Thursday, March 26, 2009

မြသီလာအလွမ်းပြေ(၃၇)


၂၀၀၅ ရဲ့ ဇန်န၀ါရီ…။
ကိုယ် ပတ်သက်နေရတဲ့ နေရာတိုင်းမှာ အကျင့်ပျက် ခြစားတာတွေ… ဆင်းရဲ ငတ်မွတ်တာတွေ… ပညာရေးစနစ် ပျက်စီး ယိုယွင်းနေတာ.. ဒါ့ထက်ပိုဆိုးတာက စစ်အစိုးရက ၀န်ထမ်းလောက အပါအ၀င် အနုပညာလောက စာပေလောကတွေထဲကို ဖောက်ဝင်ပြီး သပ်လျှို သွေးခွဲနေတာတွေအပေါ် ကျမ တစစ သွေးပျက်လာရတာ..။ အဲဒီအချိန်မှာ မိုးခါးရေ သောက်နိုင်မလား… ဆိုတာက ကျမအတွက် သိပ်ကြီးတဲ့ စိန်ခေါ်ချက်ဖြစ်လာပါပြီ။

ဒီလိုနဲ့ အလုပ်ထွက်စာတင်ဖို့ဘက်ကို အားသာသာလာတယ်။ အဓိကကတော့ ကျမရဲ့ အမေရိကန်က မိတ်ဆွေ ပြောတာကို စိတ်က ရောက်နေတာပါ။ ဘန်ကောက်သာ ရောက်အောင် လာလိုက် ခဗျားဆိုရင် ဗီဇာ လွယ်လွယ်လေးတဲ့။ (ဟဲဟဲ.. ကိုယ်ကလည်း ယုံတာ.. ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်သေး.. တက္ကသိုလ်က မတောက်တခေါက် ကထိက.. မဖြစ်ညစ်ကျယ် စာရေးဆရာမ များ.. တော်တော် ကြီးကျယ်တယ် ထင်တာ။ ပြီးတော့ ခုလောက် မြသီလာကို ဖတ်လာမှတော့.. ကျမ ညံ့ချက်တွေ သိလောက်ရောပေါ့..။ ကျမကို ကိုယ့်ကို ပြောရင် တကယ်အမှန်ပဲ ထင်တာ.. ယုံတယ်။ ညီမလေးတယောက်က ပြောဖူးတယ်.. အမက မထင်ရဘူး..တဲ့။ ကြည့်တော့ လည်မလိုလိုနဲ့ .. ဘသူပြောပြော ယုံနေတာပဲ.. တဲ့။ အဲဒါ အမှန်ပဲ။ ဘယ်သူပြောပြော သိပ်မယုံနဲ့လို့ တွေးထားလည်း ကိုယ့်ရှေ့ မျက်နှာသေနဲ့ လာပြော.. ယုံတာပဲ။ အထူးသဖြင့် "မေငြိမ်းကို ကောင်းစေချင်လို့ ပြောတာ.." ဆိုတာလေးသာ သူ့စကားမှာ ပါလိုက် ယုံပြီးသား… ခုထိ။

တကယ်တော့ ကျမက သူများကို (ဘယ်တော့) ဘယ်တော့မှ မလိမ်ညာ။ အထူးသဖြင့် လူတဘက်သား ဘ၀နဲ့ ချီတဲ့ အရေးကြီးတဲ့ ကိစ္စမျိုးဆိုရင်တော့ ပိုလို့တောင် မညာသေး...။ ဆိုတော့ လူတိုင်းကို ကိုယ့်လိုပဲ မှတ်ပါတယ်။ ဒါပေမဲ့ ခုတော့ ကျမ ခပ်ရေးရေး သိပါပြီ။ လောကကြီးက ကျမ ထင်သလောက် မရိုးစင်း..။ အဲသလိုပဲ လူတွေကလည်း ကျမလိုချည်းပဲတော့ မဟုတ်။ တချို့ဆို အလကားနေရင်းကို လိမ်ပြော ညာပြော လိုက်ရမှ နေသာ ထိုင်သာ ရှိတာမျိုးလေ။ တချို့ကတော့ လိမ်တာဟာ အပြစ်လို့တောင် မသိတော့။ လူတဘက်သား အတွက် ဒုက္ခဆိုတာလည်း မတွေးကြတော့။ ကျမတို့ရဲ့ အာဏာပိုင်မင်းများနဲ့ သိပ်မကွာ..။

ဒီလိုနဲ့ ကျမ အလုပ်ထွက်ချင်ကြောင်း ရာကျော့်ကို လှမ်းပြောတော့ သူ့ခမျာ စိတ်မကောင်း ဖြစ်ရှာပါတယ်။ သူက ကျမ ဆရာမ လုပ်တာကို သဘောကျတာဆိုတော့ သူက ပြောတယ်။ ကလေးတွေကို ဆရာမ သားသမီး ဖြစ်စေချင်တာတဲ့။ ဟုတ်ပါတယ်။ ကျမတို့ နှစ်ယောက်လုံးကလည်း ဆရာ ဆရာမ သားသမီးတွေ။ ပြီးတော့ ဒီဘ၀ကိုပဲ နှစ်ခြိုက် ရွေးချယ်ခဲ့သူတွေ..။ ဒါပေမဲ့ ကျမ မပျော်တော့တာကိုပဲ တွင်တွင် ပြောနေမိတယ်။ သေချာတာက ကျမ ပိုက်ဆံ ပေါနေတာမှာတောင် မပျော်ပိုက်နိုင်တော့ဘူး ဖြစ်လာတယ်။ ဒါနဲ့ နောက်ဆုံးတော့ ရာကျော့်ကို အလုပ်ထွက်ဖို့ သေချာပြီလို့ ပြောလိုက်တော့တယ်။ ဒီတော့လည်း သူ ဘာမှ မပြောတော့ပါဘူး။ ကျမ သူငယ်ချင်းတွေကတော့ ပူကြတယ်.. ဘာလုပ်မလဲတဲ့..။ ကျမက ပုသိမ်မုန့်ဟင်းခါးရောင်းမှာပေါ့.. လို့ ဖြေတာပဲ..။ ကျမ ကောင်းကောင်း လုပ်တတ်တာ ဒါပဲ ရှိတာကိုး (ကြုံကြွား:P)။ မိတ်ဆွေကာတွန်းဆရာ ဆွေမင်း(ဓနုဖြူ) ကတောင် သူ့ တွတ်ပီကာတွန်းတအုပ်ထဲမှာ မုန့်ဟင်းခါးဆိုင် ဇာတ်ကွက် တကွက် ပါတာကို မေငြိမ်း ပုသိမ် မုန့်ဟင်းခါးလို့ ရေးပြီး နောက်ခဲ့သေးတာ။ တကယ်.. ကျမလေ.. မေငြိမ်း (မဟာဝိဇ္ဇာ) အငြိမ်းစားကထိက.. ပုသိမ်မုန့်ဟင်းခါး လို့ကို ဆိုင်းဘုတ်တပ်ပြီး လမ်းဆုံလေးခွမှာ ရောင်းပစ်လိုက်ချင်တာ .. ရွတ်ရွတ်နဲ့ပေါ့။ အဲဒီတလော စိတ်ကလည်း အချဉ်ပေါက်လိုက်သမှ..။

ဖြစ်ချင်တော့ မလေးရှားကနေ ရာကျော်က ဓာတ်ပုံတွေ ပို့တဲ့အခါ အမြင့်တက်နေတာတွေ တွေ့ရတော့ နှလုံးက အောင့် အောင့်ချင်လာတယ်။ ရန်ကုန်မှာတုန်းကတော့ Agent က ရာကျော်က အင်္ဂလိပ်လိုပြောနိုင်ပြီး ဘွဲ့ရလည်း ဖြစ်လို့ Supervisor ခဏနဲ့ ဖြစ်မှာတဲ့။ တကယ် ဟိုရောက်တော့လည်း supervisor လို့တော့ ပြောပါရဲ့။ လုပ်ရတာတွေက တယ် မချောင်ဘူး။ ရတော့လည်း ဘယ်လောက်မှမဟုတ်.. အိမ်ကို တလ ၂သိန်းမှ အနိုင်နိုင်…။ ဒါနဲ့ပဲ ရာကျော့်ကို ပြန်ခဲ့တော့…။ အိမ်မှာပဲ အမေ့ကားတစီးကို ယူမောင်းတာတောင် အဲလောက်ပဲ ရပြီး မိသားစုနဲ့ လည်း ရက်ရှည်လများ ခွဲနေစရာမလိုဘူးပေါ့။ ပြီးတော့ သားကြီးက ၁၃နှစ်ပေမဲ့ ထွားတော့ လူပျိုပေါက်ကြီး ဖြစ်လာပြီ။ အရပ်ကပဲ ၅ပေ ၈လက်မ ရှိပီ။ သားယောက်ျားလေးက အဖေရှိမှ ထင်တယ်ပေါ့..။ ဆိုတော့ သွားတာမှ ၂နှစ်မပြည့်.. ကိုရာကျော်တယောက် ပြန်ချလာရ ပါလေရော..။ သူပြန်ရောက်တော့ ကျမ အလုပ် ထွက်စာတင်တဲ့ ကိစ္စက တန်းလန်း..။ ကျမကို ရစ်နေတာလေ.. အမျိုးမျိုး။ ဟိုဟာတောင်း ဒီဟာတောင်း.. ပေါ့။

နောက်တော့ စိတ်ရှုပ်လာတာနဲ့ ကျမတို့ မိသားစုနဲ့.. အချစ်ဆုံး သူငယ်ချင်း မိသားစု အုပ်စုကြီးတွေနဲ့… ပုသိမ်ဘက် သွား ချောင်းသာ သွား.. သွားပစ်လိုက်တာ..။ အဲဒီမှာ ပုသိမ်ရောက်တော့ အမျိုးတွေ ရှိတဲ့ဘက်တွေ ခြေဦးမှ မလှည့်ဖြစ်ဘဲ သူငယ်ချင်းမကြီး ဒေါ်ခင်မင်းဇော်အိမ်မှာ တည်း..။ လျှောက်လည်ပေါ့။ တပျော်ကြီး နေတာ..။ စိတ်ချမ်းသာ လိုက်တာ..။ ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်…။ သားကြီးက ၈တန်းစာမေးပွဲ တန်းလန်း..။ ကျမရဲ့ အလုပ်ထွက်စာ အထက်က လက်မခံ..။ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ဖိသိပ်နေတဲ့ အောက်မှာ…။

တနေ့တော့ ဒေါ်ခင်မင်းဇော်က ခွဲနေရတာ ကြာပြီဖြစ်တဲ့ သူ့မောင်တော် နောက်လိုက်ချင်တယ်တဲ့..။ မြ၀တီလမ်းအတိုင်း သူ့မောင်တော်ဆီအရောက် ဘယ်လိုသွားရမလဲလို့ ဘားအံသား ရာကျော့်ကို တိုင်ပင်တာ…။ ကျမစိတ်ထဲ ဘယ်လိုဖြစ်သွားတယ် မသိ..။ ငါတို့လည်း လိုက်မယ်လို့ ပြောလိုက်မိရော..။ သူက ဟဲ့ တကယ်လား.. ငါ့ကို လိုက်ပို့မယ်ပေါ့.. ဟုတ်လား..တဲ့။ ကျမက စိတ်ထဲ တကယ့်ကိုပဲ ရုတ်တရက်.. လိုက်မယ်ဟာ.. ငါတို့ပါ.. အဲဒီထိ လိုက်မယ်။ ခုတိုင်းဆို ငါ့ အလုပ်ထွက်စာကိစ္စရော.. Passport ကိစ္စရော.. လွယ်မှာ မဟုတ်ဘူး..။ ရာကျော်ကတော့ တော်တော်ကို စိတ်ညစ်သွားပုံရပါတယ်။ မျက်နှာ မကောင်း ဘူး။ ခင်မင်းဇော်ကတော့ သေချာ စဉ်းစားပါဦးဟာ .. တဲ့။

+++++

အဲဒီရက်တွေထဲ.. ကျမမြင်ယောင်နေတာ ကျမ ၀န်းကျင်က သနားစရာ မျက်နှာပိန် ဖျော့ဖျော့ တွေ…။ မုန်းစရာ ရက်စက်မျက်နှာတွေ..။ ရွံစရာ ပရော်ပရီမျက်နှာတွေ…။ မထေမဲ့မြင် ရယ်သံ တွေ..။ နှလုံးအော့စရာ ဖော်လံဖားတွေ..။ သာတောင့်သာယာရှိစရာ… ဘာမှ မတွေ့မိ..။ ကျမ စိတ်ထဲ.. အဝေးကြီးကို ထွက်ပြေး သွားချင်တာပဲ သိတယ်။ ခင်မင်းဇော်ကတော့ ယုံတယ်.. ကျမတို့ သူရှိနေသရွေ့ ဒုက္ခမရောက်ရဘူးတဲ့..။ ကြည့်ပါဦး.. မိသားစု ၅ယောက်.. သူများတိုင်းပြည်ကို တရားမ၀င် သွားမယ်လို့ စဉ်းစားတာ.. ကြောက်စရာ တကယ် ကောင်းတာပါ။ ပြီးတော့ ကျမက တသက်လုံး ကျောင်းဆရာမ စာရေးဆရာမ.. ဆရာချည်း လုပ်လာ တာ..။ သူများတိုင်းပြည်မှာ ဘာလုပ်မှာလဲ..။ ဒါပေမဲ့ သေချာတာကတော့ ကျမ အင်မတန် ချစ်မက် စွဲလန်း ပါတယ်ဆိုတဲ့ မြေမှာ ကျမ တရံတဆစ်မျှပင် မနေချင်တော့ပြီ။ ကျမ တကိုယ်ကောင်းဆန်သလားဆိုတာလည်း မစဉ်းစားမိပါဘူး။ ကျမစိတ်ထဲ တခုပဲ ရှိခဲ့ပါတယ်..။ သူများမြေမှာ ဘယ်လောက် ဒုက္ခရောက်ရောက် ခံတော့မယ်.. ဒီလောက ၀န်းကျင်မှာတော့ မနေချင်တော့ဘူး.. ဆိုတာ။ (တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပမွှားလို့ မထင်တဲ့ ကျမက အပြင်မှာတော့ ငါလိုကောင် ဒုက္ခရောက်စရာလား..လို့လည်း ထင်တလုံးနဲ့ ရှိနေခဲ့တာလည်း ပါပါတယ်.. နောက်တခုက သတင်းအချက်လက်မှား တွေပေါ့။)။

