Saturday, June 27, 2009

မြသီလာအလွမ်းပြေ(၄၃)


ကျမတို့မိသားစု ဘယ်လို လွတ်မြောက်လာသလဲ.. လို့ သိချင်သူတွေ များတာကြောင့် (၄၂)ကို အတိုချုံးပြီး လိုရင်းရေးခဲ့ရတာ..။ တကယ်တော့ (၄၂)ရေးရမယ့် အပိုင်း… ဇင်းမယ်မှာ ခိုနေရတဲ့ ၃လနီးပါး (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)ဟာ တကယ့်ကို သည်းထိတ်ရင်ဖို ဆန်လှတာပါ။ အဲဒီအချိန်လေးနဲ့ ပတ်သက်ပြီး အသေးစိတ်ရေးဖို့ တောင်းဆိုကြပေမဲ့ ဒီအချိန်မှာ ဒါတွေကို အကျယ်မချဲ့ချင်တော့ပါဘူး။ ကျမစိတ်ထဲ အဲဒီ ကိစ္စဟာ ပုဂ္ဂလိက ကိစ္စသာဖြစ်တယ်လို့ ထင်တာလေ။ ကျမတို့မိသားစု သူများနိုင်ငံမှာ ပုန်းခိုနေရတယ်ဆိုတာက လျှောက် အလည်အပတ်မပျက်.. မုန့်စားမပျက်.. ကလေးတွေ ကျောင်းတက်မပျက်..။ မဖြူဖြူသင်းတို့ နီလာသိန်းတို့ ပုန်းနေရတုန်းက အဖြစ်အပျက်မျိုး အခြေအနေမျိုးနဲ့ ယှဉ်တွေး ကြည့်လိုက်ရင် အရေးအရာ လုပ်ပြောစရာကို မဟုတ်ပါ။ တခုပါပဲ.. ကျမက ကျမကြောင့် ဒုက္ခတွေ့ရတဲ့ သားသမီးတွေကိုပဲ သနား တာလေ။

နအဖစစ်တပ်ကနေ ပြန်ရောက်လာတဲ့အချိန်မှာ ကျမက ကိုယ့်ကိုယ်ကို သေရွာပြန် မိသားစုလို့ပဲ သတ်မှတ်ထား ခဲ့ပါတယ်။ အဲဒီအချိန်လေးမှာ ခင်မင်းဇော်ကဆိုရင် ကျမတို့ မိသားစုတော့ သွားပြီ.. အင်းစိန်ထောင်ကို တန်းကနဲပဲ… လို့ တွေးပြီး အရုပ်ကြိုးပြတ် ဖြစ်နေတာ။ တကယ်ပါပဲ.. ဘယ်လို တွေးကြည့်ကြည့် လွတ်လာစရာအကြောင်းကို မရှိတာပါ။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ ကျမတို့ သားရဲတွင်းထဲက လွတ်လာခဲ့ပါတယ်။ အဲဒီ တလော ကျမနဲ့ ကလေး၃ယောက်ဟာ အဲဒီတောထဲရောက်သွားခဲ့တဲ့ အဖြစ်ဆိုးကို ညတိုင်းလို အိပ်မက်တွေ ပြန်ပြန်မက်ပြီး လန့်လန့်နိုးခဲ့ကြတာ ညတိုင်းလိုလိုပါပဲ။ ပြီးတော့ အဲဒီအချိန်မှာ အနာဂတ်ဆိုတာထက် ကျမကို ကူထားကြတဲ့ သူငယ်ချင်းတွေရဲ့ ပိုက်ဆံတွေကို ဘယ်လိုပြန်ပေးရပါ့ဆိုတဲ့ အပူ.. ရှေ့လျှောက် ထိုင်းမှာ ဒီမိသားစုကြီး ဘေးမရှိ ရန်မရှိ နေသွားနိုင်ပါ့မလားဆိုတဲ့အပူတွေ ဖိစီးလို့ပေါ့..။ Detention Center မှာ US Embassy က ကိုယ်စားလှယ် အာမခံပြီး လာခေါ်တာတောင် မပေးတဲ့ ထိုင်းအင်မီဂရေးရှင်းက ကျမတို့ တပြုံလုံးကို နောက်တကြိမ် အလွတ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။

သံရုံးက ဗီဇာကို နောက်ထပ် ၆လ extension ပေးထား.. လေယာဉ်လက်မှတ်ကလည်း အကန့်အသတ်မရှိ ရက်ရွှေ့ပေးထား..။ သူငယ်ချင်းတွေက အမျိုးမျိုး အားပေး..။ သံရုံးဘက် ကလည်း ဘယ်လို ကူရပါ့မလဲ စဉ်းစားနေကြ..။ ကျမကတော့ စိတ်ကို တ၀က်လောက် လျှော့ထားပြီး ထိုင်းမှာ ရေရှည်နေရေးကို တခုခု ပြန်စီစဉ်ဖို့ပဲ စဉ်းစားနေမိခဲ့ပါသေးတယ်။ ဒါပေမဲ့… အဲဒီ ရက်တွေထဲမှာပဲ ကျမတို့ နောက်တကြိမ် ပြန်ထွက်ဖို့ မီးစိမ်းလေးတချက်က လက်ကနဲပြ..။ အဲဒီမီးစိမ်းကို ဘယ်လို အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရလဲဆိုတာ ပြောပြချင်ပေမဲ့ ပြောပြလို့ မရတာမို့ အင်မတန်ကို စိုးရိမ်ပူပန်စရာ.. ထိတ်လန့်တုန်လှုပ်စရာကောင်းလှစွာနဲ့ ဖြတ်ခဲ့ရတယ် လို့သာ သိထားလိုက်ပါတော့။ တချိန်ချိန်တော့ ကျမ အသေးစိတ် ပြောပြ နိုင်မယ်ထင်ပါတယ်။

ဖြစ်ပါ့မလားဆိုတဲ့ ကျမရဲ့ သောကစိတ်ကို အမြဲအားပေးအားမြှောက် လုပ်တတ်တဲ့ သားကြီးကတောင် ဒီတခါတော့ သိပ်အားမပေးချင်။ ခင်ပွန်းသည်ကလည်း မျက်နှာ အပျက်ပျက်..။ ဟိုတခါလို လေယာဉ်ကွင်းမှာ ထောင်ဖမ်းတာမျိုး ဖြစ်ခဲ့ရင်.. ဒီတခါတော့ အပြီးပဲလို့ ကျမ ပြောတော့ မိသားတစုလုံး တိတ်ဆိတ်..။ ကျမကိုလည်း သူတို့ မလွန်ဆန်နိုင်ကြ။ သူငယ်ချင်းတွေကတော့ အားပေးတယ်။ ဒီတခါတော့ ဟိုတခါလို အဖြစ်မခံတော့ဘူးတဲ့။ ပြောသာပြောတာ.. ဟိုတခါလည်း အဲလို ပြောရင်းသားကကို နအဖတပ်ထဲထိ ဒုတ်ဒုတ်ထိ ရောက်သွား ခဲ့တာပဲလေ..။ ဒါပေမဲ့ ကျမ ထပ်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

+++++

ဒီဇင်ဘာ ၂၅ရက်နေ့က ခရစ္စမတ်နေ့မို့ ထင်ပါရဲ့.. ဇင်းမယ်လေဆိပ်ရဲ့ ည ၈နာရီက လူသူ ရှင်းလွန်းနေတယ်။ ဆောင်းည အေးအေးမှာ ကျမကတော့ ဇောချွေးတွေ ပြန်နေခဲ့တယ်။ ကျမရဲ့ နှလုံးခုန်နှုန်းကလည်း ပုံမှန်မဟုတ်။ တကယ့်ကို ၀ုန်းဒိုင်း ကျဲနေခဲ့တာ။ သားကြီးနဲ့ ကလေးတွေအဖေခမျာလည်း မျက်နှာပျက် တိတ်ဆိတ်။ အငယ်လေး ၂ယောက်ကတော့ နားမလည်တော့ စကားတွေ များနေကြ။ လေကြောင်းလိုင်းက တာဝန်ကျ ကောင်မလေးက ကျမတို့ရဲ့ စာရွက်စာတမ်းတွေကို အသေးစိတ် စစ်နေတယ်။ မိသားစု ၅ယောက် ဆိုတော့လည်း အကြာကြီးပေါ့..။ Check in ပြီးတော့ အင်မီဂရေးရှင်း..။ ဘုရားရေ.. အင်မီဂရေးရှင်းက ကောင်လေးက တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ.. လေဆိပ်အထွက်အတွက် မှတ်တမ်းတင်ဓာတ်ပုံတွေ ထုးစံအတိုင်း ရိုက်တယ်..။ ပြီးပြီ .. သွားတော့တဲ့။ ကျမရဲ့ လက်ဖ၀ါးတွေ အေးစက်..။ တကယ်ပဲလား.. အဲသလောက် လွယ်လွယ်ကူကူနဲ့ ကျမတို့ မိသားစုကြီးကို ပေးထွက်သလား။

