Saturday, June 27, 2009

မြသီလာအလွမ်းပြေ(၄၃)


ကျမတို့မိသားစု ဘယ်လို လွတ်မြောက်လာသလဲ.. လို့ သိချင်သူတွေ များတာကြောင့် (၄၂)ကို အတိုချုံးပြီး လိုရင်းရေးခဲ့ရတာ..။ တကယ်တော့ (၄၂)ရေးရမယ့် အပိုင်း… ဇင်းမယ်မှာ ခိုနေရတဲ့ ၃လနီးပါး (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)ဟာ တကယ့်ကို သည်းထိတ်ရင်ဖို ဆန်လှတာပါ။ အဲဒီအချိန်လေးနဲ့ ပတ်သက်ပြီး အသေးစိတ်ရေးဖို့ တောင်းဆိုကြပေမဲ့ ဒီအချိန်မှာ ဒါတွေကို အကျယ်မချဲ့ချင်တော့ပါဘူး။ ကျမစိတ်ထဲ အဲဒီ ကိစ္စဟာ ပုဂ္ဂလိက ကိစ္စသာဖြစ်တယ်လို့ ထင်တာလေ။ ကျမတို့မိသားစု သူများနိုင်ငံမှာ ပုန်းခိုနေရတယ်ဆိုတာက လျှောက် အလည်အပတ်မပျက်.. မုန့်စားမပျက်.. ကလေးတွေ ကျောင်းတက်မပျက်..။ မဖြူဖြူသင်းတို့ နီလာသိန်းတို့ ပုန်းနေရတုန်းက အဖြစ်အပျက်မျိုး အခြေအနေမျိုးနဲ့ ယှဉ်တွေး ကြည့်လိုက်ရင် အရေးအရာ လုပ်ပြောစရာကို မဟုတ်ပါ။ တခုပါပဲ.. ကျမက ကျမကြောင့် ဒုက္ခတွေ့ရတဲ့ သားသမီးတွေကိုပဲ သနား တာလေ။

နအဖစစ်တပ်ကနေ ပြန်ရောက်လာတဲ့အချိန်မှာ ကျမက ကိုယ့်ကိုယ်ကို သေရွာပြန် မိသားစုလို့ပဲ သတ်မှတ်ထား ခဲ့ပါတယ်။ အဲဒီအချိန်လေးမှာ ခင်မင်းဇော်ကဆိုရင် ကျမတို့ မိသားစုတော့ သွားပြီ.. အင်းစိန်ထောင်ကို တန်းကနဲပဲ… လို့ တွေးပြီး အရုပ်ကြိုးပြတ် ဖြစ်နေတာ။ တကယ်ပါပဲ.. ဘယ်လို တွေးကြည့်ကြည့် လွတ်လာစရာအကြောင်းကို မရှိတာပါ။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ ကျမတို့ သားရဲတွင်းထဲက လွတ်လာခဲ့ပါတယ်။ အဲဒီ တလော ကျမနဲ့ ကလေး၃ယောက်ဟာ အဲဒီတောထဲရောက်သွားခဲ့တဲ့ အဖြစ်ဆိုးကို ညတိုင်းလို အိပ်မက်တွေ ပြန်ပြန်မက်ပြီး လန့်လန့်နိုးခဲ့ကြတာ ညတိုင်းလိုလိုပါပဲ။ ပြီးတော့ အဲဒီအချိန်မှာ အနာဂတ်ဆိုတာထက် ကျမကို ကူထားကြတဲ့ သူငယ်ချင်းတွေရဲ့ ပိုက်ဆံတွေကို ဘယ်လိုပြန်ပေးရပါ့ဆိုတဲ့ အပူ.. ရှေ့လျှောက် ထိုင်းမှာ ဒီမိသားစုကြီး ဘေးမရှိ ရန်မရှိ နေသွားနိုင်ပါ့မလားဆိုတဲ့အပူတွေ ဖိစီးလို့ပေါ့..။ Detention Center မှာ US Embassy က ကိုယ်စားလှယ် အာမခံပြီး လာခေါ်တာတောင် မပေးတဲ့ ထိုင်းအင်မီဂရေးရှင်းက ကျမတို့ တပြုံလုံးကို နောက်တကြိမ် အလွတ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။

သံရုံးက ဗီဇာကို နောက်ထပ် ၆လ extension ပေးထား.. လေယာဉ်လက်မှတ်ကလည်း အကန့်အသတ်မရှိ ရက်ရွှေ့ပေးထား..။ သူငယ်ချင်းတွေက အမျိုးမျိုး အားပေး..။ သံရုံးဘက် ကလည်း ဘယ်လို ကူရပါ့မလဲ စဉ်းစားနေကြ..။ ကျမကတော့ စိတ်ကို တ၀က်လောက် လျှော့ထားပြီး ထိုင်းမှာ ရေရှည်နေရေးကို တခုခု ပြန်စီစဉ်ဖို့ပဲ စဉ်းစားနေမိခဲ့ပါသေးတယ်။ ဒါပေမဲ့… အဲဒီ ရက်တွေထဲမှာပဲ ကျမတို့ နောက်တကြိမ် ပြန်ထွက်ဖို့ မီးစိမ်းလေးတချက်က လက်ကနဲပြ..။ အဲဒီမီးစိမ်းကို ဘယ်လို အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရလဲဆိုတာ ပြောပြချင်ပေမဲ့ ပြောပြလို့ မရတာမို့ အင်မတန်ကို စိုးရိမ်ပူပန်စရာ.. ထိတ်လန့်တုန်လှုပ်စရာကောင်းလှစွာနဲ့ ဖြတ်ခဲ့ရတယ် လို့သာ သိထားလိုက်ပါတော့။ တချိန်ချိန်တော့ ကျမ အသေးစိတ် ပြောပြ နိုင်မယ်ထင်ပါတယ်။

ဖြစ်ပါ့မလားဆိုတဲ့ ကျမရဲ့ သောကစိတ်ကို အမြဲအားပေးအားမြှောက် လုပ်တတ်တဲ့ သားကြီးကတောင် ဒီတခါတော့ သိပ်အားမပေးချင်။ ခင်ပွန်းသည်ကလည်း မျက်နှာ အပျက်ပျက်..။ ဟိုတခါလို လေယာဉ်ကွင်းမှာ ထောင်ဖမ်းတာမျိုး ဖြစ်ခဲ့ရင်.. ဒီတခါတော့ အပြီးပဲလို့ ကျမ ပြောတော့ မိသားတစုလုံး တိတ်ဆိတ်..။ ကျမကိုလည်း သူတို့ မလွန်ဆန်နိုင်ကြ။ သူငယ်ချင်းတွေကတော့ အားပေးတယ်။ ဒီတခါတော့ ဟိုတခါလို အဖြစ်မခံတော့ဘူးတဲ့။ ပြောသာပြောတာ.. ဟိုတခါလည်း အဲလို ပြောရင်းသားကကို နအဖတပ်ထဲထိ ဒုတ်ဒုတ်ထိ ရောက်သွား ခဲ့တာပဲလေ..။ ဒါပေမဲ့ ကျမ ထပ်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