+++++

တကယ်တော့ ကျမ စဉ်းစားခဲ့တာပေါ့… အများကြီးမှ တကယ့် အများကြီး..။

ကျမ သားကြီးကို ငွေတမျက်နှာတည်း ကြည့်ပြီး လူ့တန်ဖိုးကို ငွေနဲ့ ဆုံးဖြတ်တဲ့ ၀န်းကျင်မှာ မကျင်လည် စေချင်ဘူး။ အဲလို ၀န်းကျင်ထဲ မလိုအပ်ဘဲ သား စိတ်ကျခံစားရတာမျိုး အဖြစ်မခံနိုင်ဘူး။ (သေချာတာက ကျမသားဖြစ်တဲ့အတွက် ဒီခေတ်ထဲမှာ ငွေဆင်းရဲမယ်.. ဂုဏ်သိက္ခာ ချမ်းသာပေမဲ့ တန်ဖိုး မရှိ.. အဲဒီအခါ သား စိတ်ထိခိုက်မယ်.. သားလိုအပ်မယ့် ရုပ်ဝတ္ထု ပစ္စည်းတွေ ကျမ ဖြည့်မပေးနိုင်တဲ့အခါ ၀န်းကျင်အလယ်မှာ သား သိမ်ငယ်မယ် .. ဖြည့်ပေးနိုင်အောင် ကျမ လုပ်တော့မယ်ဆိုရင်.. ဂုဏ်သိက္ခာ ဆင်းရဲမယ်.. ပြီးတော့ ကျမ မလုပ်မိဖို့ ကြိုးစားရင် အဲဒီ လူ့ပတ်ဝန်းကျင်ထဲမှာ အစစအရာရာ ဆင်းရဲတော့မယ်)

အဲသလိုပဲ သမီးလေး ကြီးလာတဲ့အခါ ပညာတတ်ပေမဲ့ ဆင်းရဲတဲ့ မိဘက မွေးတာမို့ ကျမငယ်ငယ်ကလို စိတ်မထားနိုင်ရင် သမီးမိန်းကလေးမို့ ပျက်စီးလွယ်လေမလား..။ ကျမစိတ်ထဲမှာ ရှေ့ လျှောက် လူငယ်တွေ ပို ပို ပျက်စီးမှာလို့ မြင်နေတာလေ..။ အဲဒီအချိန်ပေါ့.. Nude Show ကျိတ်ဝိုင်းတွေ ရှိနေပြီလို့ ကျမ သိနေရတာ..။ ကျမရှေ့မှာ တွေ့နေရတဲ့ ဟိုမရောက်ဒီမရောက် လူငယ်လေးတွေ..။ ကိုယ်က စီးပွားကျုံး ရှာနေရတာနဲ့.. သူတို့ကို မကြည့်နိုင်တာနဲ့.. ကိုယ့်ကလေးတွေမှ ကိုယ်မထိန်းနိုင်ရင်.. အဲဒီ ပတ်ဝန်းကျင် ရေစီးကြောင်း ထဲမှာ…………………. ကျမ ကြောက်တယ်…။ တကယ်တော့ ကျမ တကယ် ကြောက်ခဲ့တာက အဲဒီ ၀န်းကျင်ကြီး တခုလုံးကိုပါ..။ ဖျက်ဆီးသူတွေနဲ့ .. အဖျက်ဆီး ခံရသူတွေနဲ့.. ပျက်စီးနေသူတွေနဲ့.. ခုခံနေရသူ တွေနဲ့.. ကြိုးစားပြီး မတ်မတ် ရပ်နေရသူတွေ နဲ့…. ဒါပဲ ရှိတဲ့ တိုင်းပြည်.. မောလိုက်တာ..။ အဲဒီ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျမ ကြောက်တယ်..။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျမ ကလေးတွေရဲ့ အနာဂတ်ပဲလေ..။ ကျမရဲ့ ချိနဲ့တဲ့ အားအင်လေးနဲ့ ကလေးတွေအများကြီး မကယ်တင်နိုင်တော့တာ သေချာပြီ။ ဒါဆိုရင် ကျမ မွေးထားလို့ လူဖြစ်လာရတဲ့ ကလေးတွေကိုတော့ ကျမ ကယ်တင်ရတော့မှာပါပဲ..။

နောက်တခု တွေးစရာက အမေ…
ကျမဘ၀မှာ အမေတယောက်ပဲ ရှိတော့တာ..။ အမေက သားသမီးတွေရဲ့အပူအားလုံးကို ခေါင်းပေါ်ရွက်ထားတဲ့ အမေကြီး..။ အဖေက အမေကို သေသည်အထိ မပူမပင် နေရလောက်တဲ့ အနေအထားနဲ့ ထားသွားတာမို့ တော်ရုံနဲ့တော့ အမေက မယိုင်နဲ့နိုင်။ ပြီးတော့ အမေက တရားစခန်း အလီလီဝင်နေတာမို့.. စိတ်ပြေရာ ရှာတွေ့မယ့်သူ..။ တိုက်တိုက်ဆိုင်ဆိုင် နက်ဖြန် မတ်လ ၂၈ဆို အမေ အသက် ၆၉နှစ် တင်းတင်း ပြည့်ပြီ။ ကျမ မရှိရင် အမေ့နားမှာ သမီး ၃ယောက် ကျန်ဦးမှာပါ။ (တကယ်တော့ ကျမက အဖေနဲ့ နီးနီးကပ်ကပ်နေတတ်ပြီး အမေနဲ့ဆို စကား ဖွယ်ဖွယ်ရာရာ မပြောတတ်တာမို့ အမေနဲ့ ကျမက သမီးဦးနဲ့ အမေနဲ့ ဆိုပေမဲ့ ကျန်တဲ့ သမီးအငယ်တွေလောက် မနီးကပ်သလို ရှိနေခဲ့တာပါ.. အငယ်တွေကတော့ အမေနဲ့ ဘာသာစကားတူ.. လုံးထွေး။ ဒါပေမဲ့ အမေက ကျမနဲ့ ပတ်သက်ပြီး ဒုက္ခ အခံရဆုံး ထင်ပါရဲ့)

(အမေ... ဘာလိုလိုနဲ့ အသက် ၇၀ထဲ ၀င်ပြီ.. အဝေးဆုံးမှာ ရှိနေတဲ့ သမီးကြီးနဲ့ မိသားစုကို ဘုရားစင်ရှေ့မှာထိုင်ပြီး နေ့တိုင်းမေတ္တာပို့နေမှာ အသေအချာပေါ့)

နောက်တခု တွေးစရာက ရာကျော်…
သူ့ကိုတော့ ကျမ မပူမိ။ သူက ကျမနဲ့ ထပ်တူ လိုက်လျောနိုင်တဲ့သူ.. ပြီးတော့ ဘာကိုမဆို ရင်ဆိုင်ပြီး တတ်နိုင်သလောက် ကြိုးစား လုပ်မယ့်သူ.. သူ့ရဲ့ စိတ်ချမ်းသာမှုတို့ အလိုလောဘ တို့ ဆိုတာကတောင် ကျမနဲ့ မိသားစုအပေါ်ပဲ မူတည်တဲ့သူ…။ ပြီးတော့ ကျမက သူ့ကို ချုပ်နှောင်ထားဖို့ နည်းနည်းမှ မစဉ်းစားသူမို့.. သူ စိတ်ညစ်ညူးစရာ အကျဉ်းကျစရာ မရှိ (ကျမထင်တာပေါ့လေ.. တကယ် ဟုတ်မဟုတ်တော့ သူပဲ သိမှာပဲ :P )

(အဲဒါ ထိုင်းကို ရောက်စက ရာကျော်ပေါ့.. သနားစရာလေးနော်.. :P)

နောက်တခု တွေးစရာက ကျမအတွက်..
တကယ်လို့ အမေရိကန်နိုင်ငံမရောက်နိုင်ခဲ့ဘူးဆိုရင် ထိုင်းမှာ ကျမ နေရတော့မယ်။ အဲဒီ ထိုင်းမှာ ကျမ ဘာ လုပ်နိုင်မလဲ..။ ကျမ သိသလောက်.. ကျမလုပ်နိုင်တာ.. လှိုင်းတို ရေဒီယိုတွေ ရှိမယ်။ အွန်လိုင်းစာမျက်နှာတွေ ရှိမယ်.. သေချာတာက စာသင်ကျောင်း တွေ ရှိမယ်..။ ကျမက မြန်မာစာဆရာမမို့ ပြည်ပက တခြား တိုင်းရင်းသားတွေကို နိုင်ငံခြားသားတွေကို မြန်မာစာ သင်နိုင်မယ်ပေါ့.. (တကယ်တမ်းကျတော့ ကျမက အင်္ဂလိပ်စာ ညံ့သူ)။ ကျမ စဉ်းစားခဲ့တဲ့အထဲမှာ နိုင်ငံရေး ကဏ္ဍ မပါခဲ့ပါ။ ပြီးတော့ အဲဒီအချိန်မှာ ကျမသိခဲ့တာက ထိုင်းမှာ ဗမာတွေ နေရတာ သိပ်လွယ်တယ်… ဘယ်နိုင်ငံသွားသွား သိပ်လွယ်တယ်… အေးဆေးပဲ.. မေငြိမ်းဆို ဆရာမ လည်း ဖြစ်.. စာရေးဆရာလည်း ဖြစ်.. ဆိုတော့.. လွယ်လွယ်လေး.. ဆိုပဲ။ အဲလို Information တွေ message တွေနဲ့.. ။ ထုံးစံအတိုင်း မေငြိမ်းက ယုံပါပေ့။

မြသီလာကို တကယ် စွန့်နိုင်ပြီလား.. ခွဲခွာနိုင်ပြီလား… စဉ်းစားတော့လည်း လွမ်းဆွတ် တမ်းတစရာဆိုလို့ လူမဟုတ်တဲ့ သက်ရှိတွေ.. သက်မဲ့တွေ.. ဥပမာ .. ဂျပ်စင်.. သစ်ပုပ်ပင်.. ဘွဲ့နှင်းသဘင်.. တောင်ငူဆောင်.. RC.. စာကြည့်တိုက်.. အင်းလျားတွေလောက်ပဲ ရှိတော့တာ။ အရင်ကလို ကျောင်းသူကျောင်းသားတွေ မလွမ်းတော့.. ဆရာဆရာမ တွေကိုလည်း မလွမ်းချင်တော့..။

အမေ့ကိုရော……………….. အဲဒီအတွက်ပဲ ကျမစိတ်ထဲ ဆို့နစ် ကြေကွဲစရာ ရှိတာပါ…။ အဲဒီရက်တွေထဲမှာပေါ့.. ဆရာကြီး ဒဂုန်တာရာရဲ့ "တဟီတီသွားရအောင်"ကို ခဏ ခဏ ရွတ်နေမိတာ..။

ဒီလိုနဲ့ သားကြီး ရှစ်တန်းစာမေးပွဲဖြေအပြီး အဖေ့ရွာကို သွားလည်မယ်ဆိုတဲ့ ခရီးက… မြ၀တီထိ.. မဲဆောက်ထိ… ဇင်းမယ်ဆို.. ညိုတဲ့မြို့လေးဆီအထိ… ပေါက်ခဲ့တာ..။ အဲဒီတလျှောက်မှာလည်း ဆရာမောင်သာရရဲ့ ၀တ္ထု ခေါင်းစဉ်တခုကို ယူပြောရရင်.. “သုမနကျောမှာ ဒဏ်ရာတွေနဲ့” ပေါ့…။ တကယ်တော့ ဘယ်အရာမဆို ဝေးသွားမှ.. ဝေးနေမှ ပိုလွမ်းရတယ် ပိုတမ်းတရတယ်ဆိုတာကို ကျမ ပို ပို သိလာရတဲ့ ကာလတွေဆီ.. ထွက်ပြေးလာခဲ့တဲ့ ခရီးအစပေါ့..။ ပြန်ရနိုင်ဖို့ ခက်ခဲမှန်း သိလေ… ပို လွမ်းဆွတ် ကြေကွဲရလေ…။ တခါတခါကျတော့ ရှက်ရွံ့သိမ်ငယ်ရတာတွေပါ ပါလာရပါသေးတယ်။

+++++

(တကယ်တော့ (၃၈)ဆိုရင် မြသီလာကြီးက ကျန်ခဲ့ပါပြီ။ ထိုင်းရောက်ကာမှ မြသီလာကို ဘာလို့ ပိုလွမ်းရလဲ.. ဘယ်လို လွမ်းရလဲဆိုတာတွေကို ဆက်ဖတ်ချင်ကြရင်တော့ ဆက်ရေးမှာပါ...။ ရေးရရင်ကောင်းမလားဟင် :) )