အဲဒီအချိန် ကျမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစုက ဇင်းမယ်ရဲ့ တနေရာမှာ ဆုံပြီး ရှိနေကြ..။ ကျမဆီက ဆက်လာမယ့် ဖုန်းသံကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေကြတယ်တဲ့။ တခုခုဟေ့ဆို သူတို့ အမြန်ဆုံး လိုက်ကြမှာလေ..။ ဟော.. ခုတော့ ကျမတို့ Departure Gate ဆိုတဲ့ ဆိုင်းဘုတ်ကို တကယ် ဖြတ်ခဲ့ကြပြီ။ နောက်တော့ လေယာဉ်ဘီးတွေကြွမှ.. ကျမရဲ့ အားအကိုးဆုံး အကိုတယောက်ဆီ ကမန်းကတမ်း ဖုန်းခေါ်.. “ကျမတို့ ဇင်းမယ်ကနေတော့ လွတ်ပြီ ဆရာရေ….” လို့ သတင်းပေးရတယ်။ သူ့ခမျာလည်း အေးဗျာ… တဲ့။ စိတ်တ၀က် အေးသွားတဲ့ အသံနဲ့။ အဲဒီကနေ ဘန်ကောက်.. သုဝဏ္ဏဘုမ္မိလေဆိပ်..။ စိတ်က ဒုံးဒုံး မကျသေး။ အဲဒီမှာလည်း လေယာဉ်ဘီးတွေ အကုန်ကြွမှပဲ စိတ်တ၀က်အေးရပြန်တာပါ။ အဲဒီတော့မှပဲ မောင်နေလင်းဆီ we are leaving လို့ Text Message ပို့ရတော့တယ်။ ဒီလိုနဲ့ ဂျပန် Narita လေဆိပ်မှာ Transit ။ လမ်းတလျှောက်.. အချိန် ကမောက်ကမ ဖြစ်တာတွေ.. သားငယ်နဲ့ သမီး ခရီးပမ်းတာတွေထဲ ပင်ပန်းပေမဲ့ ကျမ စိတ်အေးလက်အေး ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ Dulles လေဆိပ်။

US ကို အ၀င်မှာတော့ ကျမ သိပ်စိတ်မပူတော့ပါဘူး။ ကျမတို့ စာရွက်စာတမ်းတွေက အခိုင်အမာလေ..။ တကယ်လည်း ကျမ သိပ်မပူသလိုပဲ.. အမေရိကန်အ၀င် အင်မီဂရေးရှင်း ကို အင်မတန် ချောမောလွယ်ကူစွာ.. ဖြတ်သန်းခဲ့ပါတယ်။ ပြီးမှ လာကြိုနေမယ့် သားနေလင်း ဆီ… ပြီးတော့ ကျမတို့ရဲ့ အနှုတ်ကနေ ပြန်စရတဲ့ နောက်ထပ်ဘ၀သစ်တခုဆီ.. ရောက်လာပါ တော့တယ်။ မောင်နေလင်းမောင်းလာတဲ့ ကားပေါ်ကနေ ဘေးဝဲယာကို ကြည့်ရင်း လိုက်လာ ချိန်မှာ ကျမတွေးနေမိတာက ကျမတို့ရဲ့ အံ့သြထိတ်လန့်စရာကောင်းလှတဲ့ အရင်းအနှီး ကြီးလှတဲ့ ဒီင်္ ဒုတိယအကြိမ် စွန့်စားခန်းကိုပါပဲ။ လောင်းကစားဆန်ဆန်ပြောရရင် ကျမ တကယ့်ကို ကံကို စမ်းသပ်ဖို့ ပုံအောလောင်းခဲ့တာပဲ မဟုတ်လား။ တကယ်လို့များ လွဲချော် သွားခဲ့ပြန်ရင်..။ တမိသားစုလုံး နအဖရဲ့ အကျဉ်းထောင်တွေထဲမှာ။ သားသမီးတွေ လူညွန့်တုံး။ ကျမတို့တွေ ဘ၀ဆုံးကြရမှာ။ ကျမဘာလို့ ဒီလောက် အရဲကိုး စွန့်စားခဲ့ပါလိမ့်။ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင် ခံစားရမယ့်အဖြေမျိုးလည်း ထွက်နိုင်ခြေများတဲ့ လောင်းကစားတခုကို ကျမ လုပ်ခဲ့တာပါ..။ အင်မတန် ကြောက်စရာကောင်းတဲ့ ကျမရဲ့ တဇွတ်ထိုး... အရဲကိုးစိတ်..။ နောက်တခုက ကျမကို အစွမ်းကုန်ကူကြတဲ့ သူငယ်ချင်းတွေကို ယုံတဲ့ စိတ်။ ဘာပဲဖြစ်ဖြစ်.. ကျမတို့ ဒီတကြိမ်မှာ မယုံနိုင်စရာကောင်းလောက်အောင်ပဲ ကံကောင်းခဲ့ကြပါတယ်။

အမေရိက က ဆောင်းလေအေးစက်စက်ကြီးနဲ့ ဖြန်းကနဲ လှမ်းပက်ပြီး ကြိုဆိုခဲ့ပေမဲ့ ကျမကတော့ လုံခြုံရာ အရပ်မှာ အေးချမ်းမယ့် နိမိတ်ပဲလို့သာ မှတ်ယူလိုက်ပါတယ်။

+++++



ဒီမြေဟာ ကျမချစ်တဲ့ ဇာတိမြေနဲ့.. ကျမရဲ့ အမေအိုကြီးနဲ့.. ကျမ ချစ်မက်စွဲလန်းတဲ့ မြသီလာနဲ့ အဝေးကြီးပါ။ ဒီမြေမှာ ကျမ မပျော်နိုင်တာလည်း ကြိုသိပြီးသားပါ။ ဒါပေမဲ့ ဒီမြေမှာ ကျမ ကလေးတွေအတွက် အခွင့်အလမ်း တွေ ရှိမယ်..။


ကျမအတွက် ကျမ ထပ်ဆည်းပူးချင်တဲ့ ပညာတွေကို ဆည်းပူးနိုင်မယ်..။ ကိုယ့်တိုင်းပြည်အတွက် တချိန်မှာ တခုခု ပြန်ဖြည့်ဆီး ပေးနိုင်ဖို့ လိုတဲ့ အရည်အသွေးတွေကို ဒီမြေမှာ ပျိုးထောင် ယူနိုင်မယ်..။ အနည်းဆုံး ကျမ တို့မှာ ကြိုးစားခွင့်တွေ ရှိမယ်..။ အဲဒီအခါ ဒီ မြသီလာနဲ့ အဝေးမှာ.. ကျမ ဘယ်လို တန်ဖိုးတွေ ကို ဆောက်တည်နိုင်မလဲ.. ဘယ်လို အခွင့်အရေးတွေကို ရှာဖွေမလဲ.. ဘယ်လို အခွင့်အလမ်းတွေကို အသုံးချမလဲ..။


ကျမ တွေးနေမိပါတယ်။ လူတွေ ကိုယ့်အမိမြေနဲ့ ဘယ်လောက်ဝေးဝေး.. စိတ်တွေနီးနီး ရှိနေဖို့က အရေးကြီးတယ် လို့..။ အဲဒီအခါ မြသီလာနဲ့ အဝေးမှာ ကျမ ချစ်တဲ့ ဇာတိမြေနဲ့ နီးအောင် ကျမ ဘာတွေ လုပ်မလဲ.. ဘာတွေ လုပ်နိုင်မလဲ.. ဘာတွေကို ဖြတ်သန်းမလဲ..။ သေချာတာကတော့ ကျမ ကိုယ့်ရဲ့ Identity မပျောက်ပျက်ဘဲ တစုံတရာ တန်ဖိုးရှိအောင် လုပ်နိုင်မယ်လို့ ယုံပါတယ်။ အဲဒီအခါ မြသီလာနဲ့ အဝေးကြီးမှာ… ထပ်စရတဲ့ ဘ၀ အသစ်ရဲ့ အတွေ့အကြုံတွေ.. သင်ခန်းစာတွေကလည်း ကျမအတွက်တော့ စာရေးစရာ အဖိုးတန်တဲ့ ကုန်ကြမ်း တွေပဲပေါ့။

