘူး … ငှက်ကလေးရဲ့
အမေက..ရိုးတယ် ၊ လှတယ်
နောက်ပြီး .. အ တယ်..
မိရိုးဖလာ တောင်သူအတတ်နဲ့
သူ့ဘ၀သူ စာလုံးပေါင်းဖတ်နိုင်လည်း
မိုးကိုတော့ အမြဲ သူ မျှော်
သြော်..ငါဟာ မိုးရေလား…
သူ့သား ငါဟာ..
မိုးရေဖြစ်မယ့် တိမ်တိုက်လား…
အငွေ့ပျံလို့ ကောင်းဆဲ
အမေ မျှော်လှရော့မယ်…။

ငယ်ငယ်က
ထွန်ရေးဖြောင့်အောင် မထွန်တတ်ခဲ့
ဒါ့ကြောင့်များ ငါဘဝ
ရုပ်ဆိုး ကောက်ကွေ့နေ ထင်ရဲ့…
အမေ မျှော်လှရော့မယ်..။

မလွမ်းချင်ပါဘူး ငှက်ကလေးရဲ့..
ရုတ်တရက် ကားဟွန်းသံ
လယ်ကန်သင်းပေါ် ဖြတ်ပျံသွား
ငါ ခြေထောက်ငါ ငုံ့ ကြည့်မိတယ်
အမေ၀ယ်ပေးတဲ့ ဖိနပ်ကလေး
ဟိုး..အဝေးမှာ ကျန်ခဲ့ပြီ…
(ဖြစ်ကိုဖြစ်ရမယ်)ဆိုတဲ့
ငါခြေရာတွေလည်း ကျန်ခဲ့ပြီ…
(ဘာမှ မဟုတ်သေးပါလား)
ဒါကိုပဲ မကြာခဏ ထွေးထုတ်နေမိတော့
မှတ်ပုံတင်ထဲက
ငါ့ဓါတ်ပုံ မှိန်ဖျဖျလည်း ကျန်ခဲ့ပြီ..။

တကယ်တော့..ငါဟာ
မြို့ကြီးရဲ့ ပလက်ဖောင်းတွေပေါ်
တိတ်တဆိတ် စာသင်ခဲ့တာပါ…။

ပလက်ဖောင်းတွေဟာ မျှော်လင့်ခြင်းလား..
မျော်လင့်ခြင်းဟာ ပလက်ဖောင်းတွေလား..
လူတိုင်းလူတိုင်း ဖြတ်နင်းသွားကြ…
ငါလည်း.. ငါ့လောဘငါ ကျောပိုးရင်းပေါ့…။

ဟောဒီ မြို့ကြီးမှာက
ကားတွေ ခပ်များများ
အမှိုက်တွေ ခပ်များများ
ဒါတွေကို ရှောင်ရှားနိုင်ပေမယ့်
ငါဘ၀ငါကျ ရှောင်ရှားလို့မရ…
ဒီသင်ခန်းစာကတော့..ခက်ခဲလွန်းထင်ပါ့…
အမေ မျှော်လှရော့မယ်…။

မလွမ်းချင်ပါဘူး..ငှက်ကလေးရဲ့…
မွန်းတည့် နေရောင်ခြည်တွေက
ငါ့ကိုယ်ပေါ် တစုးတစိုက်
မေတ္တာဓါတ် ခိုက်နေပုံလေ…
ငါ့မှာ ဦးထုပ်မရှိခဲ့ပါဘူး…
ဦးထုပ်ရှိဖို့ကိုလည်း မစဉ်စားခဲ့ပါဘူး…
ငါ့ဦးခေါင်းကို ငါ…
ထမ်းထားရတာပဲ လေးလံလှပါပြီ…
ဒါတောင်…ဆံပင်တွေ ရှည်ရှည်လာခဲ့သေး
ငါ့မှာသာ အတောင်ပံတွေရှိရင်
အမေ့ဆီ အပြေးပျံလိုက်ချင်သေး
ခုလို…နွေခေါင်ခေါင်ပေမဲ့
အမေကတော့…
မိုးမျှော်နေမှာ သေချာတယ်…။

ငါကြီးခဲ့တဲ့ ရွာလေးမှာ
မိုးက နှစ်စဉ်ခေါင်လို့မို့
ငါလည်း…မိုးကိုမျှော်ရင်း
ငါ့ရွာလေးငါ စွန့်ခွာလာခဲ့…

ငါဟာ..မိုးရေလား…
အမေ့သား..ငါဟာ
မိုးရေဖြစ်မယ့် တိမ်တိုက်လား
အငွေ့ပျံလို့ ကောင်းဆဲပေါ့..
အမေ မျှော်လှရော့မယ်..။

မလွမ်းချင်ပါဘူးငှက်ကလေးရဲ့…
ပလက်ဖောင်းတွေကလည်း
ရှည်လျားလွန်းလှချည့်
လူတွေကို ငါသိတာ..
ဘာကြာသေးလို့လဲ..
သူတို့ ကွမ်းစားကြသလို
ငါလည်း တစ်ယာပြီး တစ်ယာ...
သူတို့ ဆေးလိပ်သောက်ကြသလို
ငါလည်း တစ်လိပ်ပြီး တစ်လိပ်...
ပလက်ဖောင်း တလျှောက်လုံး
ကွမ်းသွေးကွက် နဲ့ ဆေးလိပ်တို
အချည်းနှီးတွေချည်းပါပဲ…
သေချာကြည့်မှ တအံ့တသြ
ငါထွေးလိုက်တဲ့ ကွမ်းသွေးဟာ.. ငါ
ငါပစ်လိုက်တဲ့ ဆေးလိပ်တိုဟာ.. ငါ
ငါကိုယ်တိုင်သာ ဖြစ်နေပါပကော..။

ငှက်ကလေးရဲ့…
မလွမ်းချင်ပါဘူး…
အမေသောက်တဲ့ ဆေးလိပ်တိုလောက်မှ
အမေ့အပေါ် ငါ
ခံတွင်း အချဉ်ပြေစေခဲ့ဖူးပါစ…
အမေ မျှော်လှရော့မယ်…။

အခုတော့…
အမေ မျှော်တဲ့ မိုးလို…
မိုးကို မျှော်နေတဲ့ ငါ့လို
ငါ့ကို မျှော်နေမယ့် အမေဆီ
သည်းသည်းမည်းမည်း သွန်းဖြိုးဖို့
အငွေ့ပျံနေတဲ့ ခန္ဓာတွေဆီ
ပြန်ကျမိုးတွေ ရွာသွန်းဖို့…။

ငှက်ကလေးရေ…
ငါတို့မှာ…
မိုးလိုရွာဖို့ ခွန်အားအပြည့်နဲ့
ဒီ ခွန်အားသာပဲ
ငါတို့ မျှော်တဲ့ မိုးပါ..။

မောင်နန္ဒ (၁၉၉၅)



Monday, June 25, 2007

စွန်နှစ်ကောင်(အပိုင်း နှစ်)


မြို့ပြကို ခွဲချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရခြင်းအတွက် မောင်ကတော့ အနည်းငယ် တုန်လှုပ် ခဲ့လေသည်။ လတ်က တော့ တုန်လှုပ် ဆင်းရဲခဲ့ရတာတွေ များပြီမို့ ခုချိန်ကျတော့ သွေးအေး နေခဲ့ပြီ။ လတ် ဘယ်လောက် ပင်ပင် ပန်းပန်း ရုန်းကန်ခဲ့သလဲ၊ ပြန်ပင် တွေးမကြည့်ချင် တော့။ မောင် နှင့် ချစ်သူသက်တမ်း ငါးနှစ်။ ၀ိဇ္ဇာဂုဏ်ထူးတန်း တက်ရောက်ခွင့် အဆင့်မီ။ နောက်တော့ မဟာဝိဇ္ဇာတန်း၊ တစတစနှင့် စိတ်ကူးယဉ် အိပ်မက်တွေ ပီပြင် လှပလာပြီဟု ယုံကြည်လာကြ။ ထမင်းတစ်နပ်ငတ်သော ရက်တွေကိုပင် ခပ်သာသာ ကျော်နိုင်လိမ့်မည် ဟု ထင်ခဲ့ကြသည်။

ကြည့်လေ၊ ဂုဏ်ထူးတန်း ကျောင်းသား ကျောင်းသူ ဘ၀ကတည်းက မောင် နှင့် လတ် တို့ ရုန်းကန် ခဲ့ကြရတာ ပဲ။ ဘွဲ့လွန် ဂုဏ်ထူးတန်း ကျောင်းသား ကျောင်းသူတွေအနေဖြင့် သူတို့ အတွင်း ကျောင်းဆောင် နေခွင့် မရ ခဲ့ကြပေ။ အပြင်ဆောင်တွေက တစ်ယောက် ကျောတခင်းစာ နေရာလေးကို တစ်ထောင်တဲ့။ ကျောင်းစရိတ်၊ စားစရိတ်၊ အဆောင်စရိတ်နှင့် အိမ်က ပံ့ပိုးနိုင်သော ငွေပမာဏမှာ ပြောင်းပြန် အချိုးကျ၏။

နောက်တော့ ကျောင်းက ဆရာမတစ်ယောက်၏ အကူအညီဖြင့် လတ်က ကလေးတွေကို အိမ်လိုက် စာသင် ပေးရသော အလုပ်တစ်ခုကို ရခဲ့သည်။ ဆရာမ၏ လက်ထောက်တဲ့။ တစ်လ သုံးထောင်လောက် ရသော ထိုဝင်ငွေက လတ်ကို အတော် အသက်ရှူ ချောင်စေခဲ့သည်။ မောင့်မှာလည်း အချိန်ပိုင်း ကွန်ပျူတာစာစီနှင့် ပရုဖ်(Proof)ဖတ်သော အလုပ်ဝင်လုပ်ရ၏။ လတ် ထက် ၀င်ငွေပိုသကဲ့သို့ ပိုလည်း ပင်ပန်းပြီး အချိန်လည်း ပိုပေး ရ သောအခါ မောင့်ခမျာ စာကြည့်ချိန်များပင် များများ မပေးနိုင်ဘဲ ရှိခဲ့သည်။