+++++

ဒီဇင်ဘာ ၂၅ရက်နေ့က ခရစ္စမတ်နေ့မို့ ထင်ပါရဲ့.. ဇင်းမယ်လေဆိပ်ရဲ့ ည ၈နာရီက လူသူ ရှင်းလွန်းနေတယ်။ ဆောင်းည အေးအေးမှာ ကျမကတော့ ဇောချွေးတွေ ပြန်နေခဲ့တယ်။ ကျမရဲ့ နှလုံးခုန်နှုန်းကလည်း ပုံမှန်မဟုတ်။ တကယ့်ကို ၀ုန်းဒိုင်း ကျဲနေခဲ့တာ။ သားကြီးနဲ့ ကလေးတွေအဖေခမျာလည်း မျက်နှာပျက် တိတ်ဆိတ်။ အငယ်လေး ၂ယောက်ကတော့ နားမလည်တော့ စကားတွေ များနေကြ။ လေကြောင်းလိုင်းက တာဝန်ကျ ကောင်မလေးက ကျမတို့ရဲ့ စာရွက်စာတမ်းတွေကို အသေးစိတ် စစ်နေတယ်။ မိသားစု ၅ယောက် ဆိုတော့လည်း အကြာကြီးပေါ့..။ Check in ပြီးတော့ အင်မီဂရေးရှင်း..။ ဘုရားရေ.. အင်မီဂရေးရှင်းက ကောင်လေးက တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ.. လေဆိပ်အထွက်အတွက် မှတ်တမ်းတင်ဓာတ်ပုံတွေ ထုးစံအတိုင်း ရိုက်တယ်..။ ပြီးပြီ .. သွားတော့တဲ့။ ကျမရဲ့ လက်ဖ၀ါးတွေ အေးစက်..။ တကယ်ပဲလား.. အဲသလောက် လွယ်လွယ်ကူကူနဲ့ ကျမတို့ မိသားစုကြီးကို ပေးထွက်သလား။

အဲဒီအချိန် ကျမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစုက ဇင်းမယ်ရဲ့ တနေရာမှာ ဆုံပြီး ရှိနေကြ..။ ကျမဆီက ဆက်လာမယ့် ဖုန်းသံကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေကြတယ်တဲ့။ တခုခုဟေ့ဆို သူတို့ အမြန်ဆုံး လိုက်ကြမှာလေ..။ ဟော.. ခုတော့ ကျမတို့ Departure Gate ဆိုတဲ့ ဆိုင်းဘုတ်ကို တကယ် ဖြတ်ခဲ့ကြပြီ။ နောက်တော့ လေယာဉ်ဘီးတွေကြွမှ.. ကျမရဲ့ အားအကိုးဆုံး အကိုတယောက်ဆီ ကမန်းကတမ်း ဖုန်းခေါ်.. “ကျမတို့ ဇင်းမယ်ကနေတော့ လွတ်ပြီ ဆရာရေ….” လို့ သတင်းပေးရတယ်။ သူ့ခမျာလည်း အေးဗျာ… တဲ့။ စိတ်တ၀က် အေးသွားတဲ့ အသံနဲ့။ အဲဒီကနေ ဘန်ကောက်.. သုဝဏ္ဏဘုမ္မိလေဆိပ်..။ စိတ်က ဒုံးဒုံး မကျသေး။ အဲဒီမှာလည်း လေယာဉ်ဘီးတွေ အကုန်ကြွမှပဲ စိတ်တ၀က်အေးရပြန်တာပါ။ အဲဒီတော့မှပဲ မောင်နေလင်းဆီ we are leaving လို့ Text Message ပို့ရတော့တယ်။ ဒီလိုနဲ့ ဂျပန် Narita လေဆိပ်မှာ Transit ။ လမ်းတလျှောက်.. အချိန် ကမောက်ကမ ဖြစ်တာတွေ.. သားငယ်နဲ့ သမီး ခရီးပမ်းတာတွေထဲ ပင်ပန်းပေမဲ့ ကျမ စိတ်အေးလက်အေး ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ Dulles လေဆိပ်။

US ကို အ၀င်မှာတော့ ကျမ သိပ်စိတ်မပူတော့ပါဘူး။ ကျမတို့ စာရွက်စာတမ်းတွေက အခိုင်အမာလေ..။ တကယ်လည်း ကျမ သိပ်မပူသလိုပဲ.. အမေရိကန်အ၀င် အင်မီဂရေးရှင်း ကို အင်မတန် ချောမောလွယ်ကူစွာ.. ဖြတ်သန်းခဲ့ပါတယ်။ ပြီးမှ လာကြိုနေမယ့် သားနေလင်း ဆီ… ပြီးတော့ ကျမတို့ရဲ့ အနှုတ်ကနေ ပြန်စရတဲ့ နောက်ထပ်ဘ၀သစ်တခုဆီ.. ရောက်လာပါ တော့တယ်။ မောင်နေလင်းမောင်းလာတဲ့ ကားပေါ်ကနေ ဘေးဝဲယာကို ကြည့်ရင်း လိုက်လာ ချိန်မှာ ကျမတွေးနေမိတာက ကျမတို့ရဲ့ အံ့သြထိတ်လန့်စရာကောင်းလှတဲ့ အရင်းအနှီး ကြီးလှတဲ့ ဒီင်္ ဒုတိယအကြိမ် စွန့်စားခန်းကိုပါပဲ။ လောင်းကစားဆန်ဆန်ပြောရရင် ကျမ တကယ့်ကို ကံကို စမ်းသပ်ဖို့ ပုံအောလောင်းခဲ့တာပဲ မဟုတ်လား။ တကယ်လို့များ လွဲချော် သွားခဲ့ပြန်ရင်..။ တမိသားစုလုံး နအဖရဲ့ အကျဉ်းထောင်တွေထဲမှာ။ သားသမီးတွေ လူညွန့်တုံး။ ကျမတို့တွေ ဘ၀ဆုံးကြရမှာ။ ကျမဘာလို့ ဒီလောက် အရဲကိုး စွန့်စားခဲ့ပါလိမ့်။ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင် ခံစားရမယ့်အဖြေမျိုးလည်း ထွက်နိုင်ခြေများတဲ့ လောင်းကစားတခုကို ကျမ လုပ်ခဲ့တာပါ..။ အင်မတန် ကြောက်စရာကောင်းတဲ့ ကျမရဲ့ တဇွတ်ထိုး... အရဲကိုးစိတ်..။ နောက်တခုက ကျမကို အစွမ်းကုန်ကူကြတဲ့ သူငယ်ချင်းတွေကို ယုံတဲ့ စိတ်။ ဘာပဲဖြစ်ဖြစ်.. ကျမတို့ ဒီတကြိမ်မှာ မယုံနိုင်စရာကောင်းလောက်အောင်ပဲ ကံကောင်းခဲ့ကြပါတယ်။

အမေရိက က ဆောင်းလေအေးစက်စက်ကြီးနဲ့ ဖြန်းကနဲ လှမ်းပက်ပြီး ကြိုဆိုခဲ့ပေမဲ့ ကျမကတော့ လုံခြုံရာ အရပ်မှာ အေးချမ်းမယ့် နိမိတ်ပဲလို့သာ မှတ်ယူလိုက်ပါတယ်။

+++++



ဒီမြေဟာ ကျမချစ်တဲ့ ဇာတိမြေနဲ့.. ကျမရဲ့ အမေအိုကြီးနဲ့.. ကျမ ချစ်မက်စွဲလန်းတဲ့ မြသီလာနဲ့ အဝေးကြီးပါ။ ဒီမြေမှာ ကျမ မပျော်နိုင်တာလည်း ကြိုသိပြီးသားပါ။ ဒါပေမဲ့ ဒီမြေမှာ ကျမ ကလေးတွေအတွက် အခွင့်အလမ်း တွေ ရှိမယ်..။