အနောက်တိုင်းရဲ့ အလိုအရ ဘ၀စတယ်ဆိုတဲ့ အသက် ၄၀ ပြည့်တဲ့ နှစ်မှာ ကျမ ဘ၀အသစ် တခုထဲကို ဗြုန်းကနဲ ခုန်ချခဲ့တာ။ ကိုယ်တြိုင်းပြည်ကို စွန့်ပြီး ခြေမဲ့လက်မဲ့ ထွက်ခဲ့တာ..။ ဘာလိုလိုနဲ့ နောက်ဘ၀တခု အသစ်ပြန်စတော့ ကျမ အသက်က ၄၄နှစ်ထဲမှာ။ ချန်ထားခဲ့ရတဲ့ ၄၃နှစ်ကာလထဲမှာတုန်းကတော့ တကယ့်ကို ပင်ပန်းတကြီး။ ခု ၄၄နှစ်ပြည့်ရမယ့် ၂၀၀၉ ရဲ့ ဇန်န၀ါရီမှာလည်း ခြေဗလာ.. လက်ဗလာ..။ လောလောဆယ်တော့ ကျမက သားနေလင်း ကူညီ နေရာချပေးတဲ့ နေစရာအသစ်လေးမှာ နောက်ထပ် နေရာအသစ်.. အတွေ့အကြုံသစ်တွေကို ပြန်စ..။ အားလုံးဟာ တကယ့်အသစ်.. စိန်ခေါ်မှုတွေ တသီတတန်းကြီးနဲ့.. လေ့လာ သင်ယူရမှု အားထုတ်ရမှု အသစ်တွေနဲ့။ ဒါပေမဲ့ ကံဆိုးနဲ့ ကံကောင်းပူးတွဲပြီး အမြဲကြုံနေရကျ ကျမ.. ခု မြသီလာရဲ့ အဝေးမှာလည်း ကျမကို ပုံအောကူညီတဲ့ မောင်နေလင်းတို့ ဇနီးမောင်နှံနဲ့အတူ.. တကယ့်ကို ၀ိုင်းကြ၀န်းကြသူတွေက ကျမအနားမှာ ၀န်းရံလို့။ အံ့သြစရာကောင်းလောက်အောင်ပါပဲ.. မောင်နေလင်းတို့က အိမ်ငှားပေး.. သူငယ်ချင်းတွေက လိုတဲ့ အိမ်ပစ္စည်းတွေ ၀ိုင်းဖြည့်ကြ။ (တချို့ မီးဖိုချောင်ပစ္စည်းတွေဆိုရင် သုံးတောင် မသုံး တတ်အောင် အဆန်းတကြယ်တွေ :P) အိမ်လခ စိုက်ထားပေးတဲ့သူနဲ့။ (အဲဒီ အ၀ိုင်းအ၀န်းလေးကို ကျမ ဘယ်တော့မှ မမေ့… ပြီးတော့ မေ့လို့လည်း မဖြစ်)။ တကယ့်ကို ကျမ သိပ် မပူပင်လိုက်ရဘဲ စိမ်းမြမြ ဒေသလေးမှာ ဘ၀သစ်ကလေး တခုကို ဟန်ကျပန်ကျ စနိုင်ခဲ့ပါတော့တယ်။ အေးဆေးငြိမ်သက်တဲ့ နယ်မြို့လေး တွေကို နှစ်သက်တတ်တဲ့ ကျမအတွက်တော့ Maryland ဟာ မေမြို့နဲ့တူတဲ့ အငွေ့အသက်တွေ ရှိတဲ့ တိတ်ဆိတ်တဲ့ မြို့ကလေးပါ..။ ပြီးတော့ ဗမာပြည်သားတွေ အများကြီး ရှိတဲ့ မြို့။ ပြီးတော့ ကျမ ချစ်ခင်လေးစားတဲ့ မန္တလေး ပန်တျာကျောင်းအုပ်ကြီးဟောင်း ပန်းချီဆရာ စာရေးဆရာ ဒါရိုက်တာ ဦးဝင်းဖေနဲ့ ၅မိနစ်ပဲ ကားမောင်းရတဲ့ နေရာမှာ ကျမ နေခွင့်ရတဲ့ မြို့..။


မုန်တိုင်းနောက်က လေပြေညင်း.. ဆိုပေမဲ့ လေညင်းလေး သာယာပါတယ်ဆိုပေမဲ့ မုန်တိုင်းရဲ့ ဒဏ်ရာ ဒဏ်ချက် လေးတွေ.. ခြေစလက်စလေးတွေနဲ့ မှတ်စရာ သားစရာလေးတွေတော့ ရှိသေးသပေါ့လေ။ အဲဒါတွေကိုတော့ မြသီလာရဲ့ အဝေးမှာ… ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်ရေးသွားမယ် စိတ်ကူးထားပါတယ်။

+++++

မြသီလာအလွမ်းပြေ(၄၂)

တကယ်တော့ ကျမ သတိလစ်သွားတာက ခဏလေးပါ။ ကျမကို သူတို့တွေ ဆွဲထူပြီး ဒယဥ့်တိုက်ဆန်ဆန် တွဲခေါ်ပြီး လျှောက်နေချိန်မှာပဲ ရွာနေတဲ့ မိုးစက်တွေအောက်မှာ ကျမ ပြန်နိုးလာပါတယ်။ ကျမပြန်ပြီး ခေါင်းထောင်လာမှ ကျမကို တွဲနေတဲ့သူတွေက အမ သက်သာတယ်နော်.. စိတ်တင်းထားနော်.. အမကို လာခေါ်ပေးဖို့ စီစဉ်နေပြီ.။ ခဏတော့ စိတ်တင်းထားနော်တဲ့။ ကျမ အားတကယ်တင်းပြီး ဆက်လျှောက် နေမိပါတယ်။ ခြေလှမ်းတွေက ရှေ့ကိုပဲ မလှမ်းတော့..။ နောက် ပြန်ပြန်ဆွဲနေတယ်။ မောတဲ့ ကြားကပဲ ကလေးတွေကို ရှာတော့ သားလေးက သူ့အဖေပေါ်မှာ.. သမီးကတော့ လမ်းပြတယောက်က ကျောမှာ ပိုးထားပါတယ်။ သားကြီးရော..။ သားကြီးက ကျမနဲ့ အတော်လှမ်းလှမ်းမှာ.. သူ့အရပ်ကြီးက မြင့်လို့ လှမ်းမြင်ရ ပါတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာလည်း သိပ်မဟန်လှ။ (အဲဒီအချိန်မှာ ကွင်းပြင်ကျယ်မှာမို့ ကောင်းကင်အလင်းနဲ့ တယောက်ကိုတယောက် မြင်ရပါတယ်)။Justify Full

နောက်တော့ ရွာတရွာကို ဖြတ်ရမယ်.. တိတ်တိတ်နဲ့ မြန်မြန်.. တဲ့။ ရွာအစမှာ ထိုင်းစစ်တပ်.. တဲ့။ ကျမတို့ ပခုံးနဲ့ ရွာစည်းရိုး တိုက်လျက်သားနဲ့ ဖြတ်ရတာ.. စည်းရိုးတဘက်မှာ မီးရောင် လင်းလို့။ ကျမတို့ဘက်ခြမ်းက အမှောင်..။ အမှောင်ထဲ သုတ်သုတ် သုတ်သုတ်နဲ့.. မိုးရွာရွာအောက်မှာ.. တကယ့် လူဆို သူခိုးတွေလို..။ အဲဒီအချိန်မှာ ကျမစိတ်ထဲ အောက်ကျ နောက်ကျ နိုင်လိုက်တဲ့ ဘ၀လို့ တွေးနေမိတာ ၀န်ခံပါတယ်။ နောက်တော့ ရွာထဲ ၀င်မယ်.. တဲ့။ လျှောက်နေတုန်း လမ်းပြတယောက်က အမ ဒီရာဘာဘိနပ်စီးလိုက်.. တဲ့။ ရွာအ၀င်မှာ ပုလင်းကွဲတွေ ခင်းထားလို့တဲ့..။ တကယ်ပါပဲ ပုလင်းကွဲပြင်ကြီးကို ဖြတ်တော့ ဂျိုးဂျိုးဂျွိဂျွိ ထိုးထိုးထောင်ထောင်နဲ့..။ အမလေး စူးလိုက် ရှလိုက်လို့ကတော့ ဟက်တက်အကွဲပေါ့။ ပြောသာ ပြောရတယ်.. ကျမ ခြေဖ၀ါးတွေက ကျိန်းစပ်နေတာ.. ဘယ်လောက် ကွဲထား ရှထားသလဲ မသိ။