သို့ပေမဲ့ လတ်တို့ နှစ်ယောက် ကြိုးစားခဲ့ကြပါသည်။ နယ်မြို့ကလေးတွေမှာ ကျန်နေခဲ့သော မိဘများကို အတတ်နိုင်ဆုံး ၀န်ပေါ့စေဖို့၊ ပြီးတော့ လတ်တို့ နှစ်ယောက်ရဲ့ အနာဂတ် ဘ၀လေးအတွက်။ တချိန်မှာတော့ တက္ကသိုလ်က ဆရာ ဆရာမတွေဘ၀မှာ အိနြေ္ဒရရ၊ ဂုဏ်သိက္ခာရှိရှိဖြင့် လက်တွဲနိုင်ကြမှာ။ မိဘကျေးဇူးကို ဆပ်ရင်း လတ်တို့ရဲ့ မျိုးဆက်တွေကိုလည်း ခေတ်မီတိုးတက်သော မြို့ပြမှာ ဖွံ့ဖြိုးအောင် မွေးမြူကြဦးမှာ။

လောဘနည်းသူတွေမို့ ထိုမျှလောက် ပြည့်စုံလျှင်ပင် မောင်နှင့်လတ်တို့က ကျေနပ်ပြီ။ လတ်တို့ရဲ့ သားသမီးဟာ နယ်မြိုလေးတစ်မြိုက ဘွဲ့ရပညာတတ် ကျောင်းဆရာသားနှင့် ပညာတတ် ရုံးဝန်ထမ်း၏ သမီးမျှသာဖြစ်သော မောင် နှင့် လတ် တို့၏ ငယ်ဘ၀ထက်စာလျှင် လူမှုဝန်းကျင် သာမည်။ ဗဟုသုတ သာမည်။ အကောင်းအဆိုး သာမည်။ မောင်နှင့် လတ် တို့၏ ဗီဇသွေးတွေမို့ သားသမီးတွေက သိပ်တော့ ဆိုးကြမည် မဟုတ်ပါ။ ပြီးတော့ ကြိုးစား တိုးထွက်နိုင်သူတွေလည်း ဖြစ်လိမ့်မည်။ ထိုအိပ်မက်တို့ဖြင့် လတ်နှင့် မောင်တို့ မောသမျှ ပြေခဲ့ကြ ရတာပါ။

ထိုစဉ်က ချစ်သူတွေဘ၀မှာ ညနေဘက်ပင် မှန်မှန် မတွေ့နိုင်ခဲ့။ နေ့လယ် အတန်းတက်ချိန်တွေမှာသာ တွေ့ကြရသည်။ စနေ၊ တနင်္ဂနွေမှာတော့ လတ်ကို အလုပ် အသွားအပြန် ကြိုပို့ရင်း လက်ဖက်ရည်ဆိုင် ထိုင်ရုံလောက် တွေ့ကြရသည်။ သည်လိုနှင့်ပင် လတ်တို့ နှစ်ယောက်မှာ ရောင့်ရဲတတ်မှုတွေ၊ ချင့်ချိန်နိုင်မှုတွေ တိုးလာသည်ဟု ထင်သည်။ သည်လိုနှင့် ချစ်သူသက်ကြာ၊ မဟာဝိဇ္ဇာကျမ်းပြု၊ လှေခါးထစ်တွေ တစ်ထစ်ပြီး တစ်ထစ်၊ ပင်ပန်းချွေးတို့ကိုပင် မသုတ်အားခဲ့။ ထိုစဉ် လတ်တို့ နှစ်ယောက်စလုံး တက္ကသိုလ် နည်းပြဆရာ အလုပ် စာမေးပွဲကို မဟာဝိဇ္ဇာကျမ်းပြု ကာလမှာပင် အောင်မြင်ခဲ့ကြတာ၊ သိပ်လှတဲ့ အနာဂတ် နီးလာပြီပေါ့။ ဘယ်လောက် ပျော်ခဲ့ကြသလဲ။ အဲဒီ မြင်ကွင်းက မမှုန်ဝါးခဲ့တာလည်း သေချာပါသည်။

ထိုနောက်ပိုင်းရက်တွေမှာ မောင့်အိပ်မက်တွေက ပိုလို့ အရောင်စုံလာသည်။ ထင်းပြက်လာသည်။ ဘ၀တစ်ခု ထူထောင်လို့ ရပြီ လို့ မောင်က ယုံသတဲ့လေ။

တို့နှစ်ယောက်ပေါင်း လစာက အသားတင် နှစ်ထောင်ထား မောင်ရယ်၊ အပြင်အလုပ်က ရှစ်ထောင်လောက် ရအောင် ရှာနိုင်ရင် တစ်လတစ်သောင်း၊ အိမ်တွေကို နှစ်ထောင်စီလောက် ထောက်ချင်တယ်နော် မောင် အဲဒါဆိုရင် ပိုမယ့် ခြောက်ထောင်၊ မောင်နဲ့လတ် လောက်အောင် သုံးကြတာပေါ့။ ဒါပေမဲ့ အိမ်က ငှားရဦးမှာ၊ စပေါ်နှစ်သိန်းလောက်နဲ့ တစ်လ သုံးထောင်လောက် ပေးရရင်

ပြောရင်းနှင့်ပင် သူမ၏ အသံက ပါးလျပြတ်တောက်သွားရ၏။ မောင်က သူမ၏ လက်ချောင်းတွေကို ဆုပ်ဖျစ်လိုက်ပြီး သက်ပြင်းကို နာနာ ရှိုက်လေသည်။

အိမ်ကိုလည်း လျှော့မပေးချင်ဘူးကွယ်။ လတ်တို့ မိဘတွေခမျာ ပြေလည်တာမှ မဟုတ်ဘဲ

တကယ်တော့ မောင်ညံ့တာပါ လတ်ရယ်၊ လတ် ခုလို တွက်ချက်ပူပင် လာရတာ ဘယ်လောက် ကြာခဲ့ပြီလဲ။ ခုဆို ချစ်သူသက်ပဲ ငါးနှစ်ကျော်လာပြီ၊ ကြိုးစားခဲ့ စုဆောင်း ခဲ့ရတာလည်း ကြာပြီ၊ ခုထိ

မောင်ကလဲ ကွယ်၊ အဲဒီ ညံ့တယ်ဆိုတဲ့စကား မပြောစမ်းပါနဲ့၊ ယောက်ျားတစ်ယောက်ဟာ ဒါထက်ပဲ တော်ရဦး မလား၊ စာမေးပွဲမှာ အမြဲဂုဏ်ထူးတွေနဲ့ အောင်ခဲ့တယ်။ အလုပ်တွေလဲ အများကြီး လုပ်နိုင်ခဲ့တယ်။ ကျောင်း ဆရာအနေနဲ့လည်း တော်တယ်၊ ရိုးသား ဖြူစင်တယ်။ ကြိုးစားတယ်၊ အဲဒီ ယောက်ျားကမှ ညံ့သေးရင် ဘယ်လို ယောက်ျားက တော်သလဲကွယ်

လတ်အသံက ဆူဝေလာသည်။

ဒါပေမဲ့ လတ်ကို မောင် မပူမပင် ထားနိုင်သင့်ပြီလေ

လတ်သည် ခေါင်းကို ခါယမ်းငြင်းဆန်ဆဲ၊ မျက်ရည်က လည်ချင်လာပြန်သည်။

မောင်ရယ်၊ ကံဆိုတာ မိမိလုပ်တယ်ဆိုပေမယ့် လုပ်တိုင်းလည်း မရတဲ့ ကံကြမ္မာဆိုတာ ရှိသေးတယ်လို့ ယုံစမ်းပါကွယ်

အဓိပ္ပါယ်တော့ မရှိဘူး၊ လတ်ရယ်၊ လုပ်ရင် ဖြစ်ရမှာပေါ့

အားမာန်ပြည့်ဖြင့် ပြောနေသော မောင်၊ ခုဆို တဖြည်းဖြည်း ပိန်ဖျော့လာတာ။

မမြင်နိုင်တဲ့ ကံဆိုတဲ့ အရာကြောင့် မောင်တို့နှစ်ယောက်က ဝေးနေကြရဦးမှာလား၊ ဟုတ်လား

ဒါပေမဲ့ မောင်၊ တို့နှစ်ယောက် အားကုန် ကြိုးစားခဲ့ကြပြီးပြီလေ။ ဒါ့ထက်ပို ကြိုးစားစရာကို မရှိတော့လောက် အောင်။
မောင်ရယ် အချစ်ရဲ့ ပန်းတိုင်ဟာ အတူနေဖို့ တစ်ခုတည်း အတွက်တော့လည်း မဟုတ်ပါဘူးကွယ်

မောင်က သူမကို မျက်နှာချင်းဆိုင် ကြည့်လေသည်။ မောင့်မျက်လုံးတွေကပင် နာကျင်နေ သလိုလို။

ဒါပေမယ့် တို့နှစ်ယောက်က သိပ်တော်တဲ့၊ သိပ်တိုးတက်မယ့် သားသမီးတွေ လိုချင်သေးတယ်လေ လတ် ရယ်
ထိုအခါမှာတော့ လတ်ကိုယ်တိုင်လည်း မောင့်ကို ဘယ်လိုစကားမှ တုံ့ပြန် မဆိုနိုင်တော့ပေ။

+++++

တက္ကသိုလ် ဆရာ ဆရာမတွေအတွက် နေစရာအိမ် ပေးမယ်ဆိုရင်တော့ တော်တော် အဆင်ပြေမှာ မောင်ရ၊ နော်
ဟု လတ်က စိတ်ကူးယဉ်တော့ မောင်က လှောင်ပြုံးပြုံးကာ သူမ၏ ဦးခေါင်းကို ခပ်ဖွဖွ ပုတ်လေသည်။

ဟုတ်တယ်လေ မောင်ရဲ့၊ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ပညာရေးစနစ်မှာ အလုပ်အကြွေး ပြုနေကြတဲ့သူတွေပဲ ဟာ
နာသုံးနာထဲမှာ အနစ်နာဆိုတာ ပါတယ်လေ ..ကလေးမရဲ့

မောင့်တုံ့ပြန်စကားကို သဘောမတူလှသော်လည်း မချေပ လိုတော့။

သည်လိုနှင့် လတ်၏ ပြင်ပ စာသင်အလုပ်ကလေးမှ အသားတင်ဝင်ငွေ ငါးထောင် ရလာချိန်မှာတော့ အိပ်မက် တို့က ပြန်လည် ဦးမော့လာကြပြန်သည်။ ဒီတခါတော့ နီးပါပြီဟု အပြန်အလှန် အားပေးဆဲ။ န်းစားနိုင်စွာ မြင့်တက်လာသော အသုံးစရိတ်တွေက သူမတို့ နှစ်ယောက်ကို တိုက်ခိုက်လာကြသည်။ တကယ့်ကို ရန်သူသဖွယ်။ သည်းကြီး မည်းကြီး။ စပေါ်တင်၍ အိမ်ငှားသောစနစ်ကိုပင် ရှာမတွေ့တော့။ ကားဂိုဒေါင်လောက် အိမ်ခန်းကျဉ်း လေးကိုတောင် တစ်လ ငါးထောင်၊ နှစ်ချုပ်တဲ့။