Sunday, March 15, 2009

မြသီလာအလွမ်းပြေ(၃၅) နောက်ဆက်တွဲ


အဲဒီ ဒဂုံတက္ကသိုလ်မှာ…
တသက်လုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့်မေဂျာကို ချစ်တယ်.. စီနီယာတွေက ဂျူနီယာတွေကို အဆင့်ဆင့် ထိန်းကြ စောင့်ရှောက်ကြတယ်.. သူတို့ ဆရာဆရာမတွေကို ချစ်ကြတယ်ဆိုတဲ့ နာမည်တလုံးနဲ့ နေလာကြတဲ့ ဘူမိဗေဒမေဂျာက ကျောင်းသား၃ယောက်က သူတို့မေဂျာက ဆရာမကို Rape လုပ်တာ.. ပြီးတော့ အဲဒီ Rape case က လက်သိပ်ထိုး ဖျောက်ဖျက်ခံလိုက်ရတာ…။
မြသီလာ(၃၅)ထဲက ကျမရဲ့ အဲဒီ စာပိုဒ်နဲ့ ပတ်သက်လို့ Geology က ဆရာဟောင်းတချို့ ရေးပို့လာတဲ့ email တွေထဲက အချက်အလက်တချို့ကို တင်ပေးသင့်တယ် ထင်လို့ တင် ပေးလိုက်ပါတယ်။

ပူးတွဲပါစာတွေအရ ပညာရပ်မိသားစုအတွက် အရေးကြီးတဲ့ကိစ္စမို့ ကျွန်တော်ရေးခြင်း ဖြစ်ပါတယ်။
- ကျွန်တော့်အမြင်တော့ တရားခံကို ဒီနေ့အထိ မိခဲ့ပုံ မရဘူးလို့ပဲ ထင်ပါတယ်။ ဆရာမ ပြောတဲ့ ပြောင်းခံရတဲ့ကျောင်းသားဆိုတာ ခုနက ပါချုပ်ကို သွားအရေးဆိုလို့ ပြောင်းခံရတာ ဖြစ်ဖို့ ပိုများပါတယ်။
- အုပ်ချုပ်တဲ့သူဘက်က ကြည့်ရင် အင်မတန် လွယ်တဲ့အကွက်ကို ရွှေ့လိုက်တာပါပဲ။ သူတို့ တာဝန်ကို မင်းတို့ထဲကဖြစ်တာပဲ ဆိုတဲ့ သဘောနဲ့ လက်ညှိုးထိုး ချလိုက်တာပဲလို့ ထင်ပါ တယ်။ (တခြားကျောင်းသားလို့ ထိုးပြန်ရင် ဒီထက်ကြီးတဲ့ပြဿနာ ဖြစ်မှာကိုး)
နိဂုံးပြောရရင် ဒီကိစ္စကို ဆရာမ က တခြားအမှန်တွေနဲ့ ရောရေးလိုက်တဲ့အတွက် ကျွန်တော်တို့ ဘူမိဗေဒ လောကအတွက် တော်တော်ကြီး ထိခိုက်သွားပါတယ်။ ဆရာမဘက်က အထောက်အထား ပိုခိုင်လုံတာ ရှိရင် (ကျွန်တော်ရှင်းပြတဲ့ ဖြစ်စဉ်ထဲမှာတော့ လိုတာတွေ/ မှားတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆွဲထားတဲ့ အဖြေ မှားနိုင်တယ်ဆိုတဲ့ အထောက်အထား ရှိရင်) တိုက်ရိုက် ပြန် ရှင်းပြစေလိုပါတယ်။

နောက် စာတစောင်ကတော့

ဒဂုံတက္ကသိုလ်က rape case ကို အဲဒါ geology ကျောင်းသားနဲ့ ဘာဆိုင်လို့လဲကွ။
သာမန်ပြောရရင်တော့ အဲဒီ case ဖြစ်တုံးက ၀န်ထမ်းအကြီးအကဲတွေက သူတို့ လက်ညှိုးထိုးလွတ်အောင် ကျောင်းသားကို ပုံချကြတယ်။ ဒါပေမဲ့ ပုံလို့ မရဘူး။ ခုအချိန်မှာ ဒီလိုမျိုး ပြန် ပြောလာတယ်ဆိုရင်တော့ တစ်ခုဖြစ်နိုင်တာက တစ်နေ့က ဟိုကောင်တွေ အရက် သောက် ရန်ဖြစ်တဲ့ case ကို သေးသိမ်အောင် အာရုံလွှဲတာလို့ ငါတော့ ချက်ခြင်း ထင်ချင်တယ်။ ရန် ဖြစ်တတ်တဲ့ geology တွေဟာ အဲလိုကောင်တွေပါလို့ ပြောပစ်လိုက်တဲ့ သဘောပဲ။

ကျမဘက်က ခိုင်လုံတဲ့ အထောက်အထားတွေကို ခုပို့လာတဲ့ အီမေလ်ရှင်တွေကို personal email ပို့ပြီး ပြန်ရှင်းပြလိုက်ပါပြီ။ Blog မှာတော့ မတင်တော့ပါ။ ကျမအနေနဲ့ Self censorship အရ ကာယကံရှင် မိန်းကလေးကို ငဲ့ညှာရမှာမို့လို့ပါ။ ကျေးဇူးပါ..။


Thursday, March 12, 2009

မြသီလာအလွမ်းပြေ(၃၆)

မြသီလာ (၃၅)နဲ့ ၂၀၀၄ခုနှစ်အပိုင်းအခြားကို ရေးဖို့ ကျမ တော်တော်ကို စိတ်လျှော့ခဲ့ရပါတယ်။ ကျမ မရေးရက် လို့ မရေးထွက်လို့ ချန်ထားခဲ့တာတွေလည်း အများကြီးပါ..။ ကျမရေးခဲ့တာတွေက အားလုံး ကိုယ်တိုင် သက်သေ ခံနိုင်တဲ့ မျက်မြင်ကိုယ်တွေ့ကိစ္စတွေ ချည်းပါ..။ မသေချာဘူးထင်တာကို ကျမ မရေးခဲ့ပါဘူး။ ဥပမာ ဆရာမလေး ကို Rape လုပ်တဲ့ ကျောင်းသား၃ယောက် မေဂျာပြောင်းပြီး တာဝတက္ကသိုလ်မှာ အခန့်သား ကျောင်းတက်နေကြ တယ်ဆိုတာ… ကျမကိုယ်တိုင် မမြင်ရလို့ ထည့်မရေးတော့တာပါ။ (ဆရာမလေးကတော့ စိတ်ပုံမှန် မဟုတ်တော့ တာကို ကျမကိုယ်တိုင် တွေ့နေရတာပါ။ အဲဒါကျတော့ မရေးရက်လို့ မရေးတော့တာပါ)။ ပြီးတော့ ဘယ်ဌာနက ဘယ်ပါမောက္ခက လာဘ်ယူပြီး ဘယ်သူတွေကို အအောင်ပေးတာ.. ဘယ်သူတွေကို ဂုဏ်ထူးတန်း ပေးတက် လိုက်တာတွေ… ကျမ မရေးတော့ပါဘူး။ ဒါပေမဲ့ တချိန်.. အဲဒီလူတွေက တိုင်းပြည်နဲ့ လူမျိုးအပေါ် ရက်ရက်စက်စက် လုပ်လာတာမျိုးရှိရင်တော့ ကျမက ခုနှစ်နဲ့ နာမည်နဲ့ကို ဖွင့်ချမှာလို့ ဆုံးဖြတ်ပြီးသားပါ။

အဲလို မတရားမှုတွေ ရှိသလိုပဲ ထမင်း၀၀စားရဖို့ထက် သိက္ခာကို ဖက်တွယ်ရင်း ဒုက္ခရောက်နေ ကြရတဲ့ သူတွေ အကြောင်းလည်း ကျမ ချန်ခဲ့တာတွေရှိပါတယ်။ ကာယကံရှင်တွေက ထုတ် မပြောချင်တာမျိုး ဖြစ်မှာစိုးလို့ပါ။ မြသီလာတလျှောက် ဆရာမအနေနဲ့ ကျမ ကြုံခဲ့ရတဲ့ ဒုက္ခဆိုတာတွေက တကယ်တော့ ကျမလို ဆရာ ဆရာမမျိုး တွေကို ကိုယ်စားပြုတဲ့ ဒုက္ခပါပဲ။ ကျမသူငယ်ချင်းဆရာမတယောက်ဆိုရင် ကျောင်းမှာ အချိန်ပြည့် တာဝန်ယူရ တာ တဘက်.. အပိုဝင်ငွေရဖို့အရေး ကျူရှင်ပြေးပြရတာက တဘက်နဲ့ နောက်ဆုံး အိမ်ထောင်ဖက်က နားမလည် နိုင်ဘဲ ဖောက်ပြန်သွားတဲ့အတွက် ကွဲကြကွာကြ ဖြစ်ရတဲ့ အထိပါ။ (ကျမတောင် အိမ်မှာ အမေက ဒိုင်ခံ ပံ့ပိုးပေး နေလို့ ကိုယ့်အလုပ်ကို နောက်ဆံ မတင်းဘဲ လုပ်နိုင်နေ တာလေ)။ ကျမ သူငယ်ချင်းခမျာ ကလေးတွေ တို့လို့ တန်းလန်းနဲ့.. ကျောင်းတာဝန် တွေ တဘက်…. ပိုလို့သာ ပင်ပန်း ဆင်းရဲပြီး နောက်ဆုံး ၁၇နှစ်သာရှိသေးတဲ့ သားက မိန်းမ ခိုးပြေးသွားတဲ့အထိ..။ ဘ၀တွေကို ပေးထားရတာ..။ အိမ်ငှားခ ပေးဖို့လောက်ပဲ ရတဲ့ လစာအတွက် တနေ့တနေ့ ကျောင်းမှာ ပေးရတဲ့အချိန်တွေ…။ အဲဒီလို အချိန်ပေးပြီး ပညာတတ်တွေ မွေးထုတ်ရတာ ဆိုရင်လည်း ကျမတို့ ဆရာမတွေ ဘ၀အနာခံ.. အချိန်တွေ အနာခံရကျိုး နပ်ဦးမှာပါ။ ခုတော့…။

ဆရာဆရာမတွေခမျာ.. စာမေးပွဲတွေ အချိန်ပေး ခွန်အားပေးပြီး စောင့်ရ.. အမှတ်တွေ စစ်ရ..။ တကယ်တမ်း ကျတော့ (၃၅)မှာ ပြောခဲ့သလိုပဲ ကျောင်းသားတွေ အဖြေစာအုပ်မှာ ခုံနံပါတ် တပ်ရုံနဲ့ကို အအောင် ပေးနေတာ ပါ။ ကျမတို့မှာသာ ခွန်အားတွေ ပြုန်းတီး။ (ကျမ တပည့်တယောက်ဆို ဂုဏ်ထူးတန်းတက်နေတာ ကနေ.. ကျူတာစာမေးပွဲ ဖြေရမယ်ဆိုလို့ ကျူတာပြန်မလုပ်ချင်ဘူးဆိုပြီး အဲဒီ ကျူတာစာမေးပွဲကို သွားမဖြေဘဲနေတာ..။ အောင်စာရင်းထွက်တော့ သူ့ နာမည်ပါလာလို့.. ဘယ်လိုလုပ်ရမလဲလို့ ကျမကို လာတိုင်ပင်ဖူးပါတယ်။ အဲဒါလည်း ၂၀၀၄ မှာပဲ။ အဲဒီကာလလောက်မှာပဲ ဘယ်သူစလိုက်မှန်းမသိတဲ့ စာချိုးတခု တက္ကသိုလ်လောကမှာ ပေါ်လာတာ.. “လမ်းအထိုထို တက္ကသိုလ်.. တွေ့သမျှလူ ပါရဂူ.. မြင်မြင်သမျှ ပါမောက္ခ…” တဲ့။ ကျမကတော့ အဲဒီ အဖြစ်အပျက်တွေထဲမှာ တကယ်ပဲ သွေးပျက်လာပါတယ်။

ဆရာတွေက ကျမကို တွေ့တိုင်း ဘယ်တော့ ပါရဂူတန်းတက်မှာလဲဆိုတာ မေးကြပါတယ်။ ကျမကတော့ ပိုက်ဆံ မတတ်နိုင်ဘူးလို့ပဲ တွင်တွင် ဖြေပါတယ်။ ဒါပေမဲ့ အဲဒီအတွက် အဖြေကလည်း ဆရာတွေဆီမှာ မရှိပါဘူး။ တချို့(ကျမရဲ့ တပည့်မတော်ဖူးတဲ့) ဂျူနီယာ ဆရာမလေးတချို့က ကျမကို မျက်ခုံး ပင့် ပင့်ပြီး ကြည့်စ ပြုလာပါပြီ။ အဲဒီ ၂၀၀၄ထဲမှာပဲ ကျမ ကထိကလုပ်သက် ၅နှစ်ပြည့်လို့မို့ ၂၀၀၅ဆိုရင် တွဲဖက် ပါမောက္ခ တင်ရ တော့မယ်တဲ့။ ပါရဂူဖြေဖို့ လုပ်မှာလားဆုံးဖြတ်တော့... ဆိုတဲ့ အချက်ပေးသံတွေ မြည်လာပါတယ်။ တကယ်တော့ စာတော်တော် မတော်တော်.. စာသင်ကောင်းကောင်း မကောင်းကောင်း.. အချိန်တန်ရင် ကထိကတွေ ပါမောက္ခ တွေ အလိုလို ဖြစ်ဖြစ်သွားတဲ့ ဒီစံနစ်ကိုလည်း ကျမ ဘ၀င်မကျတော့ပါ။ ကျမစိတ်ထဲ မြသီလာနဲ့ ပတ်သက်ရင် ချစ်စိတ်လျော့လာတာလည်း အမှန်ပါပဲ။