နောက်တော့ အိမ်တွေကြားက သုတ်သုတ်ဖြတ်..။ မိုးသံတဖြောက်ဖြောက်မို့ တော်ရုံ အသံလုံ နေတယ်ထင်ပါရဲ့။ ပြီးတော့ မနက် ၃နာရီဆိုတာ မိုးအေးအေးမှာ လူတကာအိပ်လို့ ကောင်းနေတတ်တဲ့ အချိန်လေ..။ အထူးသဖြင့် ထိုင်းတွေလို အပူအပင်မရှိတဲ့ တိုင်းပြည်မှာ ပိုပြီး အေးအေးချမ်းချမ်း အိပ်နေတော့မပေါ့။ အဲလိုတွေးမိရင်တော့ ကျမ နှုတ်ခမ်းကို နာနာ ကိုက်မိပါတယ်။ တရွာကုန်ပြီး နောက်.. လယ်ကွင်းတကွင်း..။ ကျမ အားဆုတ်လာပြန်ပြီ။ ကျမ ခြေထောက်တွေ လှုပ်လို့တောင် မရတော့ဘူးထင်ပါရဲ့။ အဲဒီအချိန်မှာပဲ လမ်းပြတယောက်က မနက် ၄နာရီ ထိုးတော့မယ်.. မလင်းခင်ရောက်မှ.. တဲ့။ ဘုရား… ကျမ စိတ်တိုသွားတယ်။ ကျမ.. ဒါ့ထက်မြန်အောင်.. ပြီးတော့ ဒါ့ထက်ပို မလျှောက်နိုင်တော့။ ကျမကလေးတွေလည်း လူတွေပေါ်က လိုက်လာပေမဲ့ မိုးရေအောက်မှာ သိပ်ပင်ပန်းနေရှာပြီ။ တွေးနေတာက တခြား.. တကယ့်လက်တွေ့မှာတော့ ကျမ တဗုံးဗုံးလဲပြန်ပါပြီ။ သားကြီးရော.. မိန်းကလေးတချို့.. ယောက်ျားလေးတချို့ရော.. ပို လဲကျလာသလိုပဲ..။ ရုတ်တရက် ကျမ နှလုံးတွေက ရင်ပတ်ထဲကနေ ခုန်ထွက်သွားတော့မလို ခုန်ပေါက်လာကြတယ်။ ကျမအမော ဆိုက်သံကို ကျမ ပြန်ကြားနေရတယ်။ ကြောက်စရာကြီး။ ကျမဆီကို လူတွေ ၀ိုင်းလာတာ ကျမသိနေတယ်။ မိန်းကလေးသံတွေ.. အမ .. အမ.. အမ... မရတော့ဘူးထင်တယ်။ သူ… မရတော့ဘူး.. သေလိမ့်မယ်ထင်တယ်တဲ့။ ကျမ ဘာမှမဖြေနိုင်တော့ဘူး။ မျက်ရည်တွေ စီးကျလာတယ်။ ကျမ လျှောက်ခဲ့တာ ၇နာရီနီးပါး တောက်လျှောက်..။ စိတ်က ဆောင်ပေမဲ့ လူက မဆောင်နိုင်တော့ဘူးထင်ပါရဲ့..။ ဟုတ်တယ်.. ကျမ သေတော့မယ်ထင်တယ်။

အဲလိုတွေးလိုက်ချိန်မှာပဲ အုံးကနဲ ကျမမှောက်လျက်ကြီး ပြုတ်ကျသွားတယ်။ ရွှံ့ရေတွေထဲ မျက်နှာကြီးအပ်လို့။ ကျမ လုံးဝ မလှုပ်နိုင်တော့ဘူး။ ကျမ ခေါင်းတောင် မထူနိုင်တော့ပါဘူး။ စိုးရိမ်တကြီးလက်တွေကို စိတ်မပူစေချင်လို့ ခေါင်းထောင်ပြချင်ပေမဲ့ ကျမ မတတ်နိုင်တော့ ပါဘူး။ ကျမစိတ်ထဲ.. အဖေရေ..လို့ တမိတယ်။ ကျမ ဘယ်လိုမှ မလှုပ်တော့ပါဘူး။ အားလုံး တက်ညီလက်ညီ.. ဒီမှာ သူ မရတော့ဘူး ..သေလိမ့်မယ်.. ခဗျားတို့ တခုခု စီစဉ်ပါတဲ့..။ နောက်တော့ ကျမကို တယောက်က ပွေ့ချီတယ်။ နောက် ခဏ ဆက်လျှောက်နေတာ သိတယ်..။ ကျမမျက်စေ့မှိတ်ထားရင်း လှိုင်းလုံးတွေပေါ်ကနေ လိုက်လာရသလိုပဲ..။ နောက်တော့ အေးစက်မာကျောတဲ့ အခင်းတခုပေါ် ကျမကို ချလိုက်တယ်။ ကိုယ်ပေါ်ကို အေးစက်စက် ခပ်လေးလေး အ၀တ်တခု လာတင်တယ်။ ရာကျော်က ကျမနားကို တိုးတိုးလေးလာပြောတယ်။ "အမေ.. ညည်း သိပ်ပင်ပန်းနေပြီ။ အဲဒါ သူတို့ ဆိုင်ကယ်ခေါ်ထားတယ်။ ဆိုင်ကယ်သမားလာမယ်။ ခု လမ်းပြတယောက် စောင့်ကျန်ခဲ့မယ်။ ညည်း သူနဲ့ လိုက်ခဲ့နော်.." တဲ့။ ကျမ မနေခဲ့ချင်ဘူး .. ကြောက်နေတယ်.. ဒါပေမဲ့ ကျမ နှုတ်ခမ်းတွေတောင် မလှုပ်နိုင်တော့ဘူး။ ကျမ ကလေးတွေ..။ ရာကျော်က ကျမနားကပ်လာတော့ ကျမကြိုးစားပြီး ပြောလိုက်တယ်.. ကလေးတွေ.. လို့။ ရာကျော်က ပြန်ပြောတယ်.. ကလေးတွေကို မေမေနဲ့ ထားခဲ့မယ်.. စိတ်မပူနဲ့နော်.. သူတို့ တာဝန်ယူတယ်.. အဖေနဲ့ သားကြီးကတော့ ဆက်လိုက်သွားမယ်တဲ့။ ကျမ မျက်ရည်တွေ စီးကျလာတယ်။ သားရော သမီးရော.. သိပ်ကို ပျော့ခွေနေပြီ။ မိုးလေအေးအေးကလည်း စိမ့်နေအောင် တိုက်လို့။ လမ်းပြခေါင်းဆောင်က အမ စိတ်မပူနဲ့နော်.. ဆိုင်ကယ်သမား လာမယ်.. တဲ့။