မောင် နှင့် လတ် တို့ အရောင်အ၀ါတွေ မှိန်ဖျော့။ အိပ်မက်တွေ မှိန်ဖျော့။ အရည်အသွေးတွေ မှိန်ဖျော့။ ခံနိုင်ရည်တို့ပင် မှိတ်တုတ် မှိတ်တုတ် ဖြစ်လာပြီ။ ထိုအချိန်မှာတော့ နှစ်ယောက်အကြားရှိ အချစ်တို့ပါ မှိန်ဖျော့သွားကြမှာကိုပင် စိုးရိမ်လာမိကြသည်။

မဟာဝိဇ္ဇာဘွဲ့ရ တက္ကသိုလ်က ဆရာ ဆရာမနှစ်ယောက်ရဲ့ အိမ်ထောင်ရေးဘ၀တစ်ခုကို ဘယ်လို ထူထောင် ကြရသလဲ။ ညနေခင်းများစွာမှာ စိတ်ညစ်ညူးကြ။ အဖြေရှာ မတွေ့ကြ၊ မစွန့်လွှတ်ရဲကြ၊ အိပ်မက်တွေ မက်ကြ၊ ကြေကွဲနာကျင်ကြ။

တချိုနယ်ကောလိပ်တွေ၊ တက္ကသိုလ်တွေမှာတော့ အိမ်ထောင်သည် ဆရာ ဆရာမတွေ အတွက် နေစရာ အိမ်ခန်း ပေးတယ်တဲ့ မောင်ရဲ့၊ ပြီးတော့ နယ်မှာဆိုတော့ ခရီးစရိတ် သက်သာမယ်၊ အိမ်နဲ့ ကျောင်းနဲ့ နီးတော့ မုန့်ဖိုး၊ အ၀တ်အစားဖိုး သက်သာမယ်၊ ကုန်ဈေးနှုန်းလည်း သက်သာနိုင်မယ်၊ အနည်းဆုံး ဟင်းသီးဟင်းရွက် တော့ ပေါမှာပဲ မောင်

မောင်က သတ္တိတော့ နည်းနေခဲ့သေးသည်။

မောင်တို့ ကလေးတွေကို ကျောင်းကောင်းကောင်းမှာ ထားချင်တာလေ လတ်ရယ်

ဟုတ်တော့လည်း ဟုတ်ပါသည်။ မောင်ရော လတ်ပါ ပင်ကိုယ်ဥာဏ်ကောင်းပြီး စာကြိုးစားကြ၍ ခုလို အောင်မြင်ခဲ့ကြသော်လည်း နှစ်ယောက်စလုံးပင် ပညာရေးမှာ အခြေခံ မကောင်းခဲ့ကြတာ သတိရသည်။ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲမှာ တော်ရုံ ကြိုးစားမှုဖြင့် ပြိုင်ဖက် နည်းနည်းလေးကို ကျော်ဖြတ်နိုင်ခဲ့ကြတာ၊ တကယ့် မြို့ကြီး ၀န်းကျင်မှာကျတော့ လတ်တို့နှစ်ယောက် မှိန်ပျ သွားခဲ့ကြဖူးတာပဲ။ ပြီးတော့ မြို့ပြ ၀န်းကျင်မှာ ကြီးပြင်းခဲ့ရသူတွေနှင့် နယ်မြို့ကလေးတွေမှာသာ ကြီးပြင်းခဲ့ရသူတွေရဲ့ ကွာဟမှုက ကြီးမားလေသည်။ အမြင်ကျယ်မှု၊ လူနေမှုအဆင့်၊ ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်မှစကာ နေရာအပေးခံရမှု အထိ။

တစ်ခုကိုတော့ စွန့်ကြရလိမ့်မယ် မောင်

မောင်က လတ်ကို ထိတ်လန့်တကြား မျက်လုံးများဖြင့် ကြည့်သည်။ လတ်ကိုယ်တိုင်လည်း တုန်လှုပ်သော အသံတို့ကို ထိန်းနေရ၏။

မိသားစုဘ၀ရယ်၊ မြို့ပြလူနေမှုဘ၀ရယ်၊ တစ်ခုခုကို လတ်တို့ ရွေးချယ်ကြရလိမ့်မယ်

စကားအဆုံးမှာတော့ လတ်သည် တစုံတရာကို နာကြည်းစွာ မျက်စိမှိတ်လျက် ခပ်မဲ့မဲ့ပြုံးရခြင်း၌ အရသာ တွေ့ နေလေသည်။ သို့ပေမဲ့ ထိုအပြုံးက မျက်ရည်တို့ဖြင့် စွန်းပေ၍ နေပြန်သည်။ ထိုခဏမှာ မောင်က တက် တစ်ချက် ခပ်ဖွဖွ ခေါက်လိုက်လေသည်။

+++++

တကယ်တော့ လတ်ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းလည်း နတ်မောက်ဆိုတဲ့ ရွာကလေး ကပါပဲ။ သန္ဓေဗီဇက တော်ရင် တော်မှာပါပဲနော်

မောင့်အသံက ကိုယ့်ကိုယ်ကို ပြန်လည် နှစ်သိမ့် အားပေးနေရသလိုပင်။ လတ်က မောင့်ကို ပြုံးပြလိုက်သည်။ ရင်ထဲမှာတော့ ဒါပေမယ့် အဲဒီတုန်းက ငွေဆိုတာက ခုလောက် အရေးမပါသေးဘူး မောင်ရဲ့ ဟု ခွန်းတုံ့ ပြန်မိ သည်။

သွားမယ့်သွားလည်း မြို့ပြနဲ့လည်း မျက်ခြေမပြတ်ဘဲ မြို့ပြလည်း သိပ်မဆန်တဲ့ ကျေးလက်ဝန်းကျင်နဲ့လည်း နီးပြီး သဘာဝတရားပဲ ပိုထွန်းကားတဲ့ နယ်ကလေးတွေဆီကိုပဲ သွားရအောင်ကွယ် ဟု လတ်က ပြောတော့ မောင်က တကယ် ရိုးသားပေ့ဆိုတဲ့ တိုင်းရင်းသားတွေ ကြားထဲပဲ သွားကြမယ် ဟု ဆုံးဖြတ်ခဲ့လေသည်။

+++++

ပတ်ဝန်းကျင်ကတော့ မောင်နှင့်လတ်တို့အဆုံးအဖြတ်ကို အံ့သြကြလေသည်။

အင်မတန် တိုးတက်ချင်သော၊ အောင်မြင်ချင်သော၊ တော်ချင်သော လတ်တို့ နှစ်ယောက်က နယ်ကောလိပ် တစ်ခုကို ပြောင်းရွှေ့ခွင့် တင်တာ
ဟာ ဘ၀ကို အရှုံး ပေးလိုက်သလိုပဲဟုလည်း လတ်တို့နှင့် ခံစားချက် အသွေး အရောင်တူသည့် သူငယ်ချင်း တစ်စုက ဆိုသေး၏။ လတ် နှင့် မောင် တို့လို လူတွေအတွက် ရောက်လာမယ့် အချိန် တစ်ချိန်နှင့် နေရာ တစ်နေရာ ဆိုတာကိုတောင် မစောင့်တော့ဘူးလား တဲ့လေ။

ထိုအချိန်မှာ လတ်၏ နှလုံးသားတို့က အရည်အချင်း၏ ရပိုင်ခွင့်ဆိုတာကို မယုံကြည်နိုင်မှုဖြင့် ခါးသီးနေခဲ့ပြီ။

မောင်ကတော့ စိတ်ကို လုံးလုံး ပြောင်လဲပစ်လိုက်ကာ စိတ်ကူးယဉ်တွေထဲမှာ ပြန်လည် တက်ကြွနေခဲ့သည်။

လတ် နှင့် မောင်တို့ ရွေးချယ်လိုက်သော နယ်ကလေးမှာ သာသနာ ထွန်းကားသော အေးချမ်း ရိုးစင်းသော သဘာဝရှိသည့် လူတွေနှင့် ဖွဲစည်းထားသော မြို့ကလေး ဖြစ်သည်။ ပြီးတော့ သီနှံ စိုက်ပျိုး ထွန်းကားရာ မြေ၊ ပန်းတို့ ဝေဆာသော မြေ။

ဟိုရောက်ရင် တို့စုထားတဲ့ ပိုက်ဆံလေးနဲ့ မြေကလေးဝယ်ပြီး အားတဲ့ အချိန်တွေမှာ ပန်းပင်တွေ စိုက်မယ်၊ မောင်တို့ သားသမီးတွေက ပန်းတွေထဲတော့ ကြီးပြင်းခွင့်ရကြမှာ လတ်ရ၊ သူတို့ ပတ်ဝန်းကျင်မှာ ခေတ်မနည်း ပညာတွေ၊ ရုပ်ဝတ္ထု ပစ္စည်းတွေ ချိုတဲ့ရင်တောင်မှ ပန်းတွေ၊ ဂီတတွေ၊ စာအုပ်တွေနဲ့ အနုပညာတွေ ထွန်းကားအောင် မောင်တို့က ဖန်တီးပေးမှာပေါ့။ အဲဒီအခါမှာ သူတို့လေးတွေက နူးညံ့သိမ်မွေ့မယ်၊ ပျော့ပြောင်းလိမ္မာမယ်၊ ရောင့်ရဲ အေးချမ်းမယ်၊ အဂတိလည်း ကင်းမယ်၊ အသိဥာဏ်လည်း မြင့်မားမယ်၊ ပြီးတော့ သဘာဝဘေးဒဏ် တွေကို လည်း ခံနိုင်ရည် ရှိပြီးသား ဖြစ်မယ်၊ ပြီးတော့ ကျောင်းဆရာသားသမီးတွေ ဖြစ်တဲ့အပြင် ခြံသမားမိသားစုလည်း ဖြစ်မှာမို့ ပန်းနံ့ နဲ့ လွတ်လပ်တဲ့ လေရယ်၊ လှုပ်ရှားမှုတွေရယ်ကြောင့် ကျန်းမာရေးလည်း ကောင်းကြဦးမှာ၊ အချိန်တန်ရင်တော့ မြိုကြီးဆီကို ပို့ပြီး ကျောင်းထားရဦးမှာပေါ့။ အဲဒီ အခါကျရင် မောင်နဲ့ လတ်တို့တုန်းကလို မဟုတ်ဘဲ ပြည့်စုံအောင်တော့ တို့နှစ်ယောက်က ကြိုးစားရမှာပေါ့၊ ပြီးတော့ လတ်ရယ်၊ သူတို့အလှည့်ကျရင်တော့ ကံတရားဆိုတာကလည်း တစ်မျိုး ပြောင်းချင် ပြောင်းနေနိုင် တာပဲလေ