ကျမအတွက် ကျမ ထပ်ဆည်းပူးချင်တဲ့ ပညာတွေကို ဆည်းပူးနိုင်မယ်..။ ကိုယ့်တိုင်းပြည်အတွက် တချိန်မှာ တခုခု ပြန်ဖြည့်ဆီး ပေးနိုင်ဖို့ လိုတဲ့ အရည်အသွေးတွေကို ဒီမြေမှာ ပျိုးထောင် ယူနိုင်မယ်..။ အနည်းဆုံး ကျမ တို့မှာ ကြိုးစားခွင့်တွေ ရှိမယ်..။ အဲဒီအခါ ဒီ မြသီလာနဲ့ အဝေးမှာ.. ကျမ ဘယ်လို တန်ဖိုးတွေ ကို ဆောက်တည်နိုင်မလဲ.. ဘယ်လို အခွင့်အရေးတွေကို ရှာဖွေမလဲ.. ဘယ်လို အခွင့်အလမ်းတွေကို အသုံးချမလဲ..။


ကျမ တွေးနေမိပါတယ်။ လူတွေ ကိုယ့်အမိမြေနဲ့ ဘယ်လောက်ဝေးဝေး.. စိတ်တွေနီးနီး ရှိနေဖို့က အရေးကြီးတယ် လို့..။ အဲဒီအခါ မြသီလာနဲ့ အဝေးမှာ ကျမ ချစ်တဲ့ ဇာတိမြေနဲ့ နီးအောင် ကျမ ဘာတွေ လုပ်မလဲ.. ဘာတွေ လုပ်နိုင်မလဲ.. ဘာတွေကို ဖြတ်သန်းမလဲ..။ သေချာတာကတော့ ကျမ ကိုယ့်ရဲ့ Identity မပျောက်ပျက်ဘဲ တစုံတရာ တန်ဖိုးရှိအောင် လုပ်နိုင်မယ်လို့ ယုံပါတယ်။ အဲဒီအခါ မြသီလာနဲ့ အဝေးကြီးမှာ… ထပ်စရတဲ့ ဘ၀ အသစ်ရဲ့ အတွေ့အကြုံတွေ.. သင်ခန်းစာတွေကလည်း ကျမအတွက်တော့ စာရေးစရာ အဖိုးတန်တဲ့ ကုန်ကြမ်း တွေပဲပေါ့။

အနောက်တိုင်းရဲ့ အလိုအရ ဘ၀စတယ်ဆိုတဲ့ အသက် ၄၀ ပြည့်တဲ့ နှစ်မှာ ကျမ ဘ၀အသစ် တခုထဲကို ဗြုန်းကနဲ ခုန်ချခဲ့တာ။ ကိုယ်တြိုင်းပြည်ကို စွန့်ပြီး ခြေမဲ့လက်မဲ့ ထွက်ခဲ့တာ..။ ဘာလိုလိုနဲ့ နောက်ဘ၀တခု အသစ်ပြန်စတော့ ကျမ အသက်က ၄၄နှစ်ထဲမှာ။ ချန်ထားခဲ့ရတဲ့ ၄၃နှစ်ကာလထဲမှာတုန်းကတော့ တကယ့်ကို ပင်ပန်းတကြီး။ ခု ၄၄နှစ်ပြည့်ရမယ့် ၂၀၀၉ ရဲ့ ဇန်န၀ါရီမှာလည်း ခြေဗလာ.. လက်ဗလာ..။ လောလောဆယ်တော့ ကျမက သားနေလင်း ကူညီ နေရာချပေးတဲ့ နေစရာအသစ်လေးမှာ နောက်ထပ် နေရာအသစ်.. အတွေ့အကြုံသစ်တွေကို ပြန်စ..။ အားလုံးဟာ တကယ့်အသစ်.. စိန်ခေါ်မှုတွေ တသီတတန်းကြီးနဲ့.. လေ့လာ သင်ယူရမှု အားထုတ်ရမှု အသစ်တွေနဲ့။ ဒါပေမဲ့ ကံဆိုးနဲ့ ကံကောင်းပူးတွဲပြီး အမြဲကြုံနေရကျ ကျမ.. ခု မြသီလာရဲ့ အဝေးမှာလည်း ကျမကို ပုံအောကူညီတဲ့ မောင်နေလင်းတို့ ဇနီးမောင်နှံနဲ့အတူ.. တကယ့်ကို ၀ိုင်းကြ၀န်းကြသူတွေက ကျမအနားမှာ ၀န်းရံလို့။ အံ့သြစရာကောင်းလောက်အောင်ပါပဲ.. မောင်နေလင်းတို့က အိမ်ငှားပေး.. သူငယ်ချင်းတွေက လိုတဲ့ အိမ်ပစ္စည်းတွေ ၀ိုင်းဖြည့်ကြ။ (တချို့ မီးဖိုချောင်ပစ္စည်းတွေဆိုရင် သုံးတောင် မသုံး တတ်အောင် အဆန်းတကြယ်တွေ :P) အိမ်လခ စိုက်ထားပေးတဲ့သူနဲ့။ (အဲဒီ အ၀ိုင်းအ၀န်းလေးကို ကျမ ဘယ်တော့မှ မမေ့… ပြီးတော့ မေ့လို့လည်း မဖြစ်)။ တကယ့်ကို ကျမ သိပ် မပူပင်လိုက်ရဘဲ စိမ်းမြမြ ဒေသလေးမှာ ဘ၀သစ်ကလေး တခုကို ဟန်ကျပန်ကျ စနိုင်ခဲ့ပါတော့တယ်။ အေးဆေးငြိမ်သက်တဲ့ နယ်မြို့လေး တွေကို နှစ်သက်တတ်တဲ့ ကျမအတွက်တော့ Maryland ဟာ မေမြို့နဲ့တူတဲ့ အငွေ့အသက်တွေ ရှိတဲ့ တိတ်ဆိတ်တဲ့ မြို့ကလေးပါ..။ ပြီးတော့ ဗမာပြည်သားတွေ အများကြီး ရှိတဲ့ မြို့။ ပြီးတော့ ကျမ ချစ်ခင်လေးစားတဲ့ မန္တလေး ပန်တျာကျောင်းအုပ်ကြီးဟောင်း ပန်းချီဆရာ စာရေးဆရာ ဒါရိုက်တာ ဦးဝင်းဖေနဲ့ ၅မိနစ်ပဲ ကားမောင်းရတဲ့ နေရာမှာ ကျမ နေခွင့်ရတဲ့ မြို့..။


မုန်တိုင်းနောက်က လေပြေညင်း.. ဆိုပေမဲ့ လေညင်းလေး သာယာပါတယ်ဆိုပေမဲ့ မုန်တိုင်းရဲ့ ဒဏ်ရာ ဒဏ်ချက် လေးတွေ.. ခြေစလက်စလေးတွေနဲ့ မှတ်စရာ သားစရာလေးတွေတော့ ရှိသေးသပေါ့လေ။ အဲဒါတွေကိုတော့ မြသီလာရဲ့ အဝေးမှာ… ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်ရေးသွားမယ် စိတ်ကူးထားပါတယ်။

+++++

မြသီလာအလွမ်းပြေ(၄၂)