ကျမ အိပ်နေတဲ့ ဘေးကို သားနဲ့ သမီး ရောက်လာတယ်။ ရာကျော်က ကျမတို့မှာ ပါလာတဲ့ အ၀တ်ထုပ်ထဲက အ၀တ်တွေကို ရေညှစ်ပြီး ကျမတို့ ကိုယ်တွေပေါ်မှာ ခြုံပေးတယ်။ မနွေးပေမဲ့ လေတိုးတာကိုတော့ နည်းနည်း သက်သာစေတာပေါ့။ သမီးနဲ့သားက ကျမကို ဖက်ထားတော့ နည်းနည်း နွေးစေတာပေါ့လေ။ ခဏကြာတော့ သားရော သမီးရော ကျမပါ ပင်ပန်းတာတွေနဲ့ မေ့ကနဲ အဆက်ပြတ်သွားတယ်။ ကျမ ပြန်နိုးလာတော့ သမီးနဲ့ သားက အသက်ပြင်းပြင်းရှူလို့ အိပ်မောကျနေလိုက်တာ။ ကျမ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်.. မိုးသံနဲ့ ညပိုးကောင်တွေ အော်သံ..။ သစ်ရွက်လေတိုးသံ။ ဘေးဘီကို ကြည့်တော့ ကျမတို့က စိုက်ခင်းတခုထဲက အမိုးနဲ့ အခင်း ကျိုးတိုးကျဲတဲပဲ ရှိပြီး အကာမရှိတဲ့ တဲတလုံးပေါ်မှာ အိပ်နေကြတာ။ ကျမစိတ်ထဲ ဖြန်းကနဲ ကြောက်သွားပြီး သတိတရနဲ့ ကြည့်မိတော့ ကျမတို့နဲ့ မလှမ်းမကမ်းမှာ လူတယောက် လှဲအိပ်နေတယ်။ သူ့ဘေးမှာ ဆိုင်ကယ်တစီး..။ ကျမဒီတော့မှ သေချာ သတိရတော့တာ..။ ပြီးတော့ ကျမစိတ်ထဲ သူ့ကို ကြောက်တာတွေ စိုးရိမ် ထိတ်လန့်တာတွေလည်း တခုမှ မရှိတော့ပါဘူး။ (တကယ်တော့ အဲဒီလူငယ်လေးသာ သစ္စာမရှိ.. စိတ်ထားမကောင်းခဲ့ရင် ကျမတို့ ဘ၀က ကြောက်စရာကြီးပါ.. ခုထိ တွေးမိတိုင်း အဲဒီလူငယ်လေးကို ကျေးဇူးတင်မိပါတယ်)။

ကောင်းကင်ဆီကြည့်တော့ တိမ်တွေပါးနေတယ်။ လင်းတော့မှာလား မသိ။ ကျမ ဖြည်းဖြည်းချင်း ထထိုင် လိုက်တယ်။ အဲဒီတော့မှ လှဲအိပ်နေတဲ့သူဆီက စကားသံ ထွက်လာတယ်.. စဗိုင်းဒီမိုင်း ခပ် ဖိ.. တဲ့။ နေကောင်း လား အမ.. ပေါ့။ ကျမ ‘ခ’ တလုံးပဲ ပြန်ဖြေနိုင်တယ်။ သူက ထိုင်းလို ဆက်ပြောနေတယ်။ ကျမက (ထိုင်းလို မပြောတတ်ဘူး) လို့ ပြန်ပြောတော့ သူ ဆက်မပြောတော့ဘူး။ (သမီးလေး ကတော့ ထိုင်းလို ကောင်းကောင်းပြောတတ်ပါတယ်) လို့ပြောမှ သူက ‘အိုကေခပ်’ တဲ့။ (ကျမက အဲဒီလောက်လေးတော့ ပြောတတ်အောင် သင်ထားပါတယ်..) ကလေးနှစ်ယောက်ကို စမ်းကြည့်တော့ ကိုယ်လေးတွေက ပုံမှန်အတိုင်း နွေးနွေးထွေးထွေး ရှိနေပါတယ်။ ဖျားနာတဲ့ပုံ မရှိပါဘူး။ တဖြည်းဖြည်းနဲ့ အလင်းရောင် ပျို့လာပါတယ်။ မိုးလည်း စဲသွားပါတယ်။ ဒီတော့မှ ဆိုင်ကယ်သမားကို ကြည့်မိတော့ လူငယ်လေးပဲ ရှိပါသေးတယ်။ သူက 'သွားကြစို့'တဲ့။ (ကျမက အဲလောက်တော့ နားလည်ပါတယ်)။ ဒီတော့မှ သမီးနဲ့ သားကို နှိုးရပါတယ်။ ကလေးနှစ်ယောက်က အံ့သြစရာကောင်း လောက်အောင် လန်းလန်းဆန်းဆန်းနဲ့ နိုးလာပါတယ်။ (ကလေးတွေ မဖျားမနာတာလည်း ကံကောင်းတာပါပဲ)။

သူက ကလေးတွေကို ထိုင်းလိုပြောတော့ သားနဲ့ သမီးက ထိုင်းလို ကောင်းကောင်းတတ်တာမို့ သူပြောသလို လိုက်လုပ်ပါတယ်။ တဲပေါ်က ဆင်း ဘိနပ်တွေ ပြန်စီးကြပါတယ်။ ကိုယ်ပေါ်မှာ ခြုံထားတာတွေက မျက်နှာသုတ် ပုဝါတွေ နဲ့ အင်္ကျီအပိုတွေ။ သမီးက အဲဒီ အ၀တ်တွေကို ကောက်ပြီး ဆိုင်ကယ်ရှေ့က ခြင်းထဲကို ထည့်ပါတယ်။ ပြီးတော့ ဆိုင်ကယ်သမားရဲ့ ရှေ့မှာ သမီးက ထိုင်.. လေတိုက်နေတာမို့ သမီးကို မျက်နှာသုတ်ပုဝါ ခြုံပေးရပါ တယ်။ နောက် ဆိုင်ကယ်သမားနောက်မှာ သားငယ်လေး။ သားငယ်လေးနောက်က ကျမ..။ ဆိုင်ကယ်က ပြောင်းခင်းရွှံ့ကန်သင်းရိုးပေါ်မှာ မောင်းရတာမို့ ခမျာ ခက်ခက်ခဲခဲပါ..။ တချက်တချက် လမ်းဘေးကို ချော်ချော်ကျသွားလို့ ကျမမှာ ဘုရားတ နေရပါသေးတယ်။ နောက်တော့ စိုက်ခင်းထဲက ထွက်သွားပြီး ကားလမ်းမ ပေါ် ရောက်သွားပါတယ်။ မိုးလည်း စင်စင်လင်းခဲ့ပါပြီ။ လာခဲ့တဲ့ လမ်းကို ပြန် မျှော်ကြည့်လိုက်တော့ တောင်တွေ အဆင့်ဆင့်က ကျမတို့ နောက်မှာ ကျန်ခဲ့ပြီ။ ဟိုင်းဝေးလမ်းမပေါ် နာရီဝက်လောက်မောင်းပြီးချိန်မှာတော့ လမ်းသွယ်လေး တခုထဲ ၀င်လိုက် ပါတယ်။ အော.. ရွာလေးတရွာပဲ..။ တနေရာရောက်တော့ ရွာလမ်းဆုံး ပြောင်းခင်းတွေထိပ်မှာ ဆိုင်ကယ်ကို ရပ်လိုက်ပါတယ်။

နောက် သူက သမီးကို ထိုင်းလိုပြော။ သမီးက စကားပြန်။ ဆင်းလျှောက်ရမယ် မေမေ..တဲ့။ ၁၀မိနစ်လောက် လျှောက်လိုက်တဲ့အခါမှာတော့ လမ်းပြ၂ယောက်နဲ့အတူ သားကြီးနဲ့ သူ့အဖေကို သစ်ပင်တပင်ရင်းမှာ ခြေပစ်လက်ပစ်ထိုင်နေတာ တွေ့လိုက်ရပါတယ်။ အိုးး သားအဖနှစ်ယောက်လုံး ပေပွ စုတ်ပြတ်လို့။ သားကြီးခြေထောက်တွေက ဖူးယောင်နေ ပါတယ်။ ဒီတော့မှ သတိရပြီး ကိုယ့်ခြေထောက်ကိုယ်ပြန်ငုံ့ကြည့်တော့ သွေးစသွေးနတွေနဲ့ ရွှံ့တွေရောနေတဲ့ ခြေထောက်တွေက ကျမအတွက်တော့ တကယ့် သူစိမ်း အရာဝတ္ထု တခုလို။ လမ်းပြက အမ နေကောင်း တယ်နော်.. ကျနော်တို့က အမတော့ သေမှာပဲ.. ပြဿနာ ဘယ်လို ရှင်းရပါ့မလဲလို့ ပူနေတာ.. တော်ပါသေးရဲ့ဗျာတဲ့။ ကဲ.. ကျနော်တို့ကို လူတွေ မြင်မှာ စိုးလို့ တနေရာမှာ သွားခိုကြ ရမယ်.. တဲ့။ ကျန်တဲ့ အုပ်စုတွေက ပထမ ကားတစီးနဲ့ မိုး သိပ် မလင်းခင်ကတည်းက ပြန်သွားနှင့်ပြီတဲ့။ ကျမတို့ မိသားစုက နောက်တသုတ်တဲ့။