မောင်က စကားတွေ တဖွဲ့တနွဲ့ ပြောလို့။ လတ် ကတော့ ဆရာ ဒဂုန်တာရာရဲ့ တဟီတီ သွားရအောင် ကိုပဲ သတိရနေခဲ့သည်။

မောင်ကရော ထွက်ပြေးဝါဒ မဟုတ်တာ သေချာရဲ့လားကွယ်။

+++++

တစ်ခုကတော့ သေချာခဲ့ပြီ ဖြစ်သည်။

ဆုတ်ယုတ်ရတာချင်း အတူတူဆိုလျှင်ပင် စိတ်အေးချမ်းသာဖြင့် အဆုတ်ယုတ် ခံရခြင်းကိုသာ ရွေးချယ်ရ တော့မယ် ဆိုတာ။ (မောင်ကတော့ ဒါဟာ လောကဓံကို ခံသတ်တာဟု ကဗျာဆန်ဆန် ပြောခဲ့ သေး၏)။

မြို့သေးသေးကလေးမှာတော့ မောင် နှင့် လတ် တို့၏ ရင်သွေးတို့က ဂုဏ်သရေရှိစွာ ကြီးပြင်းနိုင်ကြလိမ့်မည်။ ဆက်သွယ်ရေးစနစ် ချိုတဲ့၊ လျှပ်စစ်ဓါတ်အား ချိုတဲ့၊ မြို့ပြ ယဉ်ကျေးမှု ချိုတဲ့၊ နည်းပညာ ချိုတဲ့...စသော ချိုတဲ့မှုတွေက ကလေးတွေကို ရောင့်ရဲ ရင်ဆိုင်တတ်ခြင်းကို သင်ပေးသွားလိမ့်မည်။ အရသာသိဖူးသော သူတွေကမှ ပိုငတ်တတ်တာမို့ လတ် တို့ ကလေးတွေကတော့ အလွယ်တကူ ငတ်တော့မည် မဟုတ်ပေ။ စာအုပ်တွေထဲ တကယ် ပျော်ဝင်သွားကြလျှင်လည်း စွန့်လွှတ်ရဲလျှင် ဘ၀ဆိုတာကိုပင် မလိုအပ်တော့ဟု သူတို့ နားလည်သွားကြလိမ့်ဦးမည်။ ထိုအခါ ကလေးတွေသည် ပေါ့ပါး သွက်လက်လျှက် လတ်တို့တုန်းက ထက်ပင် စိတ်ချမ်းသာရလိမ့်မည်။ လတ်နှင့်မောင် ခုအရွယ်ထိ စားသုံးခွင့် မရသေးသော လောကရဲ့ အမြိုက်ကို သူတို့ ခံစားရလိမ့်မည်။

ထို့အတွက် မောင်စိုက်သော ပန်းတွေ လှိုင်လှိုင်ပွင့်ဖို့ ကောင်းကင်ကြီး အစဉ်အမြဲ ကျယ်ပြော ပွင့်လင်းနေဖို့၊ လူ့ဘ၀ထဲမှာ စိတ်ချမ်းသာဖို့ထက် ပိုလို့ ဘာမှ အရေးမကြီးကြောင်းကို အသေအချာ ပြောပြနိုင်တဲ့ အမှန်တရား တွေ.. စနစ်တကျ ထွန်းကားဖို့၊ ရောင့်ရဲနိုင်ခြင်းမှစကာ တစ တစ.. အတ္တကိုပါ ဖျောက်နိုင်ခြင်းဖြင့် အမြိုက်သုခကို အလွယ်တကူ ရနိုင်ကြောင်း သင်ပေးသည့် စာအုပ်တွေရှိဖို့၊ စိတ်ကောင်း စိတ်မြတ်ကို အမှန် တကယ် ပျိုးထောင်ပေးနိုင်သည့် စစ်မှန်သော အနုပညာတွေ ရှိဖို့။ ဒါတွေကိုသာ လိုတော့သည် ထင်၏။

နောက်ထပ် သေချာတာတစ်ခုကတော့ ကျယ်ပြောလွတ်လပ်သည့် ကောင်းကင်နောက်ခံဖြင့် ပေါ့ပါး သန်မာ စွာ ပျံဝံ ရဲရင့်နေသည့် စွန်ရဲတွေကို ပြန်လည် မြင်တွေ့ခွင့် ရနိုင်တော့မည် ဆိုတာပဖြစ်လေသည်။

(ရွှေအမြုတေ မဂ္ဂဇင်း။
နှစ်ပတ်လည် အထူးထုတ်၊၁၉၉၅။
)

မေငြိမ်း(ဇွန်၂၆)



စွန်နှစ်ကောင်(အပိုင်းတစ်)

ကျမပို့စ်တင်တာ သိပ်စိပ်တော့ ဖတ်တဲ့သူတွေ ဆက်တိုက်ကြီးဖတ်နေရတာ
ဖတ်အားကြပါ့မလားလို့ စိတ်ထဲ တွေးနေမိတာ။
အဲဒါကို s0wha1 လေးက မှန်မှန်မတင်လို့တဲ့..လေ။
ကြည့်ပါဦး။ ကျမကတော့ တင်ချင်တာပေါ့။

ခုလဲ မိုးကနေ..ကျောင်းထဲရောက်.. အဲဒီကနေ အင်းလျား။
အဲ..အင်းလျားရောက်တော့..

အင်းလျားနဲ့ ပတ်သက်တာတွေက တသီတတန်းကိုး……………..

ဒါနဲ့ အဲဒီ တသီတတန်းထဲကနေ အစတစ်စ ဆွဲထုတ်လိုက်ပါတယ်။
အင်းလျားကနေ စတဲ့ စွန်နှစ်ကောင် ဆိုတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ပါ။ ၁၉၉၅ ရွှေအမြုတေမဂ္ဂဇင်း အထူးထုတ်မှာ ပါခဲ့တာ။ (ဘလော့မှာတော့ ရှည်မှာမို့ အပိုင်းခွဲပြီး တင်သွားပါ မယ်နော်)

စွန်နှစ်ကောင်

အင်းလျားကန်ပေါင်ရဲ့ ညနေကတော့ အခါများစွာကလိုပင် အပူချိုချိုနှင့် လူတွေ စည်ကားလို့၊ အလှမပျက်။ ကန်ထဲမှာ ရွက်လွှင့်နေသော လှေနှစ်စင်းက တငြိမ့်ငြိမ့် မျောလို့။ ပြီးတော့ တိမ်အရောင်တောက်တောက် နောက်ခံ ပန်းချီကားနှင့်။ သစ်ရွက် သစ်ပင် စိမ်းအုပ်အုပ်တွေ။ အပူထဲက အအေး။ ရင်ထဲထိ အေးချင်လှသည်။ တကယ်ဆို သူမတို့ ရှိနေရာဝန်းကျင်က တကယ့်ကို စိတ်အေးချမ်းသာဖွယ် မြကျွန်းဝန်းကျင်ပေပဲ။ အင်းလျား တ၀ိုက်ဟာ စိမ်းအေးသော ကျွန်းမြေပဲ မဟုတ်လား။ ပြီးတော့ သူမ ချစ်ခင်တွယ်ဖက်ရာ ကျောင်းပရိဝုဏ်။ သူမရင်ထဲ ကဗျာတစ်စ ရောက်လာ၏။ အောင်ပြည့်ရဲ့ ကဗျာ။

ထားပါတော့လေ။
မြကျွန်း…သာနေပါ၏။
စိုနေတဲ့ခေါင်းအုံးလေးနဲ့ ရှိုက်သံတွေ

… ဘယ်မှာဖွက်ထားခဲ့သလဲ… ပြော

တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုခဏမှာ မောင့်ဆီမှ သက်ပြင်းရှိုက်သံ ဖွဖွကို ကြားရသည်။

လတ် တကယ်ဆုံးဖြတ်နိုင်ပြီပေါ့ဟုတ်လား

တကယ်တော့ မောင် မယုံကြည်၍ ပြန်မေးခြင်းမျိုး မဟုတ်သည်ကို သူမလည်း အသိပင်။ သေချာပြီးသားကိုပဲ မောင်က လက်မခံနိုင်သေးတာ ဖြစ်နိုင်ပါလိမ့်မည်။

ဆုံးဖြတ်တာမဟုတ်ပါဘူး မောင်ရယ်၊ အရွေးချယ် ခံလိုက်ရတာပါ

မောင်က သူမ၏လက်ခုံကို သူ့လက်ဖ၀ါးတွေနှင့် အုပ်ကာ ဖိညှစ်လိုက်၏။ သူမကတော့ ဝေ့လည်လာသော မျက်ရည်တွေကို လွှဲဖယ်ဖို့ ကောင်းကင်ကို မော့ကြည့်လိုက်ရသည်။ ကောင်းကင်မှာတော့ လေမိပြီး ငြိမ့်နေသော အနီရောင် စွန်နှစ်ကောင်။ ကောင်းကင်ထဲမှာ ပျော်နေတယ်နဲ့ တူပါရဲ့။

တကယ်ဆို အဲဒီအမြင့်မှာ လွင့်ဝဲရခြင်းဟာ သူတို့အတွက် အတု သာပဲ။ သူမတို့နှင့် မလှမ်းမကမ်းမှာ ထိုစွန် နှစ်ကောင်ကို လွှတ်တင်သည့် ကလေးနှစ်ယောက်က ရစ်ဘီးကို လိုသလို လှည့်နေကြ၏။ သူတို့ လက်ထဲမှာ ထို စွန်နှစ်ကောင်၏ ကံကြမ္မာရှိသည်။ တကယ့် စွန်ရဲတွေကတော့ဖြင့် တဖြည်းဖြည်းနှင့် မိုးပျံ အဆောက်အဦးတွေ များလာသည့် မြို့ပြ၏ ကောင်းကင်ကျဉ်းကျဉ်းကို စွန့်ခွာကုန်ကြ၏။ ခုတော့၊ သူမတို့ အရင်ကလို စိတ်အား တက်ကြွဖွယ် စွန်ရဲတွေကို အလွယ်တကူ မမြင်ကြရတော့။ မြို့ပြင် လယ်ကွင်းတွေဘက်မှာဖြင့် သူတို့ကို လွပ်လွပ်လပ်လပ် လေဟုန်စီးနေတာ တခါတခါ မြင်တွေ့နိုင်မည်။