တကယ်တော့ ကျမ သတိလစ်သွားတာက ခဏလေးပါ။ ကျမကို သူတို့တွေ ဆွဲထူပြီး ဒယဥ့်တိုက်ဆန်ဆန် တွဲခေါ်ပြီး လျှောက်နေချိန်မှာပဲ ရွာနေတဲ့ မိုးစက်တွေအောက်မှာ ကျမ ပြန်နိုးလာပါတယ်။ ကျမပြန်ပြီး ခေါင်းထောင်လာမှ ကျမကို တွဲနေတဲ့သူတွေက အမ သက်သာတယ်နော်.. စိတ်တင်းထားနော်.. အမကို လာခေါ်ပေးဖို့ စီစဉ်နေပြီ.။ ခဏတော့ စိတ်တင်းထားနော်တဲ့။ ကျမ အားတကယ်တင်းပြီး ဆက်လျှောက် နေမိပါတယ်။ ခြေလှမ်းတွေက ရှေ့ကိုပဲ မလှမ်းတော့..။ နောက် ပြန်ပြန်ဆွဲနေတယ်။ မောတဲ့ ကြားကပဲ ကလေးတွေကို ရှာတော့ သားလေးက သူ့အဖေပေါ်မှာ.. သမီးကတော့ လမ်းပြတယောက်က ကျောမှာ ပိုးထားပါတယ်။ သားကြီးရော..။ သားကြီးက ကျမနဲ့ အတော်လှမ်းလှမ်းမှာ.. သူ့အရပ်ကြီးက မြင့်လို့ လှမ်းမြင်ရ ပါတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာလည်း သိပ်မဟန်လှ။ (အဲဒီအချိန်မှာ ကွင်းပြင်ကျယ်မှာမို့ ကောင်းကင်အလင်းနဲ့ တယောက်ကိုတယောက် မြင်ရပါတယ်)။Justify Full

နောက်တော့ ရွာတရွာကို ဖြတ်ရမယ်.. တိတ်တိတ်နဲ့ မြန်မြန်.. တဲ့။ ရွာအစမှာ ထိုင်းစစ်တပ်.. တဲ့။ ကျမတို့ ပခုံးနဲ့ ရွာစည်းရိုး တိုက်လျက်သားနဲ့ ဖြတ်ရတာ.. စည်းရိုးတဘက်မှာ မီးရောင် လင်းလို့။ ကျမတို့ဘက်ခြမ်းက အမှောင်..။ အမှောင်ထဲ သုတ်သုတ် သုတ်သုတ်နဲ့.. မိုးရွာရွာအောက်မှာ.. တကယ့် လူဆို သူခိုးတွေလို..။ အဲဒီအချိန်မှာ ကျမစိတ်ထဲ အောက်ကျ နောက်ကျ နိုင်လိုက်တဲ့ ဘ၀လို့ တွေးနေမိတာ ၀န်ခံပါတယ်။ နောက်တော့ ရွာထဲ ၀င်မယ်.. တဲ့။ လျှောက်နေတုန်း လမ်းပြတယောက်က အမ ဒီရာဘာဘိနပ်စီးလိုက်.. တဲ့။ ရွာအ၀င်မှာ ပုလင်းကွဲတွေ ခင်းထားလို့တဲ့..။ တကယ်ပါပဲ ပုလင်းကွဲပြင်ကြီးကို ဖြတ်တော့ ဂျိုးဂျိုးဂျွိဂျွိ ထိုးထိုးထောင်ထောင်နဲ့..။ အမလေး စူးလိုက် ရှလိုက်လို့ကတော့ ဟက်တက်အကွဲပေါ့။ ပြောသာ ပြောရတယ်.. ကျမ ခြေဖ၀ါးတွေက ကျိန်းစပ်နေတာ.. ဘယ်လောက် ကွဲထား ရှထားသလဲ မသိ။

နောက်တော့ အိမ်တွေကြားက သုတ်သုတ်ဖြတ်..။ မိုးသံတဖြောက်ဖြောက်မို့ တော်ရုံ အသံလုံ နေတယ်ထင်ပါရဲ့။ ပြီးတော့ မနက် ၃နာရီဆိုတာ မိုးအေးအေးမှာ လူတကာအိပ်လို့ ကောင်းနေတတ်တဲ့ အချိန်လေ..။ အထူးသဖြင့် ထိုင်းတွေလို အပူအပင်မရှိတဲ့ တိုင်းပြည်မှာ ပိုပြီး အေးအေးချမ်းချမ်း အိပ်နေတော့မပေါ့။ အဲလိုတွေးမိရင်တော့ ကျမ နှုတ်ခမ်းကို နာနာ ကိုက်မိပါတယ်။ တရွာကုန်ပြီး နောက်.. လယ်ကွင်းတကွင်း..။ ကျမ အားဆုတ်လာပြန်ပြီ။ ကျမ ခြေထောက်တွေ လှုပ်လို့တောင် မရတော့ဘူးထင်ပါရဲ့။ အဲဒီအချိန်မှာပဲ လမ်းပြတယောက်က မနက် ၄နာရီ ထိုးတော့မယ်.. မလင်းခင်ရောက်မှ.. တဲ့။ ဘုရား… ကျမ စိတ်တိုသွားတယ်။ ကျမ.. ဒါ့ထက်မြန်အောင်.. ပြီးတော့ ဒါ့ထက်ပို မလျှောက်နိုင်တော့။ ကျမကလေးတွေလည်း လူတွေပေါ်က လိုက်လာပေမဲ့ မိုးရေအောက်မှာ သိပ်ပင်ပန်းနေရှာပြီ။ တွေးနေတာက တခြား.. တကယ့်လက်တွေ့မှာတော့ ကျမ တဗုံးဗုံးလဲပြန်ပါပြီ။ သားကြီးရော.. မိန်းကလေးတချို့.. ယောက်ျားလေးတချို့ရော.. ပို လဲကျလာသလိုပဲ..။ ရုတ်တရက် ကျမ နှလုံးတွေက ရင်ပတ်ထဲကနေ ခုန်ထွက်သွားတော့မလို ခုန်ပေါက်လာကြတယ်။ ကျမအမော ဆိုက်သံကို ကျမ ပြန်ကြားနေရတယ်။ ကြောက်စရာကြီး။ ကျမဆီကို လူတွေ ၀ိုင်းလာတာ ကျမသိနေတယ်။ မိန်းကလေးသံတွေ.. အမ .. အမ.. အမ... မရတော့ဘူးထင်တယ်။ သူ… မရတော့ဘူး.. သေလိမ့်မယ်ထင်တယ်တဲ့။ ကျမ ဘာမှမဖြေနိုင်တော့ဘူး။ မျက်ရည်တွေ စီးကျလာတယ်။ ကျမ လျှောက်ခဲ့တာ ၇နာရီနီးပါး တောက်လျှောက်..။ စိတ်က ဆောင်ပေမဲ့ လူက မဆောင်နိုင်တော့ဘူးထင်ပါရဲ့..။ ဟုတ်တယ်.. ကျမ သေတော့မယ်ထင်တယ်။