ပြောင်းခင်းနောက်တခုထဲ လျှောက်ရပြန်ပြီ။ သန်းခေါင်ထက်လည်း ညဥ့်မနက်နိုင်တော့ပြီ။ သားကြီးကတော့ စကားတခွန်းမှ မပြောတော့ပါဘူး။ သူ့အဖေက ကျမကို ပြောပြနေတယ်။ သားကြီး တော်တော် ပင်ပန်းပြီး နာသွားတယ်။ ညည်းကျန်ခဲ့ပြီး နောက်ဆက်လျှောက်တော့ သူ မနိုင်တော့ဘူး။ စိတ်ပူလိုက်တာ.. သူတောင် ပါလာပါဦးတော့မလားလို့.. တဲ့။ သားကြီးက ထွားကလည်း ထွား.. ၀ကလည်း ၀တဲ့အပြင် တခါမှ အပင်ပန်း မခံရဖူးတော့ သူ ဘယ်လိုမှ ရင်မဆိုင်နိုင်တာပါ။ ၁၀မိနစ်လောက် လျှောက်ပြီးမှ ဟို တောင်ကုန်းပေါ်က ဂူလေးထဲမှာ ခိုမယ်တဲ့။ တောင်ကုန်းလေးက သိပ်တော့ မမြင့်ပါ။ အပေါ်ရောက်တော့ ကွမ်းယာဆိုင်လေး တဆိုင်စာလောက် အကျယ်ရှိတဲ့ ကျောက်ဂူပေါက်လေး။ အဲဒီထဲမှာ ဖုန်တသောသောနဲ့ စောင်တွေခင်းထားတဲ့ အပုံ။ ကျမ ရာကျော့်ကို လှည့်ကြည့်တော့ ရာကျော်က အလိုက်တသိနဲ့ အဲဒီစောင်တွေကို ဖယ်ထုတ်ပြီး ဖုန်တွေခါပစ်ပါတယ်။ အကောင်ပလောင်တွေ ရှိမှာစိုးလို့ပါ။ ပြီးမှ ကျမတို့ မိသားစု အဲဒီ လျှိုပေါက်လေးထဲ ၀င်ပြီးနားရပါတယ်။ အဲဒီကျတော့မှပဲ ဇင်းမယ် က ကျမကို ပူနေမယ့် သူငယ်ချင်းတွေ မိတ်ဆွေတွေဆီ ဖုန်းတွေ ဆက်တိုက်ခေါ်ပြီး ပြန်ရောက်မယ့်အကြောင်း သတင်းပေးရပါတယ်။ ကျမတို့ကို ရွေးဖို့ အဆင်ပြေရဲ့လားဆိုတော့ ကျမရဲ့ အကိုလိုဖြစ်နေတယ်ဆိုတဲ့ စာရေးဆရာ(DV Lottery လျှောက်ပေးတာလည်းသူ :D)က အကုန် တာဝန် ယူတယ်လို့ ဒီဒီက ပြောပါတယ်။ ဒီတော့မှပဲ ကျမ မျက်ရည်တွေတွေ ကျနိုင်ပါတော့တယ်။ ဒီတော့မှ သားကြီး ကတောင် မျက်ရည်တွေကျလို့.. တကယ်တော့ သူ ၀မ်းနည်းနေရှာတာပါ။ ကျမကတော့ ကျမ သားသမီးတွေရဲ့ ဒီစိတ်ဒဏ်ရာကို ပျောက်အောင် ကုစားပေးရမယ့် တာဝန်တခု ကျမမှာ တိုးလာပြီလို့ တွေးနေမိ ပါတယ်။

လမ်းပြကို ကားက ဘယ်တော့ လာမှာလဲဆိုတော့ မပြောတတ်ဘူး တဲ့..။ ခဏကြာတော့ ဆိုင်ကယ်သမားလေးက ထမင်းထုပ်တွေလာပေးပါတယ်။ ကြက်ဥကြော်တွေနဲ့။ ပြီးတော့ ခမျာက ကျမတို့ကို ပါရာစီတမောတွေ တိုက်ရှာပါတယ်။ မိုးက စွေလိုက် သည်းလိုက်.. တချက် တချက် လေပါ ပါ။ ကျမက သားနဲ့ သမီးကို ပေးအိပ် ထားလိုက်ပါတယ်။ သူတို့ နားရအောင်..။ ကျမလည်း ခွေခွေခေါက်ခေါက်လေး လှဲ..။ ရာကျော်နဲ့ သားကြီးကတော့ ခြေဆင်းလက်ဆန့်ပဲ နေရပါတယ်။ လမ်းပြနဲ့ စကားအေးအေးဆေးဆေး ပြောကြတော့မှ ကျမတို့ လျှောက်ခဲ့တဲ့ ခရီးက ၁၂ကီလိုလောက် ရှိတယ်တဲ့။ တောင်တွေ ကျော်လာခဲ့တာတဲ့။ အမတို့က တော်တော် နုတာပဲ.. တဲ့။ တကယ်တော့ ဒီလမ်းဟာ ရှမ်းပြည်က လူတွေ ထိုင်းဘက်ကို ခိုးဝင်တဲ့ အနီးဆုံးလမ်းပေါက်ပါ.. တဲ့။ အဲဒီလမ်းကို လူပေါင်းများစွာ.. သူတို့ လိုက်ပို့ခဲ့တာ.. ကျမတို့လောက် နုတာ တခါမှ မပါဖူးပါဘူးတဲ့။ ဟုတ်မှာပါ..။ အဲလို အေးအေးဆေးဆေး စကားထိုင်ပြောနေရင်းကျမှပဲ ကျမရဲ့ လက်မောင်းတွေ ကျောတွေက ကိုက်ခဲလာပါတယ်။ ဒီလိုနဲ့…. တနေကုန်.. ကျောက်ဂူလေးထဲမှာ… ကျမတို့ ဖြတ်ခဲ့တဲ့ လမ်းတလျှောက် ကြုံရတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဆင်းရဲဒုက္ခမျိုးစုံကို နားထောင်ရင်း ညနေ ၆နာရီ ထိုးသွားပါတယ်။ ကျမစိတ်ထဲက ထင်ထားတဲ့ အတိုင်း မှောင်စပျိုးမှပဲ ကျမတို့ကို ခေါ်မယ့်ကားက ရောက်လာပါတယ်။

ကားပေါ် မြန်မြန်တက်.. ကားနောက်ခန်း ၀မ်းဗိုက်ထဲ ၀င်… လှဲအိပ် လှဲအိပ်.. ပြီးတော့ အပေါ်ကနေ အခင်းကြီး တခု အုပ်..။ မိသားစု တစုလုံး တိုးကျိတ်ပြီး ခွေခေါက်..။ ကဲ.. ကားထွက်ပြီ။ ကားက တရိပ်ရိပ်ပြေး။ ဒါပေမဲ့ ၃နာရီလောက်ပဲ မောင်းလိုက်ရပြီး နောက်မှာတော့ ရပြီ ထတော့လို့ ထိုင်းလိုပြောလို့ ထကြည့်လိုက်တော့ ကျမတို့ မိသားစု ဇင်းမယ်မြို့ထဲကို ပြန်ရောက်ပါပြီ။ ကျမတို့ သွားမယ့်နေရာ…။ အဲဒီမှာ သူငယ်ချင်းတွေက ကြိုလို့။ ဒဏ်ရာဒဏ်ချက်တွေနဲ့ စုတ်ပြတ်သတ်နေပေမဲ့ ကျမတို့ မိသားစု သေတွင်းကနေ ပြန်ရောက်ခဲ့ပါပြီ။ ဘယ်တော့မှ မမေ့တဲ့ ခရီး.. မေ့မရနိုင်မယ့် အတွေ့အကြုံပါပဲလေ..။