+++++

ဒဂုံတက္ကသိုလ်ထဲ မောမောနဲ့ အချိန်ရသလောက်လုပြီး ကျမရဲ့ ချစ်သော မြသီလာကြီးရှိရာဆီ ကျမ ပြေးပြေး သွားပြီး အမောဖြေတဲ့အခါမှာရော…။ မြသီလာကတောင်မှ ကျမကို စိမ်းစိမ်းကြီး ကြိုပါပြီ။ စာကြည့်တိုက်မှာ စာအုပ်ငှားဖို့ သွားတော့ ပါရဂူတန်း တက်နေသူတွေကိုသာ ငှားပါသတဲ့။ ပြီးတော့ ရန်ကုန်တက္ကသိုလ်က မဟုတ်ရင် စာကြည့်တိုက်မှာပဲ အပြီးထိုင်ဖတ်ပါ.. အိမ်ကို မငှားပါ..တဲ့။ ပြီးတော့ ဆံထုံးနဲ့ ခြင်းတောင်းနဲ့ ဆရာမရယ်လို့ သေချာတဲ့ အပြင်အဆင်နဲ့ အသက် ၄၀၀န်းကျင်တွေကိုတောင်မှ မြသီလာ အစောင့်တွေက ကဒ်ပြားတွေ စစ်ပါတယ်.. ဘယ်သွားမှာလဲ မေးပါတယ်။ မြသီလာဟာ တံခါးနဲ့ ဓားနဲ့ ဖြစ်ခဲ့ပြီ။ တောင်ငူကင်တီးမှာ ဟိုးတုန်းကလို သွားထိုင်ပြန် တော့လည်း တချို့(ကျမရဲ့ တပည့်မတော်ဖူးတဲ့) ပါရဂူသင်တန်းသူ ဂျူနီယာ ဆရာမလေး တချို့က ကျမကို မျက်ခုံး ပင့် ပင့်ပြီး ကြည့်စ ပြုလာပါပြီ။

မိန်းထဲရောက်လို့ အဲဒီပညာရေးလောကထဲက စိတ်ဆင်းရဲစရာတွေကို ပြောတဲ့အခါ ကျမရဲ့ ဆရာရင်း တချို့ ကတောင် ကျမကို တချို့ကိစ္စတွေမှာ သိပ်မခံစားဘဲ အလိုက်သင့်နေပါတဲ့။ ‘ယောနိသော မနသီကာရ’ ကို နှလုံးသွင်းပါလို့ ကျမကို ဆုံးမ လာပြီ။ ကျမကတော့ ဒီကိစ္စတွေဟာ အသင့်အတင့် နှလုံးသွင်းရမယ့် ကိစ္စ မဟုတ်ဘူးလို့သာ ခံစားနေရတာပဲ။ အဲဒီအချိန်တွေထဲမှာပါပဲ….

ကျမဘ၀မှာ သင်ကြားရေးနဲ့ ပတ်သက်ရင် စံထားလောက်အောင် တော်တဲ့ ဆရာ ၂ယောက်.. အလုပ်ကနေ ထွက်.. စိတ်ကျပြီး အရက်တွေ နင်းသောက်နေတာ.. တွေ့ခဲ့တာ..။ (ခုတော့ အဲဒီဆရာလည်း ခပ်ကြောင်ကြောင် ဖြစ်နေတယ်လို့ သတင်းကြားရပါတယ်)။ အဲသလိုပဲ တော်တဲ့ ဆရာတစ်ယောက်လည်း အလုပ်ထွက်ပြီး အပြင်မှာ ၁၀တန်း ကျူရှင်ပဲ ပြနေတော့တာ..။

နောက် ဘယ်လောက်မှ မကြာဘူး.. အဲဒီ နှစ်ယောက်ထဲက တယောက်ဖြစ်တဲ့ ကျမရဲ့ တကယ့် ကျေးဇူးရှင် ဆရာ လို့ ပြောရမယ့် အကိုတယောက်ကတော့ ဆုံးပါးသွားခဲ့တာ… လူတွေက အရက်သောက်လို့လို့ အပြစ်တင်ကြ ပါတယ်။ ကျမကတော့ အဲဒီ အကိုဟာ ဆရာထက်တပည့် လက်စောင်းထက်လို့ စာမေးပွဲ အချခံရရာက စိတ်ကျပြီး ဆုံးပါးရတာလို့ သိနေပါတယ်။ သူဟာ သိပ်ကို တော်တဲ့ ဆရာ.. ဒါပေမဲ့ ဆရာဖြစ်ခွင့် မရခဲ့သူ..။

နောက်တော့ ကျမရဲ့ ပတ်ဝန်းကျင်မှာ တပည့်တွေအပေါ် စေတနာထားတဲ့ မှန်မှန်ပဲ စကားပြောပြီး စကား ပြတ်ပြတ်ပြောတတ်တဲ့ ဆရာ ဆရာမတွေကို ကျောင်းသားတွေက စောင်းမြောင်း စော်ကားတာ..။ တပည့်တွေကို မျက်နှာချိုချိုနဲ့ ဆက်ဆံပြီး အောင်စာရင်း အရောင်းအ၀ယ်လုပ်တဲ့ ဆရာဆရာမတွေကျတော့ ကျောင်းသား တွေက လုံးထွေး.. စော်စော်ကားကား နောက်ပြောင်တာလည်း ရှိ။ အသက်ခပ်ကြီးကြီး ဆရာကြီး ဆရာမကြီးတွေ ခမျာတော့ လူကြိုက်နည်း ကုန်ပစ္စည်းများလို.. ကျောင်းအလုပ်တွေ ဖိလုပ်ပြီး ရတဲ့ လစာနဲ့ လောက်အောင် သုံးရတာမို့ ညှိုးညှိုးငယ်ငယ် မှိန်မှိန်ဖျော့ဖျော့။

ကျမကတော့ အဲဒီအချိန်မှာ သားကြီးက ၈တန်းကျောင်းသား…။ သမီးလေးက Private Preschool တခုမှာ တက်နေ.. သားငယ်လေးက ၁နှစ်သား။ သားကြီး ဖယ်ရီခက တလ ၅ထောင်၊ ကျူရှင်ခက ၂သောင်း၊ သမီး ဖယ်ရီနဲ့ ကျောင်းလခက ၃သောင်း၊ မုန့်ဖိုးတွေ မပါသေး။ သားငယ်လေး နို့မှုန့် Dumax ဖိုးက တလ ၂သောင်းလောက် ရှိတယ်။ အိမ်အဖော် ကလေးမလေး က ၁သောင်း…။ ကျမလစာက ၁သောင်းခွဲ.. ယောက်ျားက မလေးရှားကနေ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာတောင်မှ တလ ၂သိန်းလောက် အနိုင်နိုင် ပို့ရတာ…။ ဒါပေမဲ့ ကျမနဲ့မှ စာသင်ချင်ပါတယ်လို့ လိုက်လာတဲ့ အဝေးသင်ကလေးတွေကို အိမ်မှာ နေရင်းကနေ.ကျူရှင်သင်တာက တလကို တသိန်းတော့ အသာလေးရတာပဲ..။ ဒါတောင် ကျမမှာ သားကြီးကို သူ့သူငယ်ချင်းတွေနဲ့ တန်းတူအောင် ကွန်ပျူတာ ၀ယ်မပေးနိုင်..။ သားကြီးက TTC မှာ တက်တာမို့ ပတ်ဝန်းကျင်က ပိုကြီးလေတော့ အမီလိုက်ဖို့က တော်တော် လက်ပမ်းကျတာပါ။ နွေရာသီမှာ သားကို အင်္ဂလိပ်စာ သင်တန်းပို့ဖို့…။ နောက် ၉တန်းအတက်မှာ ကျူရှင်တွေ ကြိုထားဖို့က တလ၃သောင်းတဲ့။ အံမယ်မင်းး။

သေချာတာကတော့ ကျမသာ သေသေချာချာ ကျူရှင်ပြမယ်ဆိုရင်တော့ ကျမကလေးတွေကို လူတန်းစေ့ ထားနိုင်မှာပါ။ ဒါပေမဲ့ ပိုက်ဆံလိုချင်ဇောနဲ့ ကျူရှင်ပြရတာမျိုး ကျမ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မလုပ်ရင်လည်း မဖြစ်တော့ဘူးဟေ့ဆိုရင်.. ကျမ ဘာလုပ်မလဲ…။

+++++

အဲဒီတုန်းက ကျမရဲ့ ထွက်ပေါက်ကလေး နောက်တခုက စနေညနေတွေမှာ မြို့ထဲထွက်ပြီး မဂ္ဂဇင်းတိုက်တွေ သွားတာ.. သူငယ်ချင်းစာရေးဆရာတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်တာပါ။ ဖြစ်ချင်တော့ ၂၀၀၄ ရက်တွေထဲ ကျမရဲ့ အဲဒီ လေထန်ကုန်းဝန်းကျင်လေးမှာလည်း အသက်ရှူ ကျပ်စရာတွေ… မောစရာတွေချည်း မြင်ရ.. ကြားရ.. ခံစားရ။ မှတ်မှတ်ရရ… အဲဒီ ၂၀၀၄ ထဲမှာပဲ အယ်လ်ဖြူ ဆုံးပါတယ်..။ နောက် တစ်လမှာ သားကြီးအဖေ ဆုံးပါတယ်… နောက်တစ်လ ကိုငှက် ဆုံးပါတယ်။ ကိုငှက်ဆုံးပြီး နောက်တရက်မှာပဲ ဆရာကြီးမင်းသုဝဏ် ဆုံးပါတယ်..။ ပြန်စဉ်းစားကြည့်တော့ ဆရာဇော်ဂျီ.. မရှိတော့.. ဒေါ်ခင်နှင်းယု မရှိတော့… ဒေါ်ခင်မျိုးချစ် မရှိတော့… ကိုချောနွယ် မရှိတော့.. မင်းမင်းလတ် မရှိတော့…။ ကိုခင်ဝမ်း မရှိတော့.. ဒိုးလုံး မရှိတော့… ဗဒင် မရှိတော့.. စောဘွဲ့မှူး မရှိတော့။ တဖြည်းဖြည်းနဲ့တော့ ကုန်ပြီဆိုပါတော့… နောက်တော့ ကျမ ချစ်တဲ့ တန်ဖိုးထား တဲ့ သူငယ်ချင်းတွေ ၀န်းကျင် (Celebrities ဆိုသူများ) ထဲမှာ ကျမချစ်ခဲ့တဲ့ ရင်းနှီးပွင့်လင်းမှုတွေ မှိန်ဖျော့ခဲ့ပြီ။ အားလုံးရဲ့ စိတ်တွေ.. နှလုံးသားတွေ.. ယုံကြည်မှုတွေ.. ခံစားချက်တွေထဲမှာ ပိုက်ဆံကသာ လွှမ်းမိုးနေခဲ့ပြီ။ ခေတ်ကိုကလည်း အဲလိုဖြစ်ခဲ့ပြီ။ အဲလို စီးကြောင်းထဲ မပါတဲ့ ကိုငှက် ကျပြန်တော့လည်း လောကထဲက အလျင်စလို ထွက်ခွာသွားခဲ့ပြီ။ အဲဒီတုန်းကဆိုရင် “အရင်ကလို..” ဆိုတဲ့ စကားစုလေးကိုတောင်မှ ကျမ လွမ်းဆွတ်နေခဲ့တာ မှတ်မိပါတယ်။

+++++

တကယ်တော့ အနားမှာ တိုင်ပင်ရင်ဖွင့်စရာ ရာကျော်လည်း မရှိတဲ့အခိုက်.. ၀န်းကျင်က ဒဏ်ရာဒဏ်ချက် တွေကလည်း ကိုယ့်ကို ရိုက်ခတ်လာတဲ့ အချိန်… သားကြီးရဲ့ မျက်လုံးထဲမှာ သူ့ဘ၀အပေါ် မကျေနပ်တာတွေ ရှိလာတာတွေကို ကျမ မြင်လာရ…။ ကျမ၀န်းကျင်မှာ အလိုလောဘတွေက မြင့်မြင့်တက်လာ…။ မြင်ကွင်းတွေ ထဲမှာ ဒေါသနဲ့ မောဟတွေက သိသိသာသာ တိုးထွက်လာကြ..။

တနေ့ ကျမ ဘတ်စ်ကားနဲ့ မြို့ထဲသွားတဲ့အခိုက် ကျမ လေးစားရတဲ့ ပါမောက္ခဆရာကြီး တယောက်ကို စပယ်ယာက အော်ငေါက်ပြီးတော့ ‘ဟိုမျက်မှန်နဲ့ဘကြီး.. အထဲတိုးပါဆိုတာ မတိုးဘူးလား’လို့ ပြောတာကို ကျမ တွေ့နေရပါတယ်။ ဆရာကြီးက “ငါ့ကို မင်းပဲ နောက်ကနေ တိုးသွားဆိုလို့ တိုးလာလို့ ဒီနား ရောက်လာတာ လေကွာ..” လို့ ပြန်ပြောတော့ စပယ်ယာက ‘ဘာမှ ပြန်ပြောမနေနဲ့ တိုးနိုင်ရင်တိုး မတိုးနိုင်ရင် ဆင်း.. Taxi စီး’လို့ ပြောတာ.. ကျမတို့ တည့်တည့်တောင် မကြည့်ရဲတဲ့ လေးစားချစ်ခင်ရတဲ့ ဆရာကြီးကိုပါ။ ကျမ တိတ်တိတ် မျက်ရည်ဝဲခဲ့ရပါတယ်။ ကိုယ်တိုင်လည်း ဘာမှ မတတ်နိုင်တဲ့ အခြေအနေမှာ.. ဆရာကြီး စိတ်မကောင်း ဖြစ်သွားမှာ စိုးတဲ့အတွက်သာ ကျမကို မမြင်အောင် ခေါင်းကို တဘက် လှည့်ထားရပါတယ်။ ကျမတို့ ပတ်ဝန်းကျင်ကတော့ လူ့တန်ဖိုး.. လူကြီးတယောက်ရဲ့ တန်ဖိုးနဲ့ ဂါရ၀ဆိုတာတွေကိုတောင် အသိအမှတ် မပြု တော့တဲ့ ၀န်းကျင်ဖြစ်နေပါပြီ။