အဲလိုတွေးလိုက်ချိန်မှာပဲ အုံးကနဲ ကျမမှောက်လျက်ကြီး ပြုတ်ကျသွားတယ်။ ရွှံ့ရေတွေထဲ မျက်နှာကြီးအပ်လို့။ ကျမ လုံးဝ မလှုပ်နိုင်တော့ဘူး။ ကျမ ခေါင်းတောင် မထူနိုင်တော့ပါဘူး။ စိုးရိမ်တကြီးလက်တွေကို စိတ်မပူစေချင်လို့ ခေါင်းထောင်ပြချင်ပေမဲ့ ကျမ မတတ်နိုင်တော့ ပါဘူး။ ကျမစိတ်ထဲ.. အဖေရေ..လို့ တမိတယ်။ ကျမ ဘယ်လိုမှ မလှုပ်တော့ပါဘူး။ အားလုံး တက်ညီလက်ညီ.. ဒီမှာ သူ မရတော့ဘူး ..သေလိမ့်မယ်.. ခဗျားတို့ တခုခု စီစဉ်ပါတဲ့..။ နောက်တော့ ကျမကို တယောက်က ပွေ့ချီတယ်။ နောက် ခဏ ဆက်လျှောက်နေတာ သိတယ်..။ ကျမမျက်စေ့မှိတ်ထားရင်း လှိုင်းလုံးတွေပေါ်ကနေ လိုက်လာရသလိုပဲ..။ နောက်တော့ အေးစက်မာကျောတဲ့ အခင်းတခုပေါ် ကျမကို ချလိုက်တယ်။ ကိုယ်ပေါ်ကို အေးစက်စက် ခပ်လေးလေး အ၀တ်တခု လာတင်တယ်။ ရာကျော်က ကျမနားကို တိုးတိုးလေးလာပြောတယ်။ "အမေ.. ညည်း သိပ်ပင်ပန်းနေပြီ။ အဲဒါ သူတို့ ဆိုင်ကယ်ခေါ်ထားတယ်။ ဆိုင်ကယ်သမားလာမယ်။ ခု လမ်းပြတယောက် စောင့်ကျန်ခဲ့မယ်။ ညည်း သူနဲ့ လိုက်ခဲ့နော်.." တဲ့။ ကျမ မနေခဲ့ချင်ဘူး .. ကြောက်နေတယ်.. ဒါပေမဲ့ ကျမ နှုတ်ခမ်းတွေတောင် မလှုပ်နိုင်တော့ဘူး။ ကျမ ကလေးတွေ..။ ရာကျော်က ကျမနားကပ်လာတော့ ကျမကြိုးစားပြီး ပြောလိုက်တယ်.. ကလေးတွေ.. လို့။ ရာကျော်က ပြန်ပြောတယ်.. ကလေးတွေကို မေမေနဲ့ ထားခဲ့မယ်.. စိတ်မပူနဲ့နော်.. သူတို့ တာဝန်ယူတယ်.. အဖေနဲ့ သားကြီးကတော့ ဆက်လိုက်သွားမယ်တဲ့။ ကျမ မျက်ရည်တွေ စီးကျလာတယ်။ သားရော သမီးရော.. သိပ်ကို ပျော့ခွေနေပြီ။ မိုးလေအေးအေးကလည်း စိမ့်နေအောင် တိုက်လို့။ လမ်းပြခေါင်းဆောင်က အမ စိတ်မပူနဲ့နော်.. ဆိုင်ကယ်သမား လာမယ်.. တဲ့။

ကျမ အိပ်နေတဲ့ ဘေးကို သားနဲ့ သမီး ရောက်လာတယ်။ ရာကျော်က ကျမတို့မှာ ပါလာတဲ့ အ၀တ်ထုပ်ထဲက အ၀တ်တွေကို ရေညှစ်ပြီး ကျမတို့ ကိုယ်တွေပေါ်မှာ ခြုံပေးတယ်။ မနွေးပေမဲ့ လေတိုးတာကိုတော့ နည်းနည်း သက်သာစေတာပေါ့။ သမီးနဲ့သားက ကျမကို ဖက်ထားတော့ နည်းနည်း နွေးစေတာပေါ့လေ။ ခဏကြာတော့ သားရော သမီးရော ကျမပါ ပင်ပန်းတာတွေနဲ့ မေ့ကနဲ အဆက်ပြတ်သွားတယ်။ ကျမ ပြန်နိုးလာတော့ သမီးနဲ့ သားက အသက်ပြင်းပြင်းရှူလို့ အိပ်မောကျနေလိုက်တာ။ ကျမ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်.. မိုးသံနဲ့ ညပိုးကောင်တွေ အော်သံ..။ သစ်ရွက်လေတိုးသံ။ ဘေးဘီကို ကြည့်တော့ ကျမတို့က စိုက်ခင်းတခုထဲက အမိုးနဲ့ အခင်း ကျိုးတိုးကျဲတဲပဲ ရှိပြီး အကာမရှိတဲ့ တဲတလုံးပေါ်မှာ အိပ်နေကြတာ။ ကျမစိတ်ထဲ ဖြန်းကနဲ ကြောက်သွားပြီး သတိတရနဲ့ ကြည့်မိတော့ ကျမတို့နဲ့ မလှမ်းမကမ်းမှာ လူတယောက် လှဲအိပ်နေတယ်။ သူ့ဘေးမှာ ဆိုင်ကယ်တစီး..။ ကျမဒီတော့မှ သေချာ သတိရတော့တာ..။ ပြီးတော့ ကျမစိတ်ထဲ သူ့ကို ကြောက်တာတွေ စိုးရိမ် ထိတ်လန့်တာတွေလည်း တခုမှ မရှိတော့ပါဘူး။ (တကယ်တော့ အဲဒီလူငယ်လေးသာ သစ္စာမရှိ.. စိတ်ထားမကောင်းခဲ့ရင် ကျမတို့ ဘ၀က ကြောက်စရာကြီးပါ.. ခုထိ တွေးမိတိုင်း အဲဒီလူငယ်လေးကို ကျေးဇူးတင်မိပါတယ်)။

ကောင်းကင်ဆီကြည့်တော့ တိမ်တွေပါးနေတယ်။ လင်းတော့မှာလား မသိ။ ကျမ ဖြည်းဖြည်းချင်း ထထိုင် လိုက်တယ်။ အဲဒီတော့မှ လှဲအိပ်နေတဲ့သူဆီက စကားသံ ထွက်လာတယ်.. စဗိုင်းဒီမိုင်း ခပ် ဖိ.. တဲ့။ နေကောင်း လား အမ.. ပေါ့။ ကျမ ‘ခ’ တလုံးပဲ ပြန်ဖြေနိုင်တယ်။ သူက ထိုင်းလို ဆက်ပြောနေတယ်။ ကျမက (ထိုင်းလို မပြောတတ်ဘူး) လို့ ပြန်ပြောတော့ သူ ဆက်မပြောတော့ဘူး။ (သမီးလေး ကတော့ ထိုင်းလို ကောင်းကောင်းပြောတတ်ပါတယ်) လို့ပြောမှ သူက ‘အိုကေခပ်’ တဲ့။ (ကျမက အဲဒီလောက်လေးတော့ ပြောတတ်အောင် သင်ထားပါတယ်..) ကလေးနှစ်ယောက်ကို စမ်းကြည့်တော့ ကိုယ်လေးတွေက ပုံမှန်အတိုင်း နွေးနွေးထွေးထွေး ရှိနေပါတယ်။ ဖျားနာတဲ့ပုံ မရှိပါဘူး။ တဖြည်းဖြည်းနဲ့ အလင်းရောင် ပျို့လာပါတယ်။ မိုးလည်း စဲသွားပါတယ်။ ဒီတော့မှ ဆိုင်ကယ်သမားကို ကြည့်မိတော့ လူငယ်လေးပဲ ရှိပါသေးတယ်။ သူက 'သွားကြစို့'တဲ့။ (ကျမက အဲလောက်တော့ နားလည်ပါတယ်)။ ဒီတော့မှ သမီးနဲ့ သားကို နှိုးရပါတယ်။ ကလေးနှစ်ယောက်က အံ့သြစရာကောင်း လောက်အောင် လန်းလန်းဆန်းဆန်းနဲ့ နိုးလာပါတယ်။ (ကလေးတွေ မဖျားမနာတာလည်း ကံကောင်းတာပါပဲ)။