+++++

တကယ်တော့.. အဲဒီ ခရီးကို ကျမတို့ကသာ ဆန်းသစ်ခံစားနေပေမဲ့.. တကယ်က မြန်မာနိုင်ငံသားတွေ အများကြီးဟာ.. နယ်စပ်မျဉ်းတနံတလျားတလျှောက်မှာ ကျမတို့ မိသားစု ကြုံရတဲ့ အဖြစ်ဆိုးတွေကို ကြုံနေ ရင်ဆိုင်နေကြရတာပါ..။ ကျမတို့ကမှ ဒီခရီးကြမ်းကို တညတည်း ဖြတ်သန်းခဲ့ရတာ..။ စစ်တပ်ရဲ့ ထိုးစစ်နဲ့ ဖျက်ဆီးနှောက်ယှက်မှုတွေကြောင့် အိမ်ဆိုတာနဲ့တောင် တခါမှ မနေဖူးရရှာတဲ့ IDP လို့ ခေါ်တဲ့ ရွာပုန်းရွာရှောင် မိသားစုတွေ ဆိုရင် ကျမတို့ ကြုံခဲ့ရတဲ့ ခရီးကြမ်းမျိုး ဘ၀ကြမ်းမျိုးထဲမှာ ရက်ပေါင်း လပေါင်းများစွာ.. တခါတလေ နှစ်ချီတဲ့အထိ ကျင်လည်နေကြရတာ။ ကျမတို့ကမှ ကိုယ့် ကိုယ်ရေး ကိုယ်တာအတွက် ဖြစ်ရတာ..။ တောထဲ လှည့်လည်သွားပြီး ဒုက္ခရောက်နေသူ IDP တွေ.. မြေမြှုပ်မိုင်း ထိသူတွေကို လိုက်ရှာကယ်တင်နေတဲ့ Back Pack စေတနာရှင် ဆေးကုသရေးအဖွဲ့တွေ... နောက် မတရားစစ်အစိုးရကို ဖြုတ်ချဖို့ လက်နက်ကိုင် တိုက်နေတဲ့ တော်လှန်ရေးသမားတွေဆိုရင်.. အများအတွက် ခရီးကြမ်းတွေ နှင်နေရတာ နေပူမရှောင် မိုးရွာမရှောင်.. ရန်လိုသူတွေနဲ့ လက်တကမ်းကနေ..။ ပြီးတော့ စားဝတ်နေရေးအတွက် သူများနိုင်ငံထဲ ခိုးဝင်ရင်း အသက် ပေးလိုက်ရသူတွေ..။ အဲလိုပဲ ဘ၀ပါ ပေးလိုက်ရတဲ့ မိန်းကလေးတွေ…။ ဒါတင်ပဲလား..။ ကိုယ့်တိုင်းပြည်ထဲ မှာတောင် ထမင်း နပ်မှန်အောင် မစားရတဲ့ ဘ၀ ဘ၀တွေ..။ တကယ်တော့ ကျမတို့ မိသားစု ကြုံခဲ့ရတာတွေကို တမင်ရေးပြတာက အဲလို ဘ၀တွေ တကယ်ရှိကြောင်း သက်သေပြချင်လို့ပါပဲ။ ကျမရဲ့ ဒုက္ခကို ချပြချင်တာ မဟုတ်ပါဘူး။ ကျမတို့က မိတ်ဆွေကောင်း ကျောထောက်နောက်ခံတွေ ရှိလို့သာ အလွယ်တကူ ပြန်ထူ နိုင်ခဲ့တာပါ..။ ဒီတော့… ဘာ ကျောထောက်နောက်ခံမှ မရှိတဲ့ သာမန် အလုပ်သမား တွေဆို ဘယ်လို နေပါ့မလဲ..။ ကျမဖြင့် တွေးတောင် မကြည့်ချင်တော့ပါ..။

+++++

တကယ့် မထိတ်သာ မလန့်သာ ခရီးကနေ ပြန်အရောက်မှာတော့ ကျမကို ပူပန်နေတဲ့ သူငယ်ချင်းတွေရဲ့ အီမေလ်တွေ တပုံကြီးနဲ့ အရပ်ရပ်က စိတ်ပူလို့ လှမ်းမေးကြတဲ့ သတင်းစကားတွေက စောင့်ကြိုနေတာ တအားပါပဲ..။ အားလုံး စိတ်ပူပူနဲ့ သိချင်တာကတော့ ဘာဆက်လုပ်မလဲဆိုတာပါ..။ ကံကကောင်းချင်တော့ အမေရိကန်သံရုံးက ကျမတို့ ဗီဇာကို နောက်ထပ် ၆လ ပေးထားပါတယ်။ လေယာဉ်လက်မှတ်အေးဂျင့်ကလည်း ကျမတို့ကို သနားလို့တဲ့ လေယာဉ်လက်မှတ်တွေကို ရက်အကန့်အသတ်မရှိ နောက်ဆုတ် ရွှေ့ဆိုင်း ပေးပါတယ်။ အဝေးကဆိုရင်တော့ အမေရိကမှာ ရှိနေတဲ့ မောင်နေလင်းတို့ တစုံနဲ့ ချိုသင်းတို့ တစုံကတော့ အပူဆုံးပေါ့..။ သူတို့နဲ့လည်း ခင်တဲ့ ထိုင်းက ကျမရဲ့ မိတ်ဆွေတွေဆီ တချိန်လုံး သတင်းလှမ်းမေးနေကြတယ်လို့ ဆီးပြောကြတော့ အားရှိရတာ အမှန်ပါ။

အဲဒီကာလမှာ နောက်ထပ်ချစ်စရာကောင်းတာက ဘလော့လောကထဲက ညီမလေးတွေ..။ လူချင်းတောင် မမြင်ဖူးပါဘဲနဲ့ ချစ်ခင်နေကြတာမို့ ကျမတို့ သတင်းကြားတော့ ပူပူပန်ပန် လှမ်းမေးကြ..။ ပြီးတော့ ကျမဘလော့ရဲ့ Cbox မှာ ဒေါ်မေငြိမ်းတို့ မိသားစုကို ထိုင်းစစ်တပ်က ဖမ်းထားတယ်လို့ တယောက်က ၀င်ရေးထားတာကို ပျောက်သွားအောင် message တွေ အလုအယက် တင်ကြသတဲ့။ အဲဒါလေးတွေက စိတ်ဓာတ်အားအင်ရတာပါပဲ။ ဇင်းမယ်ကို ကျမတို့ ပြန်ရောက်တာ အောက်တိုဘာလ ၂ရက်နေ့ည…။ အားလုံးက ကိုယ်ရောင် ဖျောက်နေဖို့ အကြံပေးတဲ့အပြင် ကျမတို့ကိုယ်တိုင်ကလည်း ကြောက်နေကြတာမို့ မိသားတစုလုံး အိမ်ထဲက အိမ်ပြင် မထွက်ဘဲ နေရတဲ့ ရက်တွေပေါ့။ သူငယ်ချင်းတွေ ကောင်းမှုနဲ့ နေစရာအိမ်မပူရ..။ အစစ ပြည့်ပြည့်စုံစုံနဲ့.. (ပုန်းခိုနေရတာက လွဲလို့..)။ ဒါပေမဲ့ စိတ်ထဲမှာ အနာဂတ်မရေရာမှုကတော့ ဖိစီးနေတာပေါ့လေ..။ သမီးနဲ့ သားငယ်လေးက ကျောင်းပြန်တက်ချင်နေရှာပြီ။ ဒီလိုနဲ့ အိမ်တွင်းအောင်း တလလောက်ရှိလာတော့မှ သားနဲ့သမီးကို ကျောင်းပြန်တက်ခိုင်း.. ကျမလည်း အပြင်နည်းနည်း ထွက်ရပါတယ်။