အဲဒီအကြောင်းပြောရရင်.. ဒီစပယ်ယာက ဆရာကြီးကို ဆရာမှန်းမသိလို့ ပြောတယ် ဆိုပါတော့။ ကျမ ကိုယ်တိုင် ကတော့ ဆရာမအ၀တ်အစားနဲ့ ဒဂုံတက္ကသိုလ်အသွား ကျောင်းထဲ ဌာနရှေ့မှတ်တိုင်မှာ ကျမ ဆင်းရမှာကို ကားရပ်မပေးလို့ “ဒီမှာ ဆင်းမှာဟေ့..” လို့ အော်ပြောတာကို စပယ်ယာက ဒရိုင်ဘာကို “ရပ်ပေး ဆရာရေ့.. ဒီမှာ အိန္ဒြာကျော်ဇင် ဆင်းမယ်” လို့ ပြောပါတယ်။ အဲဒါကိုလည်း ကားပေါ်ပါလာတဲ့ ကျောင်းသားတွေက ၀ိုင်းရယ် ပါတယ်။ ကျမက.. ဆင်းရင်းနဲ့ “ဟဲ့ ငါ ဒီကျောင်းက ဆရာမ.. နင့်အမေလောက် ရှိတယ်.. နောက်စရာလား..” လို့ ကျမ ပြောမိပါတယ်။ အဲဒီတော့ စပယ်ယာက ပျစ်ချွဲချွဲ အသံ တမင် လုပ်ပြီး ပြန်ပြောတယ်… ကြောက်ပါတယ် ဆရာမ.. တဲ့။ အဲဒါကိုလည်း ကားပေါ်က ကျောင်းသား တွေက ရယ်ပြန်ပါတယ်။ ကျမကတော့ ဒေါသတွေဖြစ်ပြီး ခေါင်းတွေတောင် မူးလာတဲ့အထိပါပဲ။ ဖြစ်ချင်တော့ ကျမက မော်လမြိုင်က ပြောင်းလာကာစဆိုတော့ နယ် ကျောင်းသားကျောင်းသူ တွေရဲ့ လိမ္မာမှုမျိုးနဲ့သာ ရင်းနှီးခဲ့တဲ့ ဆရာမ ဖြစ်နေ ခဲ့တာမို့လည်း ပို ခံစားလိုက်ရတာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကျမ ဆရာမပေါက်စဘ၀ လှိုင်မှာတုန်းကတော့ ခုလို စော်ကားမော်ကားအဆက်ဆံမျိုး မကြုံဖူးလေတော့ ဒီလို အဖြစ်အပျက်တွေမှာ တော်တော်ကို ခါးသီးတာပါ။ ဒါပေမဲ့ အဲလိုတွေ ကြုံရဆုံရတာ များလာတဲ့အခါမှာတော့ ကျမ စိတ်ထဲ မြသီလာနဲ့ ပတ်သက်ရင်ကို ဗလာဆန် လာခဲ့တာပါ။

အဲဒီ တလောတွေမှာ ကျမ ခံစားရတာအားလုံးဟာ တကယ့် အနိဋ္ဌာရုံတွေချည်းပါ…။ ကျမစိတ်ထဲ ကျမအနား ပတ်ဝန်းကျင်က လူတွေဟာ တနေ့ထက်တနေ့ ဗင်ဂိုးရဲ့ အာလူးစားသူများ ပန်းချီကားထဲက မျက်နှာတွေနဲ့ တူတူလာတယ်….။ ပိုဆိုးတာက ကျမအနားက ကျမသူငယ်ချင်းဆရာမတွေ ဖောင်စီးရင်း ရေငတ်ဆိုတာလို ကိုယ်က တက္ကသိုလ်က ဆရာမဖြစ်လျက်နဲ့ ကိုယ့်သားသမီးကို ကျူရှင်ကောင်းကောင်းမှ မထားနိုင်လို့ စိတ်ဆင်းရဲနေရတာတွေ…၊ တနေ့တနေ့ ကားတိုးစီးပြီးတော့ ဝေးဝေးလံလံကျောင်းလာကြရ.. ပင်ပင်ပန်းပန်း စာသင်ကြရပြီး ရတဲ့ လခက လာခပဲ ရှိတာတွေ…။ အဲဒီကာလမှာပဲ မှတ်မှတ်ရရ ၂၀၀၄နှောင်းပိုင်း နိုဝင်ဘာလ လောက်မှာ ဆရာဆရာမတွေ ကျူရှင်မပြရ.. ကျူရှင်ပြရင် အလုပ်ထုတ်ခံရတဲ့အထိ အရေးယူမယ်ဆိုတာကို သိရှိကြောင်း.. လိုက်နာပါမယ့် အကြောင်း လက်မှတ်ထိုးရမယ်တဲ့။ ကျမလေ စိတ်တိုလိုက်တာ.. အသားတွေ ဆတ်ဆတ် တုန်တယ်။ တကယ်တော့ ဆရာ ဆရာမတွေ ကျူရှင်ပြတယ်ဆိုတာ ဆရာဝန်တွေ ဂျီပီ ထိုင်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဆရာဝန်တွေ ဆေးရုံမှာ အလုပ်ပြီးရင် အပြင်ဆေးခန်း ထိုင်တဲ့ သဘောပဲ မဟုတ်လား။ ပြီးတော့ ကျူရှင်ပြရတယ်ဆိုတာကလည်း တကယ့်ကို ပင်ပင်ပန်းပန်း အားစိုက်ခွန်စိုက် လုပ်ကြရ တာ။ ကိုယ့်ပညာနဲ့ လုပ်စားရတဲ့ အလုပ်ကိုတောင် ခိုးလုပ်ရမယ့်အပေါက်ဖြစ်အောင် လုပ်တာလေ..။ ဆရာ ဆရာမတွေက စာပြတဲ့အလုပ် မလုပ်ရဘူးဆိုတော့ သူတို့ပေးတဲ့ လစာက လောက်လို့လား..။ ဒါဟာ တမင်တကာကို ဆရာတွေရဲ့တန်းကို ချပစ်လိုက်တာလို့ ကျမကတော့ ခံစားရပါတယ်။ ကျူရှင်ပြရင် ခိုးပြရမယ်.. မပြရင် ငတ်မယ်.. ခိုးပြလို့ မိရင် အလုပ်ပြုတ်မယ်.. ကဲ.. ဘာလုပ်မလဲ..။

+++++

အင်မတန်ကို စိတ်ဆိုးနေတဲ့ ကျမ.. ထုံးစံအတိုင်း စိတ်ရဲ့ ထွက်ပေါက်အနေနဲ့ အဲဒီနေ့ နေ့ခင်းမှာပဲ မိန်းထဲသွားပြီး ကင်တီး ထိုင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဆရာတွေ.. သူငယ်ချင်းတွေနဲ့ တွေ့.. ထုံးစံအတိုင်း ပေါက်ကွဲ.. ထုံးစံအတိုင်း အဖြေမရ..။ ဒါပေမဲ့ အဲဒီတုန်းမှာပဲ သမိုင်းဌာနက သူငယ်ချင်းတွေ ရောက်လာပါတယ်။ အဲဒီနေ့မှာ သူတို့ ပါရဂူတန်းတွေရဲ့ ဆရာကန်တော့ပွဲပါတဲ့။ တိုက်တိုက်ဆိုင်ဆိုင်… သမိုင်းဌာနက သူငယ်ချင်း ဆရာ တယောက်က အဲဒီပွဲမှာ အကန်တော့ခံ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောတဲ့စကားကို ကျမကို ပြန်ပြောပြ ပါတယ်။ ကန်တော့ပြီး ဆုပေးတဲ့အချိန်မှာ ဆရာက ပြောပါတယ်တဲ့။

ဆရာပြောတဲ့ အဓိပ္ပါယ်ကတော့… “မင်းတို့ကလည်း အပြစ်ရှိခဲ့ရင် ခွင့်လွှတ်ပါလို့ပြောသလို.. အဲလိုပဲ ငါက လည်း မင်းတို့ကို ငါ့ကို ခွင့်လွှတ်ဖို့ ပြန်ပြောရဦးမယ်.. ပါရဂူခေါ်လောက်အောင် မထိုက်တန်တဲ့သူတွေကို အအောင်ပေးနေတဲ့အထဲ ငါလည်းပါနေတော့ မလုပ်သင့်တာ လုပ်မိသလိုဖြစ်နေတာကြောင့် ငါ့ကိုလည်း ခွင့်လွှတ်ကြပါ…” ဆိုတာမျိုးပါ။ (ကျမ စကားလုံး အတိအကျ မမှတ်မိပေမဲ့ သဘောအဓိပ္ပါယ်က အဲလို အတိအကျပါပဲ။ နောက်တော့ ဆရာကြီးရဲ့ အဲဒီ စကားပါတဲ့ သြ၀ါဒဆောင်းပါးကို ချင်းတွင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်) ကျမ သူငယ်ချင်းကတော့ ရယ်ရယ်မောမောပဲ ပြောတာပါ။ ။ ကျမရဲ့ စိတ်ထဲကိုတော့ တစုံတရာက ထုတ်ချင်းဖောက် ၀င်သွားခဲ့ပါတယ်။ အဲဒါကတော့ ကျမကိုယ်တိုင်လည်း အဆိပ်ပင်တွေ ပေါင်းသင် ရေလောင်း ပျိုးထောင်နေသူတွေထဲ တယောက် အပါအ၀င် ဖြစ်နေပြီ။ အဲဒီအခါ ကျမတွေးမိခံစားမိလာတာက ကျမကိုယ်တိုင် သမိုင်းတရားခံဖြစ်မှန်းမသိ ဖြစ်နေပြီဆိုတာပါပဲ။

၂၀၀၄ခုနှစ်ရဲ့ ဒီဇင်ဘာမှာတော့ ကျမ တချိန်လုံး လေးလေးနက်နက် စဉ်းစားနေမိတာက ဒီ ကျောင်းဆရာမဘ၀ လမ်းကြောင်းကို ကျမ ဆက်လျှောက်မလား…။ ဒါမှမဟုတ်.. အလုပ် ထွက်ရင် ကျမ ဘာလုပ်မလဲ..။ ကျမခမျာက စာရေးတော့လည်း ရေးချင်တဲ့အချိန်မှာ ကိုယ် ရေးချင်တာကို ရေးချင်သလို ရေးတာမို့ ဈေးကွက်ဝင်အောင်လည်း မလုပ်တတ်။ ပိုဆိုးတာက ဈေးကွက်ဝင်အောင် ရေးဆိုရင်လည်း အဲလို လုပ်မစားချင်ဘူးဆိုတဲ့ စိတ်က ရှိပြန်။ တကယ်လို့ ဒီကျောင်းဆရာမ လမ်းကြောင်းပဲ ဆက်လျှောက်မယ်ဆိုရင်တော့လည်း နောက် ၆လ တစ်နှစ်လောက် နေရင် ကျမက တွဲဖက်ပါမောက္ခဖြစ်ပြီ။ ဘာပဲဖြစ်ဖြစ် စိတ်လျှော့ပြီး ပါရဂူဘွဲ့ယူမယ်ဆိုရင် ခဏလေးနဲ့ ပါမောက္ခ ဖြစ်မှာပဲ။

ဒါပေမဲ့ သေချာနေတာတခုကတော့ ကျမက ကျောင်းသားတွေ လုပ်ဖော်ကိုင်ဖက်တွေ အများစုက မကြိုက်တဲ့ ပါမောက္ခမျိုးပဲ ဖြစ်မှာလေ..။ သင်ကြားရေးနဲ့ ပတ်သက်ရင် စည်းကမ်းကြီး.. လာဘ်လာဘမယူ.. ဆင်းရဲ.. အဲလို ပါမောက္ခက လူကြိုက်နည်းမှာ အမှန်။ အဲလိုမှမဟုတ်ဘဲ ကျမရဲ့ မိသားစုလိုအပ်ချက်တွေကြောင့် အများလို မိုးခါးရေ သောက်စို့ ဆိုရင်ရော..။ ကန်တော့ခံပြီး စား.. တချို့ကိစ္စတွေ မသိချင်ယောင်ဆောင်.. ဘာမှမတတ်ဘဲ ကိုယ့်ကိုယ် စီးလားနင်းလားဆက်ဆံမယ့် ယူနီဖောင်းဝတ်တွေကို ခေါင်းငုံ့ အရိုအသေလေး ပေး။ တကယ်တော့ ဘယ်လောက်မှ မခက်ခဲ မပင်ပန်း…။ တချို့ကတော့ လူ့အောက်ကျို့လို့ လူပိမသေဘူးတဲ့။ အမလေးးး ကျမကတော့ အဲဒါမျိုးတွေ လုပ်ဖို့ တွေးကြည့်တာနဲ့တောင် မျက်နှာတွေ ဖြန်းကနဲ ပူလာတာ..။ ပြီးတော့ မဟုတ်မမှန် လုပ်တဲ့သူတိုင်းကို ခပ်တင်းတင်းကြည့်ပြီး “ဒီမှာ ငြိမ်းခက်ခက်ရဲ့ သမိုင်းကြောင်းတလျှောက် လိုက်ကြည့်လိုက်ဦး.. မိဘက အစ.. ဘယ်လိုဆိုတာ”လို့ ခပ်မာမာ ပြောခဲ့သမျှအတွက် ကျမကိုယ်တိုင်က ပြောင်းလဲပြီး မဟုတ်မမှန်တွေ လုပ်ခဲ့ပြီဆိုရင်…။ ဘုရား.. ဘုရား.. လဲသေပစ်လိုက်တာမှ ကောင်းပါဦးမယ်..။ အဲလို အတွေးတွေနဲ့ ဗလောင်ဆူနေခဲ့တာ ၂၀၀၄ ရဲ့ ဒီဇင်ဘာမှာပေါ့။