သူက ကလေးတွေကို ထိုင်းလိုပြောတော့ သားနဲ့ သမီးက ထိုင်းလို ကောင်းကောင်းတတ်တာမို့ သူပြောသလို လိုက်လုပ်ပါတယ်။ တဲပေါ်က ဆင်း ဘိနပ်တွေ ပြန်စီးကြပါတယ်။ ကိုယ်ပေါ်မှာ ခြုံထားတာတွေက မျက်နှာသုတ် ပုဝါတွေ နဲ့ အင်္ကျီအပိုတွေ။ သမီးက အဲဒီ အ၀တ်တွေကို ကောက်ပြီး ဆိုင်ကယ်ရှေ့က ခြင်းထဲကို ထည့်ပါတယ်။ ပြီးတော့ ဆိုင်ကယ်သမားရဲ့ ရှေ့မှာ သမီးက ထိုင်.. လေတိုက်နေတာမို့ သမီးကို မျက်နှာသုတ်ပုဝါ ခြုံပေးရပါ တယ်။ နောက် ဆိုင်ကယ်သမားနောက်မှာ သားငယ်လေး။ သားငယ်လေးနောက်က ကျမ..။ ဆိုင်ကယ်က ပြောင်းခင်းရွှံ့ကန်သင်းရိုးပေါ်မှာ မောင်းရတာမို့ ခမျာ ခက်ခက်ခဲခဲပါ..။ တချက်တချက် လမ်းဘေးကို ချော်ချော်ကျသွားလို့ ကျမမှာ ဘုရားတ နေရပါသေးတယ်။ နောက်တော့ စိုက်ခင်းထဲက ထွက်သွားပြီး ကားလမ်းမ ပေါ် ရောက်သွားပါတယ်။ မိုးလည်း စင်စင်လင်းခဲ့ပါပြီ။ လာခဲ့တဲ့ လမ်းကို ပြန် မျှော်ကြည့်လိုက်တော့ တောင်တွေ အဆင့်ဆင့်က ကျမတို့ နောက်မှာ ကျန်ခဲ့ပြီ။ ဟိုင်းဝေးလမ်းမပေါ် နာရီဝက်လောက်မောင်းပြီးချိန်မှာတော့ လမ်းသွယ်လေး တခုထဲ ၀င်လိုက် ပါတယ်။ အော.. ရွာလေးတရွာပဲ..။ တနေရာရောက်တော့ ရွာလမ်းဆုံး ပြောင်းခင်းတွေထိပ်မှာ ဆိုင်ကယ်ကို ရပ်လိုက်ပါတယ်။

နောက် သူက သမီးကို ထိုင်းလိုပြော။ သမီးက စကားပြန်။ ဆင်းလျှောက်ရမယ် မေမေ..တဲ့။ ၁၀မိနစ်လောက် လျှောက်လိုက်တဲ့အခါမှာတော့ လမ်းပြ၂ယောက်နဲ့အတူ သားကြီးနဲ့ သူ့အဖေကို သစ်ပင်တပင်ရင်းမှာ ခြေပစ်လက်ပစ်ထိုင်နေတာ တွေ့လိုက်ရပါတယ်။ အိုးး သားအဖနှစ်ယောက်လုံး ပေပွ စုတ်ပြတ်လို့။ သားကြီးခြေထောက်တွေက ဖူးယောင်နေ ပါတယ်။ ဒီတော့မှ သတိရပြီး ကိုယ့်ခြေထောက်ကိုယ်ပြန်ငုံ့ကြည့်တော့ သွေးစသွေးနတွေနဲ့ ရွှံ့တွေရောနေတဲ့ ခြေထောက်တွေက ကျမအတွက်တော့ တကယ့် သူစိမ်း အရာဝတ္ထု တခုလို။ လမ်းပြက အမ နေကောင်း တယ်နော်.. ကျနော်တို့က အမတော့ သေမှာပဲ.. ပြဿနာ ဘယ်လို ရှင်းရပါ့မလဲလို့ ပူနေတာ.. တော်ပါသေးရဲ့ဗျာတဲ့။ ကဲ.. ကျနော်တို့ကို လူတွေ မြင်မှာ စိုးလို့ တနေရာမှာ သွားခိုကြ ရမယ်.. တဲ့။ ကျန်တဲ့ အုပ်စုတွေက ပထမ ကားတစီးနဲ့ မိုး သိပ် မလင်းခင်ကတည်းက ပြန်သွားနှင့်ပြီတဲ့။ ကျမတို့ မိသားစုက နောက်တသုတ်တဲ့။

ပြောင်းခင်းနောက်တခုထဲ လျှောက်ရပြန်ပြီ။ သန်းခေါင်ထက်လည်း ညဥ့်မနက်နိုင်တော့ပြီ။ သားကြီးကတော့ စကားတခွန်းမှ မပြောတော့ပါဘူး။ သူ့အဖေက ကျမကို ပြောပြနေတယ်။ သားကြီး တော်တော် ပင်ပန်းပြီး နာသွားတယ်။ ညည်းကျန်ခဲ့ပြီး နောက်ဆက်လျှောက်တော့ သူ မနိုင်တော့ဘူး။ စိတ်ပူလိုက်တာ.. သူတောင် ပါလာပါဦးတော့မလားလို့.. တဲ့။ သားကြီးက ထွားကလည်း ထွား.. ၀ကလည်း ၀တဲ့အပြင် တခါမှ အပင်ပန်း မခံရဖူးတော့ သူ ဘယ်လိုမှ ရင်မဆိုင်နိုင်တာပါ။ ၁၀မိနစ်လောက် လျှောက်ပြီးမှ ဟို တောင်ကုန်းပေါ်က ဂူလေးထဲမှာ ခိုမယ်တဲ့။ တောင်ကုန်းလေးက သိပ်တော့ မမြင့်ပါ။ အပေါ်ရောက်တော့ ကွမ်းယာဆိုင်လေး တဆိုင်စာလောက် အကျယ်ရှိတဲ့ ကျောက်ဂူပေါက်လေး။ အဲဒီထဲမှာ ဖုန်တသောသောနဲ့ စောင်တွေခင်းထားတဲ့ အပုံ။ ကျမ ရာကျော့်ကို လှည့်ကြည့်တော့ ရာကျော်က အလိုက်တသိနဲ့ အဲဒီစောင်တွေကို ဖယ်ထုတ်ပြီး ဖုန်တွေခါပစ်ပါတယ်။ အကောင်ပလောင်တွေ ရှိမှာစိုးလို့ပါ။ ပြီးမှ ကျမတို့ မိသားစု အဲဒီ လျှိုပေါက်လေးထဲ ၀င်ပြီးနားရပါတယ်။ အဲဒီကျတော့မှပဲ ဇင်းမယ် က ကျမကို ပူနေမယ့် သူငယ်ချင်းတွေ မိတ်ဆွေတွေဆီ ဖုန်းတွေ ဆက်တိုက်ခေါ်ပြီး ပြန်ရောက်မယ့်အကြောင်း သတင်းပေးရပါတယ်။ ကျမတို့ကို ရွေးဖို့ အဆင်ပြေရဲ့လားဆိုတော့ ကျမရဲ့ အကိုလိုဖြစ်နေတယ်ဆိုတဲ့ စာရေးဆရာ(DV Lottery လျှောက်ပေးတာလည်းသူ :D)က အကုန် တာဝန် ယူတယ်လို့ ဒီဒီက ပြောပါတယ်။ ဒီတော့မှပဲ ကျမ မျက်ရည်တွေတွေ ကျနိုင်ပါတော့တယ်။ ဒီတော့မှ သားကြီး ကတောင် မျက်ရည်တွေကျလို့.. တကယ်တော့ သူ ၀မ်းနည်းနေရှာတာပါ။ ကျမကတော့ ကျမ သားသမီးတွေရဲ့ ဒီစိတ်ဒဏ်ရာကို ပျောက်အောင် ကုစားပေးရမယ့် တာဝန်တခု ကျမမှာ တိုးလာပြီလို့ တွေးနေမိ ပါတယ်။