ဟိုမှာကြည့်စမ်း မောင်၊ အဲဒီစွန်တွေဟာ လတ်တို့နှစ်ယောက်နဲ့ တူတယ်။ လတ်တို့ အခုရှိနေတဲ့ ၀န်းကျင်ဟာ ကောင်းကင်အတုပဲလေ မောင်ရယ်၊ ဒါကို လတ်တို့ လက်ခံကြရလိမ့်မယ်

ဒါပေမဲ့ လတ်ရယ်၊ မောင်တို့သားသမီးတွေကို နယ်မြို့ကလေးမှာ

သူမ မောင့်ကို စကားဆုံးထိ ပြောခွင့်မပြုချင်ပါ။ မောင့် နှုတ်ခမ်းတွေကို လက်ခုံတွေနှင့် လှမ်းပိတ်လိုက်မိသည်။

လတ်တို့လိုပဲပေါ့ မောင်၊ တချိန်ကျရင်တော့ လတ်တို့လိုပဲ မြို့ကြီးမှာ ကျောင်းလာတက်ခွင့်လောက်တော့ သူတို့ ရကြမှာပါ

မောင်က ခေါင်းငုံလျှက် ငြိမ်သွား၏။ ခဏကြာမှ

မောင်တို့နှစ်ယောက် စောင့်ခဲ့၊ မျှော်လင့်ခဲ့ကြတာ ဒီလောက်ကလေးပဲတော့ မဟုတ်ပါဘူး နော် လတ်

ဟု မခံချိမခံသာဟန်ဖြင့် ခပ်တိုးတိုး ဆိုလေသည်။ သူမကတော့ ခပ်ဖွဖွ ပြုံးရင်း ကိုယ်က အကောင်းဆုံးကို ရွေးချယ်လို့ မရဘူး၊ အကောင်းဆုံးကသာ ကိုယ့်ကို ရွေးချယ်လိမ့်မယ် ဟူသော ရာဗင်ဒြာနသ်တဂိုး၏ စကား ကိုပဲ ဒဏ်ရာတစ်ခုလို နာနာကျင်ကျင်နိုင်စွာ သတိရ နေမိပြန်သည်။ ထိုစကားသည် သူမ လက်မခံချင်ခဲ့ဆုံး သော စကားဖြစ်လျှက် ခုတော့ဖြင့် သူမရော မောင်ပါ လက်ခံလိုက်ကြရပြီ။

ထိုညနေသည် ချစ်သော မြို့ပြသို့ နှုတ်ဆက်ညနေတို့၏ အစလည်း ဖြစ်သည်။

+++++
(နောက်နေ့တွေ ဆက်တင်သွားပါမယ်။)

မေငြိမ်း(ဇွန်၂၅)

Sunday, June 24, 2007

အင်းလျား

မိုး နဲ့ ဆက်စပ်ပြီး ကျောင်းဆီရောက်တော့ အင်းလျားကိုပါ ဖြတ်မိခဲ့သေး။
ဒါနဲ့ .. ကျမသူငယ်ချင်းတစ်ယောက်ရဲ့ အင်းလျား ဆိုတဲ့ ကဗျာလေးကိုပါ သတိရသွားတယ်။
၁၉၉၅ဇူလိုင်မှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကဗျာသမားတွေ အပျော်စုထုတ်တဲ့
အမေမျှော်တဲ့မိုး.. ကဗျာစာအုပ်ထဲမှာ ပါခဲ့တာပါ။
ခု... အဲဒီကဗျာလေး တင်ပေးလိုက်ပါတယ်။

အင်းလျား

ကလေးတွေက..
ငါ့ခြေ ငါ့လက်ပေါ်မှာ
အိပ်မက်တွေကို စွန့်ပစ်
ဘ၀အစစ်ရှိရာဆီကို
ပျံသန်းသွားကြသတဲ့.......

ငါနဲ့အတူ
ကောင်းကင်ပက်လက်
ရွက်လှေနဲ့ သက္ကရာဇ်တို့
ငါ့ခန္ဓာကိုယ်ပေါ်နဲ့
ရင်ထဲ စီးဆင်းသွား.....။ ။

ကျော်ဇောခိုင်


ထုံးစံအတိုင်း ကဗျာရှင်ကို ခွင့်မတောင်းနိုင်ပါ။

မေငြိမ်း(ဇွန်၂၄)



Friday, June 22, 2007

မိုးနဲ့ ပတ်သက်ရင်

မေ (မေဓါဝီ) နဲ့ ဆဂိ (ယူဆဂိ) တို့က ကျမကို
မိုးအကြောင်းရေးဖို့ Tag ပါတယ်။
ဒါပေမဲ့ ရေးစရာလေးတွေ တိုက်နေတာကြောင့်ရော..
သူများတွေ ရေးတာ စောင့်ဖတ်ချင်တာကြောင့်ရော..

လူကြီးပီပီ .. ခုမှပဲ နောက်ကလိုက် Tag လိုက်ပါပြီ။

တကယ်တော့ မိုးနဲ့ ပတ်သက်ပြီး ဇွန်လကို ကြိုရင်း ရေးခဲ့ပါသေးတယ်။
ဘာလို့ဆို.. ကျမက မိုးချစ်တဲ့သူလေ။
(ဒီတော့လဲ ..ထပ်ရေးရသေးတာပေါ့လေ..)


တခါတလေမှာ အကြောင်းပြချက် မည်မည်ရရမရှိဘဲ
စွဲလန်းစရာဖြစ်နေတာတွေ၊လွမ်းေ
မာဆွတ်ပျံ့စရာကောင်းနေတာတွေ..
ကျမတို့ဝန်းကျင်က သြကာသလောကထဲမှာ
အများကြီးတွေ့ဖူးကြမယ် ထင်ပါတယ်။
တောင်တွေ တောတွေ ကြည့်ရင်း တချို့က လွမ်း..

မြက်ခင်းပြင်တွေ ကွင်းပြင်တွေ ကြည့်ရင်း လွမ်း..

ကန္တာရ တွေ သဲသောင်တွေ ပင်လယ်တွေ ကြည့်ရင်း လွမ်း..

အဲလိုပဲ..
ပန်းတွေကို ချစ်။ ရာသီဥတုကို ချစ်။ တိရစ္ဆာန်လေးတွေ ချစ်။ ချစ်သူကို ချစ်။

အဲဒီလို ခံစားချက်တွေက… ဆန်းတယ်။

ဒီအထဲ ကျမလဲ ပါတယ်။

ပန်းပွင့်တွေကို ခံစားတယ်။ ရေမြေတောတောင်ကို ခံစားတယ်။
ပုဂံဘုရားပုထိုးတွေကို ခံစားတယ်။
ထန်းတောညို့ညို့တွေကို ခံစားတယ်။
ဇွဲကပင်တောင်ကြီးကို ခံစားတယ်။
နှင်းတွေကို ခံစားတယ်။ မိုးရေစက်တွေကို ခံစားတယ်။
နွေရွက်ကြွေတွေကို ခံစားတယ်။ ခါသင်္ကြန်ကို ခံစားတယ်။
အမည်နာမတွေကို ခံစားတယ်။ စိတ်တွေကို ခံစားတယ်။
အဲဒီအထဲမှာ မိုး ကို ခံစားတာလည်း ပါပါတယ်။


ကျမက မိုးနဲ့ပတ်သက်ရင်…
မိုးစက်မိုးပေါက်တွေ..
အပြိုင်အဆိုင်ပွင့်ကြတဲ့ပန်းတွေ..
ပြီးတော့ မိုးရဲ့ရနံ့ ..မိုးရဲ့ လေပြေ..
မိုး ဆိုတဲ့ အမည်နာမ.. အားလုံးကို ချစ်တာ။
(ကျမရေးခဲ့တဲ့ လုံးချင်းဝတ္ထုတွေထဲမှာတောင်
မိုးရွာတဲ့ မြင်ကွင်း မပါတာ ခပ်ရှားရှား)

မိုးတွေ သည်းသည်းရွာပြီဆို.. ခုချိန်ထိ ကျမ ငြိမ်ပြီး စိတ်ကူးယဉ်ကောင်းတုန်း။
ဒါပေမဲ့ မိုးကို ခံစားတတ်လာတာကတော့ အရွယ်ရောက်မှပါ။
အထူးသဖြင့်ပြောရရင်တော့.. တက္ကသိုလ်ရောက်မှ။
ကျောင်းသူဘ၀.. မိုးရွာပြီဆို.. အင်းလျားကန်ဘောင်ဆီ အပြေးသွားပြီး
မိုးရေတွေ
ရေပြင်ပေါ် မြားတံလို ကျနေတာကို ခဏခဏ ထိုင်ကြည့်ဖူး။

၈၈ မတိုင်ခင်... တံတားဖြူက ခရမ်းပြာဆိုတဲ့ လဘက်ရည်ဆိုင်လေးထဲမှာ ထိုင်ရင်း မိုးသည်းသည်းအောက်က ကန်ပေါင်ဆီကို ဆိုင်လေးရဲ့ နံရံသစ်ချောင်းတိုင် ကျဲကျဲတွေကြားကနေ ငေးရင်း ကျမရဲ့ ပထမဆုံး လုံးချင်းဝတ္ထု သီချင်းနှင်းဆီကို ရေးခဲ့တာ ..။

အဲသည်တုန်းက … ခရမ်းပြာမှာ.. ကိုနေ၀င်း ရှိတယ်။ ကိုရဲလွင် ရှိတယ်။ တခါတခါ ကိုခင်ဝမ်း ရှိတယ်။ တခါတခါ ခိုင်ထူး ရှိတယ်။ တခါတခါ မဇ္ဈိမ ကိုမောင်မောင် ရှိတယ်။ အဲဒီလူတွေကို နတ်ဘုရားလို ယုံကြည် ကိုးကွယ်ကြတဲ့၊ ရန်ကုန်တက္ကသိုလ်ထဲက စာရေးဆရာ ကဗျာဆရာ ပေါက်စတွေ ရှိတယ်။
အဲဒီထဲမှာ စာရေးဆရာပေါက်စ.. ကဗျာရေးသူပေါက်စ.. တစ်ဦးတည်းသော မိန်းကလေး..ကျမ ရှိတယ်။ ပြီးတော့ ၈၈
နောက်ပိုင်း န၀တအစိုးရက ဗကပ ယူဂျီ ဆိုပြီးတော့ ထောင်ချပစ်ခဲ့တဲ့ စာပေသမားတစုလဲ ခရမ်းပြာမှာ ရှိတတ်တယ်။ ခရမ်းပြာဟာ..စာပေ အနုပညာ နဲ့ နိုင်ငံရေး တို့ ဆုံရာ အရပ်လေးတခု။