+++++

အဲဒီအချိန်မှာပဲ သားကြီးရဲ့ TTC မှာလည်း ဆရာဆရာမတချို့ရဲ့ မျက်နှာလိုက်မှုတွေကို သားကြီးဆီကတဆင့် ရိပ်မိလာရတာက တမှောင့် ဖြစ်လာပါသေးတယ်။ သားကြီးက သိပ် တိုင်တိုင်တောတော မလုပ်တတ်လေတော့ သူ့မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး မေးမြန်း ကြည့်ရတာပါပဲ။ တကြိမ်မှာတော့ သားရဲ့ မြန်မာစာဆရာမနဲ့ ကျမ ထိပ်တိုက် တွေ့ရပါတော့တယ်။ လစဉ်စာမေးပွဲတခုမှာ ကဗျာစကားပြေပြန်တဲ့ မေးခွန်းတခုကို သားဖြေထားတာ ကျောင်းသုံးစာအုပ် ဗလာစာရွက်နဲ့ ၂မျက်နှာ ရှိပြီး ဖြေထားတာလည်း အချက်အလက်က ကွက်တိပါပဲ။ ဒါကို ၁၂မှတ်ပေးတဲ့ အဲဒီအပုဒ်ကို မြန်မာစာဆရာမက ၂မှတ်ပဲ ပေးလို့ သားက တော်တော် မကျေမနပ်နဲ့ ကျမကို လာပြတာပါ။ ကျမလည်း ဖတ်ကြည့်ပြီး တော်တော် အံ့သြသွားပါတယ်။ တော်ရုံနဲ့ ကျမက ကျောင်းတွေ ဘာတွေ လိုက်သွားတတ်တဲ့ အမေမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ခုကိစ္စကတော့ လိုက်မှပဲ ရမှာ။ ဒါနဲ့ နောက်တရက်မှာ ကျမ သားကျောင်းကို လိုက်သွားပါတယ်။ သားအတန်းပိုင်ဆရာမနဲ့ တွေ့ပြီး အမှတ်ပေးစည်းမျဉ်း ကိစ္စကို ဆယ်တန်းအမှတ်ပေးပုံနဲ့ ယှဉ်ပြီး ကျမပြောပြပါတယ်။ မြန်မာစာဆရာမက သူ ပေးထားတဲ့ မှတ်စုအတိုင်းမဖြေလို့ အမှတ်မပေးတာပါ..တဲ့။ ကျမပြောပြတာတောင် မြန်မာစာ ဆရာမက မလျှော့တဲ့အတွက် ကျမလည်း စိတ်ညစ်ညစ်နဲ့ပဲ ကျမရဲ့ ရာထူးတွေ.. ဘာညာတွေ ထည့်ပြောရပါတယ်။ ဒါတောင် အဲဒီဆရာမက ၀န်မခံပါဘူး။ ဒါပေမဲ့ နောက်ဆုံး အတန်းပိုင် ဆရာမကတော့ တာဝန်ယူပါတယ်… သူ ပြေလည်အောင် ညှိပါ့မယ်တဲ့။ ကျမကတော့ ပြောလိုက်ပါတယ်။ “အချက်အလက် ကိုက်ညီအောင် ဖြေထားပေမဲ့ ‘၏ သည်’ မလွဲ ဖြေမှ အောင်မှတ်ပေးမယ်ဆိုရင် အဲဒါကို စာရေးပြီးတော့ မြန်မာစာဆရာမ လက်မှတ်ထိုးပြီး ကျမကို ပေးပါ.. ကျမ Board of study မှာ တင်လိုက်မယ်”လို့ ပြောပြီး ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှ ကျမပိုစဉ်းစားမိလာတာက ကျမအတန်းက တပည့်တွေကို ကျမက ဘယ်လောက်ပဲ Student centered approach နဲ့ သွားသွား.. ကျန်တဲ့ သူတွေက Teacher centered ပဲ သွားနေလေတော့ ကျောင်းသားတွေကလည်း ဆရာခေါ်ပေးတဲ့ Notes ကို သက်သောင့်သက်သာ ယူပြီး ကျက်ဖြေတာပဲ အားသန် ကြတော့တာ…။ ကျမ ဘာသာရပ် ဆိုရင်တော့ Lecture ကို သူတို့ Notes ပြန်ပြင်ရတော့ ဒေါ်ငြိမ်းခက်ခက် ဘာသာဆို လုပ်ရတာ ပင်ပန်းတယ်လို့ ညည်းသံတွေ ကြားရတာ။ ဒါတွေကို ကျမ ကြိုးစားလုပ်ယူနိုင်ပေမဲ့ ကျမ သားတို့ကျောင်းတွေ.. သမီးတို့ကျောင်းတွေမှာ.. ကျမ လုပ်မပေးနိုင်ဘူး..။ ကျမ သက်ပြင်းတွေ ချမိ။ ကျမ နဘေးက လူတွေကို ရင်ဖွင့်တော့ တချို့က ဒါကို ပြဿနာလို့ မထင်။ တချို့ကတော့ မတတ်နိုင်ဘူးလေ… တဲ့။ တချို့က ကျမပြောချင်တာကို နားလည်ပုံ မပြ။ သေချာတာတော့ ကျမမှာ ပျော်ပိုက်စရာနေရာ သိပ်နည်း လာတာပါပဲ။

+++++

နောက်ထပ် မြသီလာနဲ့ ဆက်စပ်ရေးဖို့ မဆိုင်သလိုဖြစ်နေပေမဲ့ ကျမကို အချိန် တော်တော် များများမှာ ဖိစီးနေတဲ့ နောက်တခုကတော့ ဒီစစ်အစိုးရရဲ့ ၂၀၀၃ မေ၃၀.. ဒီပဲယင်းမှာ အန်တီစုကို လုပ်ကြံဖို့ ကြိုးစားကြတာ.. အန်တီစုကို အင်းစိန်ထောင်ထဲ ပို့ရဲတဲ့အထိ.. ဘဘဦးတင်ဦးကိုပါ အကျယ်ချုပ်ရဲတဲ့အထိ မိုက်ကန်းကြ ရက်စက် ကြတာ.. ခံရတဲ့သူတွေကို ပြောင်ပြောင်တင်းတင်း ချုပ်ထားလိုက်တာ… အဲဒါတွေကို ကျမ မုန်းတီး စက်ဆုပ် ရွံရှာတာကလည်း ၂၀၀၃ မေနောက်ပိုင်းမှာ ကျမကို ဖိစီးလာတဲ့ ပူလောင်မှုတခုပါ။ အဲဒီ ပူလောင်မှုကြောင့်လည်း ကျမက ကိုယ့်တိုင်းပြည်မှာ မနေချင်တာတွေ.. ဘယ်သူ့ကိုမှ မယုံတာတွေ.. မဟုတ်တာလုပ်သူတွေကို ခါးခါးသီးသီး မုန်းတာတွေ.. စစ်အစိုးရအပေါ် ရွံရှာစက်ဆုပ်တာတွေကလည်း တနေ့ထက် တနေ့ ပို ပို ဆိုးလာ..။ ဒီလိုနဲ့……

+++++

အဲဒီ ၂၀၀၄ ဒီဇင်ဘာမှာပဲ အမေရိကားမှာ နေလာတာ ၃၅နှစ်ရှိပြီးဖြစ်တဲ့ မိတ်ဆွေတယောက် ရန်ကုန်ကို လာလည်ပါတယ်။ အဲဒီမိတ်ဆွေနဲ့ သွားကြ လာကြ လည်ကြ ပတ်ကြ ရင်းနဲ့ ကျမတို့ ဟိုဟိုဒီဒီ ပြောရာက ကျမ ရဲ့ ရင်ဖွင့်သမျှ အဲလို မကျေနပ်ချက်တွေကို သူက နားထောင်ရင်းအမှတ်တမဲ့.. 'မေငြိမ်း ခဗျားက မြန်မာပြည်နဲ့ မကိုက်ဘူးဖြစ်နေတာ.. ခဗျားသာ အမေရိကမှာဆို လုပ်နိုင်တာတွေ လုပ်ချင်တာတွေ အများကြီး တွေ့မှာ…' တဲ့။ အဲဒါဟာ ကျမ တခါမှ မစဉ်းစားမိဖူးတဲ့ အသစ်တခု..။ အမေရိကန်နိုင်ငံဆိုတာ ကျမနဲ့ တကယ်ကိုမှ အဝေးကြီး…။ သူက ပြောသေးတယ်.. အဲဒီ ပြဿနာမျိုးတွေကို public က ထဲထဲဝင်ဝင် မသိကြ နားမလည် ကြတာကြောင့် ပိုဆိုးတာ.. တဲ့။ အဲဒီနောက်မှာတော့ ကျမစိတ်ထဲ ဒီတိုင်းပြည်ကနေ ထွက်သွားလိုက်ရင် ကောင်းမလား ဆိုတဲ့အတွေး ပထမဆုံး ပေါ်လာပါတော့တယ်…။ အဲဒီအတွေးနဲ့အတူ ကိုယ့်လက်ရှိဘ၀ကို တကယ် ဖြတ်တောက်နိုင်သလားလို့လည်း ကိုယ့်ကိုကိုယ် အပြန်ပြန် စစ်မေးမိပါတယ်။ စာဆန်ဆန် ပြောရရင်တော့ မြသီလာကို တကယ်ပဲ ကျောခိုင်းနိုင်ပြီလားပေါ့…။

+++++


ကိုဖုန်းမော် (၂၁)နှစ်....


Monday, March 9, 2009

မြသီလာအလွမ်းပြေ(၃၅)

ရန်ကုန်ကို Transfer တင်တော့ ကျမလျှောက်ထားတဲ့ ကျောင်းက ဒဂုံတက္ကသိုလ်ပါ။ အဲဒီကာလမှာ အမေက အဖေဆုံးပါးပြီးတဲ့နောက် မြို့ထဲက တိုက်ခန်းမှာ မနေချင်တော့ဘူး ဆိုပြီး မြောက်ဒဂုံအ၀င် သစ်တောကွက်ထဲက သင်းဝင်လမ်းမှာ ၀ယ်ထားတဲ့ အိမ်မှာပဲ နေနေပြီမို့ ကျမက အမေနဲ့ နီးနီးလည်း နေရ.. ဒဂုံတက္ကသိုလ်ကို ကျောင်းသွားဖို့လည်း လွယ်မယ့်နေရာ ရှာရပါတယ်။ အမေကြိုရှာထားပေးတဲ့ ကျမနေဖို့ ရွေးလိုက်တဲ့ အိမ်က ကားဂိတ်ကနေ အတွင်းထဲကို မိနစ် ၂၀လောက် လမ်းလျှောက်ဝင်ရတဲ့ နေရာမှာ ရှိနေပါတယ်။

တကယ်တမ်းကျတော့ အမေနဲ့လည်း မနီးလှ..။ ဈေးလည်း မနီး..။ အိုးး အဲဒီနေရာမှာတောင် အိမ်လခက ၁သောင်းခွဲ..။ ကျမ ရတဲ့ လစာကလည်း တသောင်းခွဲ.. ကွက်တိ။ အဲဒီမှာ ကျမရယ်.. ကလေး ၃ယောက်ရယ်.. ကလေးကြည့်ပေးမယ့် ကလေးမလေး တယောက်ရယ်.. နေရမှာ။ အဲဒီလမ်းက လူနေကျဲပါးပါတယ်။ ကျမတို့ နေမယ့် အိမ်ဘေးမှာကို လူ မနေ တိုက်မဆောက်သေးတဲ့ မြေကွက် ၃ကွက်..။ ဆိုးတာခုက ခြံစည်းရိုး မကောင်းတဲ့အပြင် အိမ်သာက အိမ်အပြင်ဘက်ရောက်နေတာ..။ ဘုရားရေ.. ယောက်ျားသား မရှိဘဲ နေလို့ဖြစ်ပါ့မလား..။ ရာကျော်က နောက်တပတ်ဆို သွားရပြီတဲ့။ ပြီးတော့ ဒီကြားထဲမှာ ကျမက မော်လမြိုင်ကို Transfer ကိစ္စ သွားရဦးမှာ ရှိသေး..။ အိမ်ကို ဘယ်လို ထားခဲ့မလဲ..။

အဲဒီ အိမ်မှာ ပစ္စည်းတွေ ပတ်ချာလည်ချပြီး ကျမ မဝေခွဲတတ်ဖြစ်နေပါတယ်။ စပေါ်တ၀က်လည်း ပေးပြီးပြီ။ ကဲ.. ဖြစ်သမျှအကြောင်းပေါ့။ ဒါပေမဲ့ ကျမစိတ်ထဲ ဒီအိမ်က မလုံခြုံဘူးလို့ ခံစားနေရတာက ဆိုးပါတယ်။ လူကလည်း သွေးနုတုန်း.. သားငယ်လေးမှ ရက်၄၀လားရသေးတာလေ။ နောက်တခုက သားကြီး ကျောင်းတက်ဖို့ သိပ်ဝေးတာ..။ ကျောင်းကားတောင် ရှိပါ့မလားပဲ။ အမေကတော့ သူ့အဖိုးအဖွားအိမ် တက္ကသိုလ်ရိပ်သာလမ်း မှာ သွားထားလိုက်ပေါ့တဲ့။ ကျမကတော့ သက်ပြင်း တချချ..။ လောလောဆယ် ကျမကျောင်းသွားချိန် အိမ်မှာ ကလေး၃ယောက်နဲ့ ကောင်မလေးကို ဘယ်လို ထားခဲ့ရပါ့ပေါ့။ သမီးလေးက မူကြိုတက်ရမှာ.. အငယ်ဆုံးလေး ကမှ ၂လသား မပြည့်သေး.. ကျမ ရင်ထဲ ပူပူလောင်လောင် ရှိရပြန်ပါပြီ။ (စာဖတ်နေသူတွေကတော့ ကိုယ်ပဲ အပူရှာပြီးတော့လို့ တွေးနေမလားမသိပါ)။ ကျမကတော့ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင် နေမိပါတယ်။