လမ်းပြကို ကားက ဘယ်တော့ လာမှာလဲဆိုတော့ မပြောတတ်ဘူး တဲ့..။ ခဏကြာတော့ ဆိုင်ကယ်သမားလေးက ထမင်းထုပ်တွေလာပေးပါတယ်။ ကြက်ဥကြော်တွေနဲ့။ ပြီးတော့ ခမျာက ကျမတို့ကို ပါရာစီတမောတွေ တိုက်ရှာပါတယ်။ မိုးက စွေလိုက် သည်းလိုက်.. တချက် တချက် လေပါ ပါ။ ကျမက သားနဲ့ သမီးကို ပေးအိပ် ထားလိုက်ပါတယ်။ သူတို့ နားရအောင်..။ ကျမလည်း ခွေခွေခေါက်ခေါက်လေး လှဲ..။ ရာကျော်နဲ့ သားကြီးကတော့ ခြေဆင်းလက်ဆန့်ပဲ နေရပါတယ်။ လမ်းပြနဲ့ စကားအေးအေးဆေးဆေး ပြောကြတော့မှ ကျမတို့ လျှောက်ခဲ့တဲ့ ခရီးက ၁၂ကီလိုလောက် ရှိတယ်တဲ့။ တောင်တွေ ကျော်လာခဲ့တာတဲ့။ အမတို့က တော်တော် နုတာပဲ.. တဲ့။ တကယ်တော့ ဒီလမ်းဟာ ရှမ်းပြည်က လူတွေ ထိုင်းဘက်ကို ခိုးဝင်တဲ့ အနီးဆုံးလမ်းပေါက်ပါ.. တဲ့။ အဲဒီလမ်းကို လူပေါင်းများစွာ.. သူတို့ လိုက်ပို့ခဲ့တာ.. ကျမတို့လောက် နုတာ တခါမှ မပါဖူးပါဘူးတဲ့။ ဟုတ်မှာပါ..။ အဲလို အေးအေးဆေးဆေး စကားထိုင်ပြောနေရင်းကျမှပဲ ကျမရဲ့ လက်မောင်းတွေ ကျောတွေက ကိုက်ခဲလာပါတယ်။ ဒီလိုနဲ့…. တနေကုန်.. ကျောက်ဂူလေးထဲမှာ… ကျမတို့ ဖြတ်ခဲ့တဲ့ လမ်းတလျှောက် ကြုံရတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဆင်းရဲဒုက္ခမျိုးစုံကို နားထောင်ရင်း ညနေ ၆နာရီ ထိုးသွားပါတယ်။ ကျမစိတ်ထဲက ထင်ထားတဲ့ အတိုင်း မှောင်စပျိုးမှပဲ ကျမတို့ကို ခေါ်မယ့်ကားက ရောက်လာပါတယ်။

ကားပေါ် မြန်မြန်တက်.. ကားနောက်ခန်း ၀မ်းဗိုက်ထဲ ၀င်… လှဲအိပ် လှဲအိပ်.. ပြီးတော့ အပေါ်ကနေ အခင်းကြီး တခု အုပ်..။ မိသားစု တစုလုံး တိုးကျိတ်ပြီး ခွေခေါက်..။ ကဲ.. ကားထွက်ပြီ။ ကားက တရိပ်ရိပ်ပြေး။ ဒါပေမဲ့ ၃နာရီလောက်ပဲ မောင်းလိုက်ရပြီး နောက်မှာတော့ ရပြီ ထတော့လို့ ထိုင်းလိုပြောလို့ ထကြည့်လိုက်တော့ ကျမတို့ မိသားစု ဇင်းမယ်မြို့ထဲကို ပြန်ရောက်ပါပြီ။ ကျမတို့ သွားမယ့်နေရာ…။ အဲဒီမှာ သူငယ်ချင်းတွေက ကြိုလို့။ ဒဏ်ရာဒဏ်ချက်တွေနဲ့ စုတ်ပြတ်သတ်နေပေမဲ့ ကျမတို့ မိသားစု သေတွင်းကနေ ပြန်ရောက်ခဲ့ပါပြီ။ ဘယ်တော့မှ မမေ့တဲ့ ခရီး.. မေ့မရနိုင်မယ့် အတွေ့အကြုံပါပဲလေ..။

+++++

တကယ်တော့.. အဲဒီ ခရီးကို ကျမတို့ကသာ ဆန်းသစ်ခံစားနေပေမဲ့.. တကယ်က မြန်မာနိုင်ငံသားတွေ အများကြီးဟာ.. နယ်စပ်မျဉ်းတနံတလျားတလျှောက်မှာ ကျမတို့ မိသားစု ကြုံရတဲ့ အဖြစ်ဆိုးတွေကို ကြုံနေ ရင်ဆိုင်နေကြရတာပါ..။ ကျမတို့ကမှ ဒီခရီးကြမ်းကို တညတည်း ဖြတ်သန်းခဲ့ရတာ..။ စစ်တပ်ရဲ့ ထိုးစစ်နဲ့ ဖျက်ဆီးနှောက်ယှက်မှုတွေကြောင့် အိမ်ဆိုတာနဲ့တောင် တခါမှ မနေဖူးရရှာတဲ့ IDP လို့ ခေါ်တဲ့ ရွာပုန်းရွာရှောင် မိသားစုတွေ ဆိုရင် ကျမတို့ ကြုံခဲ့ရတဲ့ ခရီးကြမ်းမျိုး ဘ၀ကြမ်းမျိုးထဲမှာ ရက်ပေါင်း လပေါင်းများစွာ.. တခါတလေ နှစ်ချီတဲ့အထိ ကျင်လည်နေကြရတာ။ ကျမတို့ကမှ ကိုယ့် ကိုယ်ရေး ကိုယ်တာအတွက် ဖြစ်ရတာ..။ တောထဲ လှည့်လည်သွားပြီး ဒုက္ခရောက်နေသူ IDP တွေ.. မြေမြှုပ်မိုင်း ထိသူတွေကို လိုက်ရှာကယ်တင်နေတဲ့ Back Pack စေတနာရှင် ဆေးကုသရေးအဖွဲ့တွေ... နောက် မတရားစစ်အစိုးရကို ဖြုတ်ချဖို့ လက်နက်ကိုင် တိုက်နေတဲ့ တော်လှန်ရေးသမားတွေဆိုရင်.. အများအတွက် ခရီးကြမ်းတွေ နှင်နေရတာ နေပူမရှောင် မိုးရွာမရှောင်.. ရန်လိုသူတွေနဲ့ လက်တကမ်းကနေ..။ ပြီးတော့ စားဝတ်နေရေးအတွက် သူများနိုင်ငံထဲ ခိုးဝင်ရင်း အသက် ပေးလိုက်ရသူတွေ..။ အဲလိုပဲ ဘ၀ပါ ပေးလိုက်ရတဲ့ မိန်းကလေးတွေ…။ ဒါတင်ပဲလား..။ ကိုယ့်တိုင်းပြည်ထဲ မှာတောင် ထမင်း နပ်မှန်အောင် မစားရတဲ့ ဘ၀ ဘ၀တွေ..။ တကယ်တော့ ကျမတို့ မိသားစု ကြုံခဲ့ရတာတွေကို တမင်ရေးပြတာက အဲလို ဘ၀တွေ တကယ်ရှိကြောင်း သက်သေပြချင်လို့ပါပဲ။ ကျမရဲ့ ဒုက္ခကို ချပြချင်တာ မဟုတ်ပါဘူး။ ကျမတို့က မိတ်ဆွေကောင်း ကျောထောက်နောက်ခံတွေ ရှိလို့သာ အလွယ်တကူ ပြန်ထူ နိုင်ခဲ့တာပါ..။ ဒီတော့… ဘာ ကျောထောက်နောက်ခံမှ မရှိတဲ့ သာမန် အလုပ်သမား တွေဆို ဘယ်လို နေပါ့မလဲ..။ ကျမဖြင့် တွေးတောင် မကြည့်ချင်တော့ပါ..။