မိုးသည်းတဲ့နေ့တွေဆို တဆိုင်လုံး လူမရှိသလို ငြိမ်တိတ်အေးချမ်း..။

တကယ်တော့ သူတို့ အားလုံးလိုလို ရှိနေကြတာ။ တခါတလေ ဘာအတီးမှ မပါဘဲ မိုးရဲရင် ဆောင်းရဲရမယ် ကို ၀ိုင်းအော်ဆိုကြသေး။ မိုးနည်းနည်းပါးချိန်.. ၀န်းကျင်တခုလုံး စိုစို စိမ်းစိမ်း အေးငြိမ်းနေတုန်းဆိုရင်တော့.. ကျမတို့ ကဗျာသမားအုပ်စုနဲ့ ခင်နေပြီဖြစ်တဲ့.. (ကျမတို့က ချိုစိမ့်လို့ နာမည်ပေးထားတဲ့) ခရမ်းပြာဆိုင်ရှင် ရီရီ ဆိုတဲ့ ညီမလေးကို ကိုနေ၀င်းရဲ့ ယာဉ်အမီ ရီရီပြုံးပြန်ပါ သီချင်းတွေကို ဖွင့်ခိုင်းမြဲ။ ပြီးရင်.. စစ်ကိုင်းလမ်း.. ပြီးရင်..ခတ္တာ..။ ညနေစောင်း အိမ်ပြန်ရခါနီးလာရင်တော့ ဘာကြောင့်မှန်းမသိ နောက်ဆုံးအိပ်မက် ကိုပဲ တညီတညွတ်တည်း နားထောင်ချင်ကြ။

ရဲရင့်..ကျောက်ခက်တို့ ဖြိုနေဆဲ.. ငါ့စိတ်တွေ နှင်နေတုန်းပေါ့..
တချို့တွေ နေနိုင်လွန်းတယ်…

ဆိုတဲ့ နေရာရောက်ရင် တကယ် ပြန်ဖို့ ပြင်ကြ။ လှည်းတန်းထိ လမ်းလျှောက်ကြဖို့ အရေးလဲ ပြည်လမ်းမကို မရွေးဘဲ ကန်ဘောင်ပေါ် တက်ပြီး ကျောင်းဝင်းထဲ ဖြတ်လျှောက် တဲ့ လမ်းရှည်ရှည်ဝေးဝေးကိုပဲ ရွေးကြတာပဲ။ ကျမတို့အဖွဲ့ ခရမ်းပြာထဲက ထွက်ပြီဆိုရင်

နှုတ်ဆက်ခဲ့ပါတယ်.. ကျနော်သွားတော့မယ်..လမ်းရဲ့ သယ်ဆောင်ရာ .. ဟို အဝေးကို ..အဝေးကို… လွမ်းတတ်ရင်လဲ လွမ်းမှာပဲ..လွမ်းမယ်….

လို့ အော်ဆိုသွားကြမြဲ။ အဲဒီအခါ ကိုခင်ဝမ်းရှိနေရင်..သူက ပြုံးလို့။ ကန်ပေါင်ပေါ် ရောက်တော့ သီချင်း တပုဒ်ပြောင်း.. ။

ဆော်လမွန်ငါးတို့အပြန်.. အပြန်..အပြန်..အပြန်..ဆော်လမွန်ငါးတို့အပြန်..

ဒီလိုနဲ့ ကျောင်းဝင်းထဲရောက်..သီချင်း နောက်ထပ်တပုဒ်။

တက္ကသိုလ်မြေနေ၀င်မှာကိုစိုးတယ်…ခုံတန်းလျားလေးတွေနဲ့အတူ..
အင်းလျားမြေက ချစ်ရိပ်သာရယ်..အော်..အဓိပတိနဲ့ သစ်ပုတ်ပင်ရယ်..
ဘယ်သူရင်ထဲ ခွဲမလဲကွယ်..

မိုးရွာပြီးစဆို.. အဓိပတိလမ်းပေါ်မှာ စိန်ပန်းနီအကြွေတွေ မျောနေ.. ဖွေးနေတာ တွေ့တတ်မြဲ။ ဒါဆို တယောက်က စပြီ။

ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲ မြေမှာ ကျဲပြန့်နေ..ကံကော်ပန်းတွေနဲ့အတူ.. သူနဲ့တွေ့ရာမြေ.. တက္ကသိုလ် သို့မဟုတ် မြကျွန်းသာအင်းလျားကန်နယ်မြေ….

အဲ.. ဂျပ်စင်ဘက်ကို ဖဲ့ဆင်းသွားတဲ့ လမ်းသွယ်လေးဆီ ဦးတည်ပြီဆိုရင်တော့ ကျမအလှည့်ရောက်ပြီ။ ကျမက ဂျပ်စင်ကို မော့မျှော်ကြည့်တိုင်း


ဂျပ်စင်..မိုးတိုးမတ်တပ်
ရပ်နေတာ ကြာပကော

မြသီလာ နုချိုသည်းနဲ့

ခွဲနိုင်ဘူးနော..

ဆိုတဲ့ ကိုရွှေသိမ်းမင်းရဲ့ ကဗျာကို မကြာခဏ ရွတ်မိမြဲလေ..။
အဲဒီတုန်းကတော့ ကျမတို့တတွေ လူငယ်ပီပီ မေ့မေ့ပျောက်ပျောက် ပျော်ပျော်မွေ့မွေ့ ..။

ကျောင်းကို အင်မတန်စွဲလန်းတယ်ဆိုတဲ့ ဖေဖေကတော့ အဲလိုမဟုတ်။
ကျမကို ကျောင်းလာကြိုရင်း သူသတိရတဲ့ကဗျာတွေကို ပြောပြတော့..

တက္ကသီလာ
သွေးမိုးဖြာသည်
ပြည်ရွာမိဘ မြင်လှဲ့ပါ့
.. တို့

ကျောင်းတော်ခရီး လမ်းမကြီး၌
သွေးစီးပွက်ပွက် ခုနစ်ရက်နေ့
မမေ့ပါနိုင် လဇူလိုင်တွင်
သဲဆိုင်အက်အက် အသက်စတေး
ခွင့်ရေးဆန္ဒ ပြခဲ့ကြသည့်
ဘ၀ကောင်းရာ လားစေသော်…
တို့.. အဲဒါတွေပဲ သတိရတော့တယ်တဲ့။
(အဖေက ၆၂ ကျောင်းသားကိုး)
အင်းးး…တကယ်တော့ လူတိုင်းက ကိုယ်စွဲမိစွဲရာပဲ ထင်ပါရဲ့နော်။

မေနဲ့ ဆဂိ က မိုးအကြောင်း Tag တာ။
ကျမကလဲ မိုးဆိုရင်.. အမြဲ အဲဒီမြင်ကွင်းတွေ ဒီအချိန်တွေကိုပဲ သတိရ။
ဒါနဲ့ပဲ ဆိုင်ဆိုင် မဆိုင်ဆိုင် မိုးအမှတ်တရကို ခုလို ရေးဖြစ်ခဲ့ပါတယ်။

(ကျမက ထပ် Tag မှာကတော့ ခင်မင်းဇော်..ယောဟန်အောင် နဲ့ ကိုမြင့်ဇေ..ပါ။
အချိန်လုပြီး ရေးပေးကြပါဦးး)

မေငြိမ်း(ဇွန် ၂၃)

Thursday, June 21, 2007

ကြယ်နှစ်ပွင့်…

Vangoh - Starry Night

တကယ်တော့ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။
ကြယ်တွေစုံတဲ့ ကမ္ဘာထဲက ကြယ်နှစ်ပွင့်ဆိုတာကိုပဲ ရည်ရွယ်ခဲ့တာပါ။

ခင်မင်းဇော်နဲ့ မေငြိမ်း

+++++

ကိုယ့်နိုင်ငံထဲ ဘယ်လိုမှ နေမရတဲ့အဆုံး ငါတို့သွားကြစို့.. ဆိုပြီး အတူလက်တွဲထွက်ခဲ့ကြတာ… တတွဲကြီး..။ ကျမရထားက ခေါင်းတွဲကြီး အပါအ၀င်ငါးတွဲ..။ သူ့ခမျာကတော့ နှစ်တွဲ..သူ့ခေါင်းတွဲနဲ့ သူမချိတ်ရတာ ၇နှစ်ကြာခဲ့ပြီ။ ခုမှ.. ခေါင်းတွဲကြီးရှိရာဆီ။

ခင်မင်းဇော်နဲ့ သူ့ရထားခေါင်းတွဲကြီး စချိတ်ခဲ့စဉ်က

+++++

မေငြိမ်း.. နင်တို့ ဖြစ်ပါ့မလား..
အခန့်မသင့်ရင် တောထဲတောင်ထဲနေရမှာ ထင်တယ်နော်..တဲ့။

သူက ကျမတို့မိသားစုကို စိတ်ပူတာ။
နင်က စခန်းက ကလေးတွေကို စာသင်ပေါ့ တဲ့။

တခုခုတော့ အဓိပ္ပါယ်ရှိမှာပါဟာ..တဲ့။

ကျမက ကိုယ့်နိုင်ငံထဲ ထောင်ကျရင်ကျ မကျရင်လဲ

ကိုယ်လုပ်ချင်တာ မလုပ်ရ..ကိုယ်မလုပ်ချင်တာလုပ်ရလို့ စိတ်ကျမှာ။

ထူးပါဘူးဟာ.. ငါ ဘာပဲ လုပ်ရလုပ်ရ..ထောင်ထဲလဲ မနေနိုင်ဘူး..