အဲဒီတည… အဲဒီအိမ်မှာ ကျမတို့ မိသားစု အိပ်ကြပါတယ်။ တလမ်းလုံး တိတ်ဆိတ်.. မှောင်မဲ..။ အပြင် အိမ်သာ ထွက်တော့လည်း မှောင်မှောင်မိုက်မိုက်…။ ကျမ စိတ်ထဲ ဘယ်လိုမှ နေမဖြစ်ဘူးလို့ သိနေသလိုပဲ..။ ရာကျော့်ကို ပြောတော့ ရာကျော်က ဘာလုပ်ချင်လဲ..တဲ့။ နောက်ဆုံး ပိုက်ဆံဆုံးလည်း ဆုံးတော့.. မနေချင်ဘူး.. လို့ ပြောလိုက်ပါတယ်။ အမြဲ ကျမအလိုပဲ လိုက်တဲ့ ရာကျော်က.. သေချာစဉ်းစားပြီးပြီလားဆိုတာကလွဲလို့ ဘာမှမကန့်ကွက်ပါဘူး။ ဒါနဲ့ နောက်ဆုံးတော့ အမေ့အိမ်သေးသေးလေးဆီပဲ မိသားစု ပြန်ပြေး ရတော့တာပေါ့။ ၆လစာ တင်ထားတဲ့ ပိုက်ဆံ ၉သောင်း ဆုံးသွားပါတယ်။ (တိုက်တိုက်ဆိုင်ဆိုင်.. နောက် ၆လလောက်နေတော့ ကျမတို့ မနေဖြစ်တဲ့ အဲဒီအိမ်ကလေးနဲ့ ၃အိမ်ကျော်မှာ အပျိုကြီး တူဝရီးနှစ်ယောက် ပစ္စည်းယူပြီး အသတ်ခံ လိုက်ရပါတယ်)။

အမေ့အိမ်လေးကတော့ လမ်းမကြီးနဲ့ ကျောချင်းကပ်ဆိုတော့ ကျမကျောင်းသွားရတာလည်း အဆင်ပြေ..။ ကလေးတွေ ကျောင်းတက်ဖို့လည်း ဖယ်ရီကားရှိတော့ အဆင်ပြေတာပေါ့။ အိမ်လခလည်း သက်သာ။ ကျဉ်းကျပ်ပေမဲ့ အမေနဲ့ နေရတော့ လုံခြုံတယ်လေ။ ရာကျော်ကတော့ သားငယ်လေး ရက်၅၀ပြည့်တဲ့ နေ့မှာပဲ ထွက်သွားရပါတယ်။ ကျမတို့နှစ်ယောက်က မကြာခဏ ခွဲနေရဖူးပေမဲ့ ခုလောက် အနည်းဆုံး ၃နှစ်ခွဲရမယ်လို့ ကြိုသိပြီး အကြာကြီး ခွဲနေရမှာမျိုး မကြုံဖူးတာမို့ ကျမစိတ်ထဲ အားငယ်ကျန်ခဲ့တာတော့ အမှန်ပါပဲ။ အမေကတော့ ခုပြန်တွေးရင်ကို ကျမစိတ်ထဲ သနားတုန်း..။ အမေက ကျမ သားအငယ်ဆုံးလေးကို တော်တော်ချစ်တော့ နေ့လယ် ကလေးအိပ်ရင်ကို အချိန်လုံး ပုခက်လွှဲနေခဲ့တာ..။ အမေ့အရိပ်မှာ ကျမ လုံခြုံခဲ့တာကြောင့်လည်း ဒဂုံတက္ကသိုလ်မှာ ကျမက တာဝန်ကျေတဲ့ ၀န်ထမ်းဖြစ်နိုင်ခဲ့တာပါ။ ကျမ ဒီလိုပြောရတာအကြောင်း ရှိပါတယ်။

+++++

၂၀၀၃ခုနှစ်ရဲ့ မေလနောက်ဆုံးပတ်မှာ ကျမ ဒဂုံတက္ကသိုလ် စ၀င်ရပါတယ်။ ဖြစ်ချင်တော့ ဌာနမှူးက ကျမ ဆရာမစဖြစ်တုန်းက လှိုင်ကောလိပ်မှာ ၉နှစ်တောက်လျှောက် အတူတူ လုပ်ခဲ့ရတဲ့ ဌာနမှူးပါပဲ။ ခုတော့ ဆရာမကြီးက ပါမောက္ခပေါ့။ ကျမကလည်း ကထိကပေါ့။ (ထွက်တော့လည်း သူ့လက်ထဲက ထွက်ခဲ့ရတာ တိုက်ဆိုင်မှုပါပဲ)။ ဆရာမကြီးနဲ့ ကျမ စဆုံရတုန်းက ကျမက အသက် ၂၁နှစ်.. ။ ပြန်ဆုံကြရတော့ ကျမ အသက် ၃၈နှစ်။ အချိန်တွေ ကွာဟ.. အတွေ့အကြုံတွေလည်း များခဲ့ကြပြီ။ ပိုဆိုးတာက အင်မတန်ခေတ်မီတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တဲ့ ကျမက ဒဂုံတက္ကသိုလ်ရောက်ချိန်ကျမှပဲ ကျမက တော်တော် နောက်ကျနေခဲ့တယ်လို့ သိလိုက်ရတော့တာပါ။

ဒဂုံတက္ကသိုလ်ကို ကျမရောက်တော့ အရင်က လယ်ကွင်းသာသာ ရှိခဲ့တယ်ဆိုတဲ့ နေရာက တော်တော် စည်ပင်ပြီး ကျောင်းနဲ့တော့ တူနေခဲ့ပါပြီ။ တက္ကသိုလ်နဲ့သာ မတူတာဆိုပါတော့။ ကျောင်းအလာ လမ်းတလျှောက် မှာ ဖြတ်ခဲ့ရတဲ့ လယ်ကွင်းတွေ လူနေအိမ်ခြေရပ်ကွက်တွေကို ထည့်မတွေးဘူး… ပြီးတော့ လကမ္ဘာကို သတိရစေတဲ့ လမ်းချိုင့် လမ်းခွက်တွေအကြောင်း ထည့်မတွေးဘူး ဆိုရင်တော့ ဒဂုံတက္ကသိုလ်ကို ကျောင်းလို့ သတ်မှတ်ကြပါစို့။ ကျောင်းသူကျောင်းသားတွေ ရှိမယ်.. ဆရာဆရာမတွေ ရှိမယ်.. စာသင်ခန်းတွေ ရှိမယ်ဆို ကျောင်းပေါ့..။ တက္ကသိုလ်လို့ သမုတ်ဖို့တော့ ထုံးစံအတိုင်း တော်တော် စဉ်းစားရပါမယ်။ တက္ကသီလ… မြင့်မြတ်သော နည်းနာအကျင့်တို့ ဆည်းပူးရာအရပ်… တက္ကသိုလ်ရယ်လို့ ဖြစ်ဖို့ဆိုတာ….။

+++++

ကျမရဲ့ ကျောင်းဆရာမ လုပ်သက်တလျှောက်မှာ မပျော်ဆုံးကျောင်း နဲ့ မပျော်ဆုံးအချိန်ကို ပြပါဆိုရင်တော့ အဲဒါဟာ ဒဂုံတက္ကသိုလ်နဲ့ အဲဒီမှာ လုပ်ခဲ့ရတဲ့ အချိန် (၂၀၀၃ မေလကနေ ၂၀၀၅ ဖေဖော်ဝါရီလထိ) ပါပဲ။ ဒဂုံတက္ကသိုလ်ရောက်တဲ့အချိန်မှာ ကျမဟာ တကယ့် တောသူမကြီးလိုကို ဖြစ်နေတော့တာပါ။ ကျမက နယ်တက္ကသိုလ်တွေမှာပဲ ၁၀နှစ်လောက် ဆက်တိုက်နေလိုက်သလိုဖြစ်သွားလေတော့ ၂၀၀၃ ဒဂုံတက္ကသိုလ်ကို ပြန်အရောက်မှာ ကျောင်းသူကျောင်းသားအများစုနဲ့ ဆရာဆရာမအများစုဟာ ကျမ စိတ်ထဲတော့ အံ့ဖွယ်သုတ လို ဖြစ်နေတာပါပဲ။ ကျောင်းသူကျောင်းသား အများစုကြီးက စာသင်ခန်းကို စိတ်မ၀င်စား.. ဆရာဆရာမ အများစုကြီးကလည်းစာသင်ခန်းကို စိတ်မ၀င်စားကြတာလေ။ သူတို့ ဘာတွေကို စိတ်ဝင်စား သလဲ…။ တကယ်တော့ အဲဒါတွေက ကျမ ပြန်မရေးချင်တဲ့ ကိစ္စတွေပါ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာ…
တသက်လုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့် မေဂျာကို ချစ်တယ်.. စီနီယာတွေက ဂျူနီယာတွေကို အဆင့်ဆင့် ထိန်းကြ စောင့်ရှောက်ကြတယ်.. သူတို့ ဆရာဆရာမတွေကို ချစ်ကြတယ်ဆိုတဲ့ နာမည်တလုံးနဲ့ နေလာကြတဲ့ ဘူမိဗေဒမေဂျာက ကျောင်းသား၃ယောက်က သူတို့မေဂျာက ဆရာမကို Rape လုပ်တာ.. ပြီးတော့ အဲဒီ Rape case က လက်သိပ်ထိုး ဖျောက်ဖျက် ခံလိုက်ရတာ…။

ဒဂုံတက္ကသိုလ်က ကျောင်းသားတွေရဲ့ ဖဲဝိုင်းတွေမှာ ထိုးကြေးက သိန်းဆယ်ချီပြီးတော့ တခါတလေမှာ ကားသော့တွေတောင် ပါတာ.. ကျမ ကိုယ်တွေ့မျက်မြင်..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ကိုယ်ပေါ်မှာ သိန်းရာချီတန်တဲ့ စိန်တွေ ၀တ်ထားပြီး ဆေးတခုခုသုံးထားလို့ သွက်သွက်ခါအောင် မူးနေတဲ့ ကျောင်းသူတချို့ကို သက်ဆိုင်ရာဌာနက ဆရာမတွေက အိမ်တိုင်ရာရောက် လိုက်ပို့ပေးရတာတွေ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… မြန်မာစာဌာနကနေ လှမ်းမြင်နိုင်တဲ့ ကော်ရစ်ဒါ ထောင့်ချိုးလေးမှာ စုံတွဲတွေ ဖြစ်ချင်တိုင်း ဖြစ်နေတာကို မကြည့်နိုင်တဲ့ ဆရာမက သွားပြီးတော့ အဲဒီလို မနေသင့်ကြောင်းပြောတာကို ဟားလွှတ်တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိနေတာ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ပါမောက္ခချုပ်ကြီးကို ကျောင်းသားကျောင်းသူ ပြဿနာတွေ တင်ပြတော့ ကျောင်းသားတွေနဲ့ ပြဿနာဖြစ်ရင် ကိုယ့်တာဝန်ကိုယ်ယူကြဆိုပဲ..။ မော်ကွန်းထိန်းကလည်း ဒါတွေ စိတ် မ၀င်စား..။ ကျောင်းဖယ်ရီထဲမှာ သူပိုင်ကားတွေ ထည့်ဖို့.. ကားခတွေ တိုးကောက်ဖို့တွေပဲ စိတ်ဝင်စား။ ကျမကတော့ အဲဒီမော်ကွန်းထိန်းရဲ့ လစာနဲ့ ဘယ်လိုလုပ်များ ဖယ်ရီဘတ်စ် ၅စီး ၀ယ်နိုင်ပါလိမ့်လို့ အံ့သြနေမိခဲ့သေးတယ်။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ကားဖယ်ရီတွေပေါ်မှာလည်း ဖဲဝိုင်းအကြီးအကျယ်ဆိုပဲ..။ ကားသမားတွေကို အကောက်ပေးရ သတဲ့။ ပိုဆိုးတာက နေ့လယ်ဘက် နားထားရတဲ့ အဲဒီ ဖယ်ရီတွေပေါ်မှာ ကျောင်းသား ကျောင်းသူ စုံတွဲတွေကို ချိန်းတွေ့ဖို့ နေရာငှားသတဲ့..။ နောက်လည်းကျရော အဲဒီ အဖြစ်အပျက်တွေက ဗီဒီယိုခိုးရိုက်ထားတဲ့ အခွေ ထွက်လာပါလေရော..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… အတ္ထုပ္ပတ္တိစာပေအကြောင်းသင်တော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ထည့်ပြောလို့ဆိုပြီး ကျမ သတိပေးခံခဲ့ရတာ..။ (၂၀၀၀ပြည့်နှစ်တုန်းက ကွန်ပျူတာ တက္ကသိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောပြီး စာသင်လို့ ထောင်၇နှစ် ကျသွား တဲ့ မြန်မာစာဆရာ ဦးဌေးဝင်းလို ဖြစ်သွားမယ်နော်.. ဆိုတာလည်း ပါပါသးတယ်..)။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ၀န်ထမ်းရေးရာက ဌာနမှူးရဲ့ မျက်နှာကို ဆရာဆရာမတွေက ကြည့်ပြီး အလုပ်လုပ်နေကြရတယ်ဆိုတာ..။ ဌာနမှူးက မကြည်ရင် အမျိုးမျိုးညစ်တယ်ဆိုပဲ.. ဥပမာ စာမေးပွဲခန်းစောင့်တဲ့ ကိစ္စတွေမှာ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ဆရာဆရာမတွေ ၃လ တကြိမ်.. ၁၀ရက်ဆက်တိုက် မနက် ၇နာရီကနေ ညနေ ၅နာရီအထိ စာမေးပွဲခန်းတွေ စောင့်ကြရတာ။ ဆရာဆရာမတွေခမျာ.. ကိုယ်တွေလက်တွေ ကိုက်ကြခဲကြ.. ဖျားကြ နာကြ..။ ကိုယ့်ဘာသာ ဆေးကုကြ။ ပြီးတော့ အဲဒီလို အပင်ပန်းခံ စောင့်ကြရတဲ့ စာမေးပွဲတွေကို အထက်အမိန့်ဆိုတာကြီးက ပေါပေါလောလော အအောင်ပေးကြတာ။