+++++

တကယ့် မထိတ်သာ မလန့်သာ ခရီးကနေ ပြန်အရောက်မှာတော့ ကျမကို ပူပန်နေတဲ့ သူငယ်ချင်းတွေရဲ့ အီမေလ်တွေ တပုံကြီးနဲ့ အရပ်ရပ်က စိတ်ပူလို့ လှမ်းမေးကြတဲ့ သတင်းစကားတွေက စောင့်ကြိုနေတာ တအားပါပဲ..။ အားလုံး စိတ်ပူပူနဲ့ သိချင်တာကတော့ ဘာဆက်လုပ်မလဲဆိုတာပါ..။ ကံကကောင်းချင်တော့ အမေရိကန်သံရုံးက ကျမတို့ ဗီဇာကို နောက်ထပ် ၆လ ပေးထားပါတယ်။ လေယာဉ်လက်မှတ်အေးဂျင့်ကလည်း ကျမတို့ကို သနားလို့တဲ့ လေယာဉ်လက်မှတ်တွေကို ရက်အကန့်အသတ်မရှိ နောက်ဆုတ် ရွှေ့ဆိုင်း ပေးပါတယ်။ အဝေးကဆိုရင်တော့ အမေရိကမှာ ရှိနေတဲ့ မောင်နေလင်းတို့ တစုံနဲ့ ချိုသင်းတို့ တစုံကတော့ အပူဆုံးပေါ့..။ သူတို့နဲ့လည်း ခင်တဲ့ ထိုင်းက ကျမရဲ့ မိတ်ဆွေတွေဆီ တချိန်လုံး သတင်းလှမ်းမေးနေကြတယ်လို့ ဆီးပြောကြတော့ အားရှိရတာ အမှန်ပါ။

အဲဒီကာလမှာ နောက်ထပ်ချစ်စရာကောင်းတာက ဘလော့လောကထဲက ညီမလေးတွေ..။ လူချင်းတောင် မမြင်ဖူးပါဘဲနဲ့ ချစ်ခင်နေကြတာမို့ ကျမတို့ သတင်းကြားတော့ ပူပူပန်ပန် လှမ်းမေးကြ..။ ပြီးတော့ ကျမဘလော့ရဲ့ Cbox မှာ ဒေါ်မေငြိမ်းတို့ မိသားစုကို ထိုင်းစစ်တပ်က ဖမ်းထားတယ်လို့ တယောက်က ၀င်ရေးထားတာကို ပျောက်သွားအောင် message တွေ အလုအယက် တင်ကြသတဲ့။ အဲဒါလေးတွေက စိတ်ဓာတ်အားအင်ရတာပါပဲ။ ဇင်းမယ်ကို ကျမတို့ ပြန်ရောက်တာ အောက်တိုဘာလ ၂ရက်နေ့ည…။ အားလုံးက ကိုယ်ရောင် ဖျောက်နေဖို့ အကြံပေးတဲ့အပြင် ကျမတို့ကိုယ်တိုင်ကလည်း ကြောက်နေကြတာမို့ မိသားတစုလုံး အိမ်ထဲက အိမ်ပြင် မထွက်ဘဲ နေရတဲ့ ရက်တွေပေါ့။ သူငယ်ချင်းတွေ ကောင်းမှုနဲ့ နေစရာအိမ်မပူရ..။ အစစ ပြည့်ပြည့်စုံစုံနဲ့.. (ပုန်းခိုနေရတာက လွဲလို့..)။ ဒါပေမဲ့ စိတ်ထဲမှာ အနာဂတ်မရေရာမှုကတော့ ဖိစီးနေတာပေါ့လေ..။ သမီးနဲ့ သားငယ်လေးက ကျောင်းပြန်တက်ချင်နေရှာပြီ။ ဒီလိုနဲ့ အိမ်တွင်းအောင်း တလလောက်ရှိလာတော့မှ သားနဲ့သမီးကို ကျောင်းပြန်တက်ခိုင်း.. ကျမလည်း အပြင်နည်းနည်း ထွက်ရပါတယ်။

နောက်တကြိမ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ပဲ တွေးထားခဲ့ပါတယ်။ တကယ်လို့ နောက်တကြိမ် ဆိုခဲ့ရင်လည်း နောက်ထပ်လိုအပ်တဲ့ ငွေကြေးကို ကျမ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ ထိုင်းမှာ ဘယ်လိုနည်းနဲ့ ဆက်နေမလဲဆိုတာပဲ စဉ်းစားရပါတော့မယ်။ သူငယ်ချင်းတွေအားလုံး ၀ိုင်းပူကြရ.. ၀ိုင်းကူကြရ တဲ့ အချိန် ပေါ့…။ နောက်ထပ်တခါသာ တရားမ၀င်နေထိုင်မှုနဲ့ ငြိပြီဆိုရင်တော့ ကျမတို့က အမှုကြီးပြီလေ..။ ဒါပေမဲ့ .. လူက နေပေမဲ့ ကံက မနေဘူးဆိုတာလို… ပြုခဲ့ဖူးသမျှ ကုသိုလ်ကံအကျိုးဆက်နဲ့ ကျမတို့ မိသားစုအပေါ် မေတ္တာထားကြတဲ့ သူတွေရဲ့ ကျေးဇူးနဲ့…။ ကျမရဲ့ ခေါင်းမာမာနဲ့ အလွယ်တကူ အလျှော့မပေးတတ်တဲ့ အကျင့်နဲ့ ကျမလုပ်သမျှ ပံ့ပိုးတဲ့ ခင်ပွန်းရဲ့ အားနဲ့..။ ပြီးတော့ မောင်နေလင်းနဲ့ ဇနီးက ဒီကို ရောက်အောင်သာ လာဖို့ ကြိုးစား.. ကျနော်တို့ ရှိတယ်ဆိုတဲ့ စကားတခုရဲ့ အားနဲ့..။ ကျမ လက်ကျန်အားအင်တွေ အကုန် စိုက်ထုတ်လို့ နောက်တကြိမ် ထပ်ကြိုးစားတာမှာ……………….. အံ့သြစရာကောင်းလောက်အောင် အဆင်ပြေ ချောမောစွာ နဲ့… ဒီဇင်ဘာ ၂၅ရက်နေ့ … Washington Dulles International Airport မှာ လာကြိုနေတဲ့ သားနေလင်းရဲ့ ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နိုင်ခဲ့ပါတော့တယ်။ အဲဒီတုန်းက ဒီမိသားစုကြီးကို ထိုင်းကနေ အမေရိကအရောက် အစအဆုံး ကူညီ အဖော်လုပ် ပေးခဲ့ရတာကတော့ ကျမရဲ့ ဘော်ဘော်ကြီး ဘလော့ဂါ ဆြာယောပေါ့ရှင်…။ (နောက်ထပ်သာ အမှုထပ်ဖြစ်ရင် အဲဒီတခါ သူပါ အမှုတွဲမှာ.. :P)

+++++

(စာရေးဆရာဆိုတော့လည်း နိဂုံးကို သပ်သပ်ယပ်ယပ် ချုပ်ပေးချင်ပါတယ်.. ဆိုတော့ ခုက နိဂုံးနဲ့ မတူ။ ဒါကြောင့် အပိုင်း(၄၃)မှာ နိဂုံးသပ်ပါ့မယ်။ မှတ်မှတ်ရရ အသက်ကလည်း ၄၃ဆိုတော့  Happy Ending ထင်တာပဲ :D)