သစ္စာဖောက်လဲ မလုပ်နိုင်ဘူး..
လို့ ပြောတော့ သူက ကျမကို သေချာကြည့်တယ်။

တောထဲ စခန်းကုန်းကို ရောက်တုန်းက

သူကတော့ နိုင်ငံရေးကြောင့် ထောင်နှစ်ခါကျ။ တိုက်ပိတ်ခံရဖူး။ တောခိုဖူး ။ တိုက်ပွဲတွေကြားထဲ ပြေးလွှားဖူး။ တောထဲတောင်ထဲ ကလေးမွေးဖူး.. ကလေးဆုံးဖူး။ ကလေးငယ်ငယ် ရင်ခွင်ပိုက်လေးနဲ့ ထောင်ထဲ နေဖူး။ အဲဒီအပြင် နဲနဲမှ မကြောက်တတ် မငိုတတ် နောက်ဆုတ်မပြေးတတ်။ အင်မတန် အသည်းမာတဲ့ ပြတ်သားတဲ့ မိန်းမ။

သူကလဲ ကျမအကြောင်းကို ကောင်းကောင်း သိတယ်။ ကျမ ခေါင်းမာသလောက် စိတ်ပျော့တာ။ ခံစား ကြေကွဲ တတ်တာ။ တခါမှ ဆင်းရဲဒုက္ခ သိပ်မရောက်ဖူးတာတွေ သိတော့ သူ ကျမကို စိတ်မချတာ.. ကျမသိတာပေါ့။ သူက ကျမထက် တပတ်ငယ်ပြီး သူကသာ အမကြီးလို ခုထိ ပူပန်တုန်း။ ကျမ သူ့ဆီသွားရင် ကျမကို ကလေးလို အစအဆုံး လုပ်ကိုင်ပေးတုန်း။ ကျမကို ထိရင် သူကနာ..။ သူ့ကို ထိရင် ကျမက နာ..။ နှစ်၂၀နီးပါးမှာ ကျမတို့ တခါမှ စိတ်အခန့်မသင့် မဖြစ်ခဲ့ဖူး။ ကျမစိတ်ထဲမှာ သူ့မိသားစုသာ ကျမအတွက် တွယ်ရာသွေးသား။

+++++

ဘ၀မှာ မိတ်ဆွေကောင်း မိတ်ဆွေစစ်တွေ ရှိတာလောက် ချိုမြိန်တာမရှိ။ ပြီးတော့ ကိုယ့်ကို ကိုယ်ချစ်သလို ချစ်တဲ့ သူငယ်ချင်းမျိုး ရှိတာလောက် စိတ်အားရှိတာ မရှိ။

ကျမ ပိုက်ဆံမရှိပေမဲ့ အဲလို မျက်စေ့စုံမှိတ် ချစ်နိုင်တဲ့သူတွေ ရှိတာကို စိတ်ချမ်းသာလှပါတယ်။ ကျမနဲ့သူက အမြဲ တတွတ်တွတ်..အရာရာတိုင်ပင်..။ ကျမတို့နှစ်ယောက်က ဇာတိဇစ်မြစ် ပုသိမ်ချင်းလဲ တူ။ ကျင်လည်ရာ ပတ်ဝန်းကျင်ကလဲ တူ။ ဒီတော့ နှစ်ယောက်နေ့တိုင်း ပြောနေရလဲ စကားက ဘယ်တော့မှ ပြောမကုန်။

ဒါပေမဲ့ သူကတော့ နိုင်ငံရေးအတွက် မွေးလာသလို.. သူ့အတွေးအခေါ်တွေက ထက်မြက်တာ။ ကျမကတော့ အနုပညာသမား ပိုဆန်တာမို့ ခံစားချက်ကဲ။ ဒီတော့ သူ့လို နိုင်ငံရေးကို ရင်မဆိုင်တတ်။ သူနဲ့ ကျမက စိတ်တူ ကိုယ်တူ.. သဘောထားတူ..။ ဒါပေမဲ့ ခံနိုင်ရည်သတ္တိအရာမှာ သူက ပိုသာ။ မဟုတ်မခံ ရင်ဆိုင်တာမှာ သူက ပိုသာ။ အများနဲ့ ပတ်သက်ပြီး မှားနေတဲ့သူတွေ၊ အပြစ်ရှိနေတဲ့ သူတွေကို ဝေဖန် တုံ့ပြန်ရာမှာလဲ သူက ပိုသာ။ ဒါနဲ့ပဲ ကျမက သူ့ကို စိတ်ပိုင်းဆိုင်ရာအရ အားကိုးနေမိတာ။ ဘာလေးမဆို သူနဲ့ တိုင်ပင်မှ ဆုံးဖြတ်ချက်ကျ။

ဒီဘက်မြေမှာ ဘာလိုသလဲ ကြည့်ပြီး ကျမတို့နှစ်ယောက် တခုခုလုပ်စို့လို့ တိုင်ပင်တော့ မြန်မာစာအရေးအသား အမှားအယွင်းတွေ များတာကို နှစ်ယောက်လုံး ခံစားရရာက စာတည်းလုပ်ငန်း ကြေငြာဖြစ်ပါတယ်။ နှစ်ယောက်သားစိတ်ကူးပြီး နာမည်ကို ကြယ်နှစ်ပွင့်လို့ ရွေးဖြစ်ပါတယ်။

ကျမတို့ကို ကူညီချင်တဲ့ မိတ်ဆွေတွေက သူတို့ရဲ့ မဇ္ဈိမသတင်းစာမှာ အလကား ကြော်ငြာပေးတာ.. လပေါင်းများစွာ။ ခတ်ပြိုင်ကလဲ ကြော်ငြာပေးတာ။ ဒါပေမဲ့ ဘာလို့လဲ မသိ။ တခါမှ အလုပ်အပ် မခံရတာ ဒီနေ့ထိ။
(ကျမတို့ အကိုလိုဖြစ်နေတဲ့ ကိုလွမ်းဏီ(ABSDF) ကတော့ အဲဒါကို အမြဲ စတယ်။ နင်တို့ နှစ်ယောက်က ကြယ်နှစ်ပွင့်ဆိုတာ ဟုတ်သား.. စွာကျယ်နဲ့ အာကျယ်တဲ့.. ဒါကြောင့် အလုပ် မရတာ နေမှာ.. တဲ့။) (ဟီး..ဟုတ်ချင်လဲ ဟုတ်မှာ) ကျမတို့က အဲလိုလဲ လူချစ်လူခင် ပေါသေးတာ..။

ပိုက်ဆံအများကြီး အကုန်ခံပြီး ထုတ်ရတဲ့ စာအုပ်တွေထဲ အမှားတွေ ဗရပွ။ တချို့စာတွေ ဗမာလို ရေးထားတာ ဗမာက ဖတ်လို့မှ နားမလည်။ ကျမ နဲ့ သူ သက်ပြင်း တချချ။

နောက်တော့ အင်မတန် စာဖတ်တဲ့၊ အတွေ့အကြုံများတဲ့ သူက ကိုယ်တိုင် စာရေးချင်လာတယ်။ စာရေးဖို့ ကျမ ၀မ်းသာအားရ တိုက်တွန်း။ ဒါနဲ့ပဲ စေတနာနဲ့ အရည်အသွေးခံ ရှိပြီးသား ခင်မင်းဇော် ရဲ့ စာတွေကို ဖတ်ရ တော့တာ။

+++++

လမင်းကြီးကတော့ မသာလည်းတ၊ သာလည်းတ တဲ့။ ကျမက ည ကို ကြိုက်တယ်။ လသာညကို ပိုကြိုက်တယ်။ ပြီးတော့ ကြယ်တွေစုံတဲ့ညကို ကြိုက်တယ်။ အဲဒီအခါ လသာညထဲက ကြယ်တွေကိုကျတော့ ချစ်တယ်။

ကြယ်လေးတွေက လမင်းရဲ့ အလင်းကို ခြံရံပေးတဲ့၊ လမင်းရဲ့အလှကို ဖြည့်စွက်ပေးတဲ့ အင်အားစုလို့ ကျမ ခံစားရတယ်။ လောကကို ချစ်ခြင်းမေတ္တာနဲ့ ကြည့်တတ်တဲ့သူတွေအတွက် ဆိုရင်တော့ မြို့မငြိမ်းသီချင်း ထဲကလို

ကြယ်လေးတွေ ချစ်စရာ အပြာရောင်ကောင်းကင်မှာ
သူတို့ကို ပြုံးရင်း တလုံးချင်း ကြည့်နေပါ..
မကြာခင် ပြန်ကာပြုံးလို့ သူတို့လဲ ကိုယ့်ကိုခင်ကာ..
ပြုံးတုံ့ပြုံးလှယ် ကျီစယ်ရှာ။

ကြယ်လေးတွေကလဲ မိတ်ဆွေတွေ ဖြစ်နေမှာပါ..။
ဒါကြောင့်ပဲ လမင်းလို မသာနိုင်တောင် လမင်းကို ခြံရံ အားပေးတဲ့ ကြယ်လေးတွေ... ကျမတို့ ဖြစ်ချင်တယ်။

Vangoh-Starry Night

+++++

သေချာတာကတော့
ကြယ်တွေ စုံညီတဲ့ညက ပိုလှတာတော့ အမှန်။

မေငြိမ်း(ဇွန် ၂၁)
(ချစ်တဲ့ ခင်မင်းဇော်မွေးနေ့ အမှတ်တရ)

Wednesday, June 20, 2007

ဦးဆောင်မယ့်သူ..


မနေ့က ဇွန်လ ၁၉ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်သလို ကျမတို့ မြန်မာနိုင်ငံအတွက် မြန်မာ အမျိုးသမီးများနေ့လဲ ဖြစ်ပါတယ်။ အန်တီစုမွေးနေ့ကို ၁၉၉၆ခုနှစ်ကတည်းက မြန်မာ အမျိုးသမီးများနေ့လို့ သတ်မှတ်ခဲ့တာ ခုဆိုရင် ၁၁ကြိမ်မြောက်နှစ် ရောက်ခဲ့ပါပြီ။ ဒါကလဲ ကမ္ဘာသိ မြန်မာအမျိုးသမီး သူရဲကောင်း ဖြစ်တဲ့အပြင် တော်ရုံလူ မလုပ်နိုင်တဲ့ အန်တီ့ရဲ့ ဇွဲ သတ္တိ ခံနိုင်ရည် စွန့်လွှတ် အနစ်နာခံမှုနဲ့ တိုင်းပြည်ချစ်စိတ်စတဲ့ အရည်အသွေးတွေကြောင့်သာ ခုလို ဂုဏ်ပြု သတ်မှတ်ခံခဲ့ရတာပါပဲ။

ခုတလော ရေဒီယိုတွေ နားထောင်ရာက မြန်မာနိုင်ငံအရေးမှာ ဒေါ်စုပါဖို့ မပါဖို့ ဆိုတာတွေ ကြားရတော့ ကျမရဲ့ လူပြိန်းသိလေးနဲ့ တွေးကြည့်နေမိတာတွေ ပြောပြ ချင်လာပါတယ်။ ကျမတို့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးမှာ အန်တီစုရဲ့ အခန်းကဏ္ဍ ဘာကြောင့် ဘယ်လောက် အရေးကြီးရသလဲဆိုတာလေးကိုပါ။