အဲဒီ ဒဂုံတက္ကသိုလ်မှာပေါ့.. စာမေးပွဲမှာ စာမရလို့ မေးခွန်းတွေချည်းပဲ ကူးတင်လိုက်တဲ့ကြားက စာမေးပွဲအောင် လာလို့ ဆိုပြီး ကျောင်းကို လှောင်ပြောင်တဲ့ ကျောင်းသားကို ကျမ ရှက်ရှက်နဲ့ ငေးကြည့်နေခဲ့ရတာ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ၂၀၀၄ခုနှစ်ရဲ့ အဝေးသင်စာမေးပွဲတခုမှာ ပေါ်ပေါ်ထင်ထင် ခိုးချနေတဲ့ ကျောင်းသားကို ဆရာမက အဲလို မလုပ်ဖို့ တားတော့ ကျောင်းသားက သူ့ရဲ့ တပ်ကြပ်ကြီးကဒ်ပြားကို ထုတ်ပြတာ..။ ဆရာမလေးက ဘယ်သူပဲဖြစ်ဖြစ် စာမေးပွဲခန်းထဲ အဲလို လုပ်ခွင့် မရှိဘူးလို့ပြောပြီး သူ့ခုံနားမှာ လာစောင့်ရပ်နေတာကို မေးခွန်းစာရွက်ပေါ်မှာ ညစ်ညစ်ပတ်ပတ်ပုံတွေ ဆွဲပြတာ..။ အဲဒါကို ဆရာမက ပြဿနာလုပ်တော့ ဆရာမက သူ့ဆီက ပိုက်ဆံခိုးပါတယ်လို့ ပြန်စွပ်စွဲတာ..။ အဲဒီအမှုမှာ ကျောင်းသား မှားတယ်လို့ လူတိုင်း သိကြပါတယ်။ ပါမောက္ခချုပ်ရုံးခန်းထိ ရောက်ခဲ့တဲ့ အမှုပါ။ ဖြစ်ချင်တော့ ဆရာမလေးက အင်မတန် တိကျတဲ့ မှန်ကန်တဲ့ ဆရာမ.. သူ့အဖေက တိုင်းတခုက တရားသူကြီး။ ဒါပေမဲ့ ပါ/ချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆရာမက ကျောင်းသားကို တောင်းပန်လိုက်ရပါတယ်။ ဆရာမလေး နယ်ပြောင်းခံလိုက် ရပါတယ်။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. သောင်းချီတဲ့ Answer Paper တွေကို တပတ်အတွင်းအပြီး အမှတ်ခြစ်.. အောင်စာရင်းလုပ်…။ ဆရာဆရာမတွေခမျာ ကိုယ့်ထမင်း ကိုယ်စားပြီး မနက် ၈နာရီကနေ ည ၈နာရီထိ အလုပ် လုပ်ကြရတာ.. ယုံစရာကောင်းရဲ့လား..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. စစ်ထောက်လှမ်းရေးကနေ Linguistics နဲ့ ပတ်သက်ပြီး မဟာဝိဇ္ဇာ လာတက် နေတဲ့ ကျောင်းသားဆိုသူက လူ ၅၀ပဲ ရှိတဲ့ ကျမရဲ့ မဟာဝိဇ္ဇာ Literature တန်း စာသင်ချိန်တွေမှာ လာ လာ ထိုင်နေတာ..။ အင်း သူက On Duty နဲ့ဆိုပဲ။ ကျမ စာသင်တာမှာ နိုင်ငံရေးနဲ့ မလွတ်မကင်းတွေ ပါလာရင်တော့ ပြဿနာရှိနိုင်တယ်ဆိုပဲ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. တိကျ သေချာတဲ့.. အဂတိ မလိုက်စားတဲ့.. စာသင်ခန်းတွေ ထဲမှာ ကြိုးစားအားထုတ်တဲ့ ဆရာဆရာမတွေကို ကျောင်းသားတွေက မကြိုက်သလို ဆရာဆရာမ အချင်းချင်းကလည်း စိတ်အနှောက်အယှက် အမျိုးမျိုး ပေးကြတာ..။ ဒါပေမဲ့ အဲဒီ မကောင်းမှု ကိုပဲ လူကြိုက်များနေတာ..။

အဲဒီဒဂုံတက္ကသိုလ်မှာပဲပေါ့… စစ်တပ်အရာရှိကြီးတယောက်ရဲ့ တူမ… စာမေးပွဲကျနေတဲ့ ကျောင်းသူတယောက် ဂုဏ်ထူးတန်းတက်ခွင့်ရအောင် လာဘ်စားပြီး လုပ်ပေးထားတဲ့ ဌာနမှူးကို သက်သေခံနဲ့ တကွ တိုင်တဲ့ အတန်းပိုင်ဆရာကို ပါ/ချုပ်က ခေါ်ပြီးတော့ အရပ်ထဲက စကားလုံးနဲ့ တိုင်းဆဲခဲ့တာ..။ ပြီးတော့ အဲဒီဆရာက အလုပ်ပြုတ်တာ..။ ဌာနမှူးဆိုသူကတော့ ပိုကောင်းတဲ့ နယ်တနယ်ကို Transfer ဆိုပြီး အပြစ်ပေးခံရတာ…။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… အဝေးသင်လာတက်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပင်ပန်းဆင်းရဲမှုနဲ့ ငွေကြေးကုန်ကျမှုတွေ… တကယ် ရိုးသားကြိုးစားပြီး လိမ္မာကြပေမဲ့ ငွေကြေးမတတ်နိုင်တဲ့အတွက် အောက်တန်း နောက်တန်း ကျရရှာတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ သိမ်ငယ်မှုတွေ..။ ကမောက်ကမ ပညာရေးစနစ်ထဲ သားကောင် ဖြစ်ကြရတဲ့ ဆရာဆရာမတွေနဲ့ တပည့်တွေ..။

မှတ်မိနေတာတခုကတော့ အဲဒါတွေကို မခံစားနိုင်တဲ့အဆုံး ကျမ တောင်ငူဆောင်မှာ ကျမရဲ့ ဆရာတွေရှေ့မှာ ရင်ဖွင့်ရင်း မျက်ရည်ကျခဲ့တာပါပဲ။

+++++

သင်ကြားရေးစနစ်နဲ့ ပညာရေးစနစ်.. တပည့်နဲ့ ဆရာဆရာမတွေကြားက စိတ်ပြဿနာ.. ယဉ်ကျေးမှု ပြဿနာတွေကို စိတ်ညစ်နေတဲ့ ကျမ နောက်တခါ လာပြန်ချည်သေးဟေ့ ဆိုသလို…။ ကြံ့ဖွံ့ မ၀င်မနေရတဲ့…။ မ၀င်ရင် ဘာဖြစ်မလဲဆိုတော့ မ၀င်ဘူးဆိုတာ မရှိဘူးလေ..တဲ့။ ၀န်ထမ်းမှန်ရင် အလိုလို ကြံ့ဖွံ့ပဲတဲ့..။ ကျမတို့ နှစ်စဉ်ဖြည့်နေရတဲ့ ၀န်ထမ်းကိုယ်ရေးရာဇ၀င် ၆စောင် ထဲမှာ တစောင်က ကြံ့ဖွံ့ရုံးအတွက်ပဲလေ..တဲ့။ ကဲ.. ကျမ ဘာတတ်နိုင်မလဲ..။

လာပြန်ပြီ နောက်တခု ဆရာမတိုင်း အမျိုးသမီးရေးရာအဖွဲ့ဝင်တဲ့…။ ကထိကတွေ နှီးနှောဖလှယ်ပွဲတွေ အစည်းအဝေးတွေ အလှည့်ကျ တက်ကြရမယ်တဲ့..။ အထူးသဖြင့် စီနီယာ ကထိကတွေတဲ့။ ကဲ.. ကျမတောင် တခေါက် တက်လိုက်ရသေး..။ ခရမ်းရောင်ဝတ်စုံနဲ့.. ပုဝါစုံချလို့..။ လုပ်ရတာပဲ.. ကျမ ငြင်းလို့ မရ။ နောက်တော့ လာဦးမှာ.. မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းလည်း ၀င်ရဦးမတဲ့။ မေငြိမ်းက စာရေးဆရာလည်းဖြစ်တော့ ပိုလုပ်ရမှာနော်.. တဲ့။

အဲဒါထက် ပိုဆိုးလာတာကတော့ ပါရဂူဘွဲ့ကိစ္စတွေပါ..။ ကထိကတွေ ပါရဂူဘွဲ့ မယူမနေရတဲ့။ ပါရဂူဘွဲ့အတွက် ပထမအဆင့်က ပါရဂူတန်းတက်ခွင့်ရဖို့ ၀င်ခွင့်ဖြေရမယ်။ အောင်ရင် တနှစ်တက်ရမယ်..။ တနှစ်ပြီးရင် နောက်ထပ် ၃နှစ် ကျမ်းတွေပြုပေါ့..။ အဲဒီအတွက် စုစုပေါင်း သိန်း ၂၀လောက်တော့ အသာလေး ကုန်မှာတဲ့။ ဒါဖြင့် ပိုက်ဆံ မတတ်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုတော့.. ပါရဂူမဟုတ်ရင် ရာထူးမတက်ပါ…တဲ့။

ဒီနေရာမှာ ထည့်ပြောရပါတော့မယ်။ လောလောဆယ်.. မဟာတန်းတွေ တက်နေကြတဲ့ အများစုက ၈၈ နောက်ပိုင်းမှာ တက္ကသိုလ်ရောက်သူတွေပါ။ သူတို့ထဲမှာ ၁၉၉၀နောက်ပိုင်း ပညာရေးလောကထဲ အဂတိအင်မတန်များလာတဲ့ ခေတ်ထဲမှာ စာကူးချတာတို့ လာဘ်လာဘ ပေးတာတို့နဲ့ ဂုဏ်ထူးတွေရကြ.. မဟာတန်းတွေတက်ကြတဲ့ သူတွေ ပါလာပါတယ်။ အဲဒီလို လူတွေက ငွေတတ်နိုင်တော့ တက္ကသိုလ်မှာ ဆရာမတွေ ပြန်ဖြစ်ကြ။ ကြိုးစားအားထုတ်မှု မရှိခဲ့ကြတော့ ကသောင်းကနင်း ဒရောသောပါးတွေဖြစ်ပြီး မပြည့်တဲ့ အိုးတွေပီပီ… ငွေတတ်နိုင်သူတွေရဲ့ ထုံးစံအတိုင်း ပညာရှိသူတွေကို လေးစားရကောင်းမှန်းလည်း မသိကြ။ အဲဒီလိုလူတွေကပဲ ငွေကြေးတတ်နိုင်လေတော့ ပါရဂူဘွဲ့တွေ ရသွားကြပါဦးမယ်.. ရာထူးတွေတက်ကြပါဦးမယ်.. သူတို့ကို သူတို့ အဟုတ်ထင်ပြီး မောက်မာကြပါဦးမယ်… ။ ပညာလည်း တကယ် မပြည့်စုံကြလေတော့ လွဲကြ မှားကြပါဦးမယ်..။ အဲဒီအလွဲအမှားကို ထောက်ပြရင်လည်း လက်ခံကြမှာ မဟုတ်တဲ့အတွက် ပြဿနာတွေ ဖြစ်ကြရပါဦးမယ်။

အဲ့ဒီအပြင် တကယ် တော်ပေ တတ်ပေမဲ့ ပိုက်ဆံ မရှိတဲ့ ဆရာဆရာမတွေခမျာတော့ ပါရဂူဘွဲ့ မယူနိုင်တာကြောင့် ရာထူးမတက်တဲ့အတွက် အဲ့လို ကိုယ့်ထက်အငယ်.. ကိုယ့်တပည့်တွေရဲ့ လက်အောက်မှာ အရိုအသေအတန်ခံပြီး အလုပ်လုပ်ကြရပါမယ်။ (ကိုယ့်ထက်အငယ်ဆိုပေမဲ့ တကယ်တော်တဲ့သူတွေက ကိုယ့်အပေါ်ရောက်ရင်တော့ ကျမတို့က လေးစားလိုကနာဖို့ ၀န်လေးမှာ မဟုတ်ပါဘူး)။ ဒီတော့ ရိုင်းရိုင်းဥပမာပေးရရင် တကယ့်ကို ဘုရားကားအောက် မျောက်ကားအထက်ဆိုတာမျိုး ဖြစ်အောင် စီစဉ်ထားတဲ့ မူပါပဲ။ ၂၀၀၄ ခုနှစ်ထဲမှာတော့ ကျမဆီမှာ ကျောင်းဆရာမဘ၀နဲ့ ပတ်သက်ပြီး အဲလို စက်ဆုပ်စရာခံစားမှုတွေက ဆင့်ကဲ ဆင့်ကဲ တွေ့ကြုံလာရတာပါ။ သေချာတာကတော့ အဲဒီ ပါရဂူဘွဲ့ ကျမ မယူနိုင်ပါဘူး။ ပြီးတော့ အဲလို လူမျိုးတွေရဲ့ လက်အောက်မှာလည်း အလုပ်မလုပ်ချင်ပါဘူး။ ကျမစိတ်ထဲ မြသီလာက ချစ်စရာ လွမ်းစရာ မကောင်းတော့ဘူးလို့လည်း ထင်လာတဲ့ အချိန်တွေပေါ့...။ ကျမ တခုခုကို ဆုံးဖြတ်ရပါတော့မယ်..။
+++++