မဆလ လက်ထက်မှာ ၂၆နှစ်လုံးလုံး မျက်စေ့ပိတ် နားပိတ် လက်ပိုက် ခေါင်းညိတ် လုပ်လာခဲ့ကြရတဲ့
ဲ့ ကျမတို့ မြန်မာလူထုဟာ ဒီမိုကရေစီဆိုတာကို လူ့အခွင့်အရေးဆိုတာကို တောင့်တရကောင်းမှန်း အန်တီစုကြောင့် သိလာရတာပါ။ လူထုအပေါ် ခေါင်းဆောင်တစ်ယောက်က မေတ္တာစေတနာထားတယ်ဆိုတာ ဒီလိုပါလား ဆိုတာကိုလဲ အန်တီစုကြောင့် သိလာရတာပါ။ မတရားအစိုးရရဲ့ အနိုင်ကျင့်မှုကို အချက်ကျကျ သိလာရတာလဲ အန်တီစုကြောင့်ပါပဲ။ အန်တီစုဟာ ကျမတို့ရဲ့ နားမျက်စေ့တွေကို ဖွင့်ပေးခဲ့တာပါ။ နှလုံးသားတွေ ဦးနှောက်တွေကို ပုတ်နှိုးခဲ့တာပါ။ န၀တ လက်ထက်မှာ အကြောက်တရား ဖိစီးနေတဲ့ လူထုကြီးကို လမ်းမပေါ် ထွက်ရဲလာအောင်လဲ အန်တီစုပဲ တတ်နိုင်ခဲ့တာပါ။


အန်တီစုဟာ ကိုယ့်မိသားစုလေးနဲ့ ကိုယ့်ဘာသာ အေးအေး သက်သာ ပြည့်ပြည့်စုံစုံ နေလို့ ရပါလျှက်နဲ့ မြန်မာလူထုနဲ့အတူ ဆင်းရဲဒုက္ခခံပြီး ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ဦးဆောင် တိုက်ပွဲဝင်နေတာပါ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကမ္ဘာက သိလာပြီး နိုင်ငံတကာက အာရုံစူးစိုက်မှု ရလာတာကလဲ အန်တီစု ကြောင့်ပါပဲ။ ဒါတွေကြောင့် ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးမှာ အန်တီစုရဲ့ ပါဝင်မှုက သိပ်ကို အရေးကြီး ပါတယ်။

တနိုင်လုံးအတိုင်းအတာနဲ့ လူ့အခွင့်အရေးရဖို့ ဒီမိုကရေစီရဖို့ ငြိမ်းချမ်းစွာ ကြိုးစားနေတဲ့ အန်တီစုကို ၂၀၀၃ခုနှစ် မေလ ၃၀ရက်နေ့မှာ ဒီပဲယင်း အရေးအခင်းကို ဖန်တီးပြီး စစ်အစိုးရက လုပ်ကြံဖို့ ကြိုးစားခဲ့တာကိုတောင် အန်တီက သင်ပုန်းချေခဲ့တာပါ။

အဲဒီလို အမျိုးသားသင့်မြတ်ရေးကိုသာ အစဉ်တစိုက် လက်ကိုင်ထားတဲ့ လူထု ခေါင်းဆောင်ကို မတရား သဖြင့် ချုပ်နှောင်ထားတာဟာ စစ်အစိုးရက ရာဇ၀တ်မှု ကျူးလွန်တာ ဖြစ်ပါတယ်။ ဒါကိုတောင်မှ အဲဒီ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် မပါမှဘဲ ဒီမိုကရေစီပေးမှာဆိုရင် အဲဒါကို ဒီမိုကရေစီလို့ သတ်မှတ် နိုင်ပါ့မလား…။ ပြီးတော့ အဲဒီ ဒီမိုကရေစီဟာလဲ ဘယ်လိုမှ မစစ်မှန်နိုင်ပါဘူး။ အနှစ်သာရလဲ မရှိနိုင်ပါဘူး။ တရားမျှတမှုလဲ မရှိပါဘူး။ ဒါကို ကျမတို့ သေသေချာချာ ယုံကြည်ထားဖို့လိုတယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ ကျမတို့နိုင်ငံ လွတ်မြောက်ရေးပါပဲ။ ပြီးတော့ ဒီမိုကရေစီ မျှော်လင့်ချက် ဒီမိုကရေစီပန်းတိုင်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ပြီး သင်ပုန်းချေရေးကိုလက်ကိုင်ထားသူဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို.. ဒီမိုကရေစီကို ချုပ်နှောင်ထားတာနဲ့ အတူတူပါပဲ။ တိုင်းပြည်ငြိမ်းချမ်းရေးကို ချုပ်နှောင်ထားတာနဲ့ အတူတူပါပဲ။ လူ့အခွင့် အရေးတွေကို ချုပ်နှောင်ထားတာနဲ့ အတူတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင် ခံထားရတာဟာ နောက်ကွယ်မှာ အဲလို မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ခံထားရသူတွေ အများကြီး ရှိနေတယ် ဆိုတာကို ဖေါ်ပြနေတာနဲ့ အတူတူပါပဲ။

ဒါကြောင့် အန်တီဒေါ်အောင်ဆန်းစုကြည် မတရားသဖြင့် အချုပ်နှောင်ခံထားရတာဟာ နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေပါတယ်ဆိုတဲ့ စစ်အစိုးရအနေနဲ့ အပြောနဲ့ အလုပ် မညီဖြစ်နေမှုရဲ့ သက်သေပါပဲ။

လူ့အခွင့်အရေးဆိုတာဟာ ကမ္ဘာကုလသမဂ္ဂက တရားဝင် လက်ခံ သတ်မှတ်ထားတာပါ။ ဒီမိုကရေစီ နိုင်ငံတွေမှာဆိုရင် ကျောင်းပညာရေးထဲမှာတောင် Democracy, Peace, Human rights တွေကို ကျောင်းသားတွေ နားလည်အောင် ထည့်သင်ပေးတာပါ။ အခု ကျမတို့ မြန်မာနိုင်ငံမှာကတော့ အဲဒီ လူ့အခွင့်အရေးအကြောင်း ပြောရင်ကိုပဲ စစ်အစိုးရက ရာဇ၀တ်မှုကျူးလွန်သူတွေကို အရေးယူသလိုမျိုး ဖမ်းဆီး သတ်ဖြတ်တဲ့အထိ မတရားသဖြင့် လုပ်နေတာပါ။ တကယ်တော့ ရာဇ၀တ်မှု ကျူးလွန်သူတွေကိုပင်လျှင် သူ့ အခွင့်အရေးကို အဲလို လုပ်ခွင့် မရှိပါဘူး။ ဒါကိုလဲ အန်တီစုက အမြဲ ပြောနေခဲ့တာပါ။

ခုတော့ ပိုအရေးကြီးလာပါပြီ။ ကျမတို့ နိုင်ငံထဲမှာ သူတို့ လုပ်ချင်သမျှကို လက်ရဲ ဇက်ရဲပိုလုပ်နိုင်ဖို့ ဖန်တီးထား တဲ့ အခြေခံဥပဒေဆိုတာကြီးကို အသက်သွင်းဖို့ သူတို့ သေသေချာချာ ကြိုးစားပါတော့မယ်။ ၁၉၇၄ တုန်း ကလို အလိမ်အညာတွေ အလှည့်အဖြားတွေ မခံရအောင် ကျမတို့ ဘယ်လို လုပ်ကြမလဲ.. လူထုကို ကျမတို့ ဘယ်လို ပြောပြ အသိပေးမလဲ.. ကျမတို့ ဘယ်လောက် လုပ်နိုင်မလဲ..။ (ညောင်နှစ်ပင်ကိစ္စနဲ့ ပတ်သက်လို့တော့ ဒီမှာ ဖတ်စေချင်ပါတယ်)

ကျမကတော့ အန်တီစုနောက်က တပြုံကြီး ပါလာတတ်တဲ့ လူထုကို မြင်ယောင် သတိရနေပါတယ်။ အန်တီစု ပြောလိုက်ရင် နားလည်သဘောပေါက်သွားတဲ့ မျက်လုံးတွေ ၀င်းလက်သွားပြီး လက်ခုပ် တဖြောင်းဖြောင်းတီး တတ်တဲ့ လူထုကို သတိရပါတယ်။ အန်တီစုနဲ့အတူ နိုင်ငံ့အရေးအတွက် တက်ညီလက်ညီ ဆွေးနွေး ညှိနှိုင်း နေတဲ့ နိုင်ငံရေး ဦးဆောင်သူတွေကို မြင်ယောင်လာပါတယ်။ ကျမယုံတယ်။ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို သေသေချာချာ ထောက်ပြဝေဖန်ဖို့၊ လူထုကို လမ်းညွှန် ရှင်းလင်းပြဖို့၊ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ ပြေပြေ လည်လည် ပူးပေါင်းနိုင်ဖို့တွေ ဆောင်ရွက်ဖို့ကို အန်တီစုကသာ အတတ်နိုင်ဆုံးပါ။ ဒါမှ စစ်အာဏာရှင်ကို အမြန်ဆုံး ဖြုတ်ချနိုင်မှာပါ။ (ဒါကို စစ်အစိုးရ ကလဲ ကောင်းကောင်းသိပါတယ်။) ဒါကြောင့်ပဲ လူထုအားကို ရဖို့ အတွက် အန်တီစု အမြန်ဆုံး လွတ်မြောက်လာဖို့ လိုပါတယ်။ အန်တီစုနဲ့ အလုပ်တွဲလုပ်ဖို့ နိုင်ငံရေး အကျဉ်း သားတွေအားလုံး လွတ်မြောက်ဖို့ လိုပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ဒီမိုကရေစီအရေး လုပ်မှဖြစ်မယ်လို့ ပြောနေသူများမှာ မရှင်းတာကတော့ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ…ဘယ်သူက လုပ်နိုင်ပါသလဲ.. ဘယ်လို လုပ်မှာလဲ.. ဘယ်လောက် အာမခံ နိုင်သလဲဆိုတဲ့ အချက်တွေကို ဘယ်သူမှ သေချာ မပြောနိုင်တာပါပဲ။ ကျမကတော့ သာမန်ပြည်သူ တယောက် အနေနဲ့ တကယ် သိချင်နေပါတယ်။ ကဲ.. …ဘယ်သူ ဖြစ်နိုင်မလဲ..။

မေငြိမ်း(ဇွန်၂၀)