နောက်တကြိမ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ပဲ တွေးထားခဲ့ပါတယ်။ တကယ်လို့ နောက်တကြိမ် ဆိုခဲ့ရင်လည်း နောက်ထပ်လိုအပ်တဲ့ ငွေကြေးကို ကျမ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ ထိုင်းမှာ ဘယ်လိုနည်းနဲ့ ဆက်နေမလဲဆိုတာပဲ စဉ်းစားရပါတော့မယ်။ သူငယ်ချင်းတွေအားလုံး ၀ိုင်းပူကြရ.. ၀ိုင်းကူကြရ တဲ့ အချိန် ပေါ့…။ နောက်ထပ်တခါသာ တရားမ၀င်နေထိုင်မှုနဲ့ ငြိပြီဆိုရင်တော့ ကျမတို့က အမှုကြီးပြီလေ..။ ဒါပေမဲ့ .. လူက နေပေမဲ့ ကံက မနေဘူးဆိုတာလို… ပြုခဲ့ဖူးသမျှ ကုသိုလ်ကံအကျိုးဆက်နဲ့ ကျမတို့ မိသားစုအပေါ် မေတ္တာထားကြတဲ့ သူတွေရဲ့ ကျေးဇူးနဲ့…။ ကျမရဲ့ ခေါင်းမာမာနဲ့ အလွယ်တကူ အလျှော့မပေးတတ်တဲ့ အကျင့်နဲ့ ကျမလုပ်သမျှ ပံ့ပိုးတဲ့ ခင်ပွန်းရဲ့ အားနဲ့..။ ပြီးတော့ မောင်နေလင်းနဲ့ ဇနီးက ဒီကို ရောက်အောင်သာ လာဖို့ ကြိုးစား.. ကျနော်တို့ ရှိတယ်ဆိုတဲ့ စကားတခုရဲ့ အားနဲ့..။ ကျမ လက်ကျန်အားအင်တွေ အကုန် စိုက်ထုတ်လို့ နောက်တကြိမ် ထပ်ကြိုးစားတာမှာ……………….. အံ့သြစရာကောင်းလောက်အောင် အဆင်ပြေ ချောမောစွာ နဲ့… ဒီဇင်ဘာ ၂၅ရက်နေ့ … Washington Dulles International Airport မှာ လာကြိုနေတဲ့ သားနေလင်းရဲ့ ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နိုင်ခဲ့ပါတော့တယ်။ အဲဒီတုန်းက ဒီမိသားစုကြီးကို ထိုင်းကနေ အမေရိကအရောက် အစအဆုံး ကူညီ အဖော်လုပ် ပေးခဲ့ရတာကတော့ ကျမရဲ့ ဘော်ဘော်ကြီး ဘလော့ဂါ ဆြာယောပေါ့ရှင်…။ (နောက်ထပ်သာ အမှုထပ်ဖြစ်ရင် အဲဒီတခါ သူပါ အမှုတွဲမှာ.. :P)

+++++

(စာရေးဆရာဆိုတော့လည်း နိဂုံးကို သပ်သပ်ယပ်ယပ် ချုပ်ပေးချင်ပါတယ်.. ဆိုတော့ ခုက နိဂုံးနဲ့ မတူ။ ဒါကြောင့် အပိုင်း(၄၃)မှာ နိဂုံးသပ်ပါ့မယ်။ မှတ်မှတ်ရရ အသက်ကလည်း ၄၃ဆိုတော့  Happy Ending ထင်တာပဲ :D)


Tuesday, May 5, 2009

မြသီလာအလွမ်းပြေ(၄၁)

ပြောင်းခင်းရဲ့အဆုံးမှာ အချုပ်ကားရပ်လိုက်ပါတယ်။ ရှေ့မှာ သစ်လုံးစည်းရိုးကာ ၀င်းတခု။ အဲဒါ ထိုင်း လာအို မြန်မာ နယ်စပ်တပ်..တဲ့။ အဲဒီရှေ့မှာ အားလုံး တန်းစီထိုင်.. ဘာယူနီဖောင်းမှ ၀တ်မထားတဲ့ စစ်သားလို့ ယူဆရတဲ့သူတွေရဲ့ အထပ်ထပ် စစ်ဆေးခံရမှုတွေအဆုံး.. အိတ်ထဲ ဖွက်သိမ်းထားတဲ့ ဘတ် ၅ထောင်လည်း အယူခံလိုက်ရပြီ။ ကဲ.. အဲဒီမှာ လျှောက်ဝင် သွားတော့.. ခြံစည်းရိုးကျော်ရင် မြန်မာပိုင်နက်.. မြန်မာတပ်ရှိတယ်… တဲ့။ အဲဒီအချိန်မှာ မျက်နှာအပျက်ဆုံးက သားကြီးပါ..။ သားမျက်နှာက အနာဂတ်တွေ အားလုံး မီးပုံရှို့ခံလိုက်ရတဲ့ မျက်နှာမျိုး။ ကလေးတွေအဖေကတော့ အိတ်ထဲက ဖျောက်ဖျက်သင့် တာတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေပါ တယ်။ ကျမကတော့ သားကြီးကိုပဲ အခြေနေ ကြည့်နေမိပါတယ်။ ဒီတခါတော့ သမီးနဲ့သားငယ်လေးက အန္တရာယ်အတိမ်အနက်ကို သိပုံ မပေါ်ပါဘူး။ အဲဒီအချိန် ကျမတို့ လျှောက်လာရတဲ့ တောလမ်းလေးက သာယာပေမဲ့ ကျမရင်ထဲမှာတော့ မီးလိုပူနေတာပေါ့။ အဲဒီအချိန်မှာပဲ လူငယ်လေး တယောက်က ရှေ့တူရှူကနေ ကျမတို့ဆီကို လျှောက်လာနေပါတယ်။ သူက ကျနော့်နောက်လိုက်ခဲ့.. ကျနော်က မြန်မာစစ်တပ်က လမ်းပြပါ.. တဲ့။ ပြီးပြီ။ ကျမတို့ ဘ၀ လမ်းဆုံးပြီပေါ့..။

စဉ်းစားကြည့်လေလေ.. ဘယ်လိုမှ လွတ်ဖို့ မရှိလေ…။ အဲဒီအချိန်မှာကို ကျမရဲ့ DVB ရုပ်သံက မြန်မာနိုင်ငံ ပညာရေး သုံးသပ်ချက်ဆွေးနွေးခန်း နေ့တိုင်း လွှင့်နေတဲ့အချိန်။ သားကြီးဆိုလည်း DVB, TV program မှာ Blogger ကဏ္ဍမှာ ရိုက်ဖူး။ အငယ်လေး ၂ယောက်နဲ့ သူ့အဖေကလည်း မလွတ်တမ်း ပါဖူးလေတော့ ဒီ ၅ယောက်တွဲမြင်ရုံနဲ့ လွတ်ဖို့ မရှိဘူးလို့ ကျမ တွက်ပြီးသားပါ။ ပြီးတော့ ကျမတို့နဲ့ အချုပ်ထဲမှာ အတူတူနေခဲ့ဖူးတဲ့သူတွေက ကျမတို့ဆီ လာတဲ့ ဧည့်သည်တွေကြောင့် ကျမကို သိပြီးသား။ ခေါ်တာတောင် ဆရာမ.. လို့ပဲ ခေါ်ကြတာလေ…။ ဒီတော့ ကျမတို့အခြေနေက ဘယ်လိုမှ မလုံခြုံ..။

လမ်းလျှောက်လာတဲ့ တမိုင်ခရီးအတွင်းမှာ ကျမဆီက ပြဿနာတက်နိုင်တဲ့ အစအနတွေကို ပြောင်းခင်းတွေထဲ လွှင့်ပစ်ဖျောက်ဖျက်ပစ်ရပါတယ်။ အဲဒီတုန်းမှာပဲ ရောက်ပြီ.. တဲ့။ ဘွားကနဲဆို မြေစိုက်တဲလေး နှစ်လုံး တွေ့လိုက်ရတယ်။ ကျမစိတ်ထဲ လမ်းခွတ်လပ်ထင်တာ..။ တပ်နဲ့မှ မတူတာကိုး။ လမ်းမှာ ဖြတ်လာတဲ့ ထိုင်းတပ်.. ၀တပ်တွေနဲ့ တူမှ မတူတာ..။ ဟိုတပ်တွေက အခိုင်အမာ.. အတောင့်အတင်း..။ ခု တဲလေးတွေကတော့ တကယ့်တဲအဖြစ်ထိုးထားတာ..။ လှမ်းကြည့်လိုက်တော့ ကြည့်တာနဲ့ စစ်သားလို့ သိသာတဲ့ ယောက်ျားကြီးတွေ လေးငါးယောက် ရပ်နေတာတွေ့တယ်။ တယောက်က ထိုင်း အင်မီဂရေးရှင်းက လွှဲလိုက်တဲ့ နာမည်စာရင်း တွေကို ကြည့်ပြီး နာမည်တွေ ခေါ်နေတယ်။ အင်းးး လမ်းဆုံးးးး။

ကျမတို့ မိသားစု သူတို့ရှေ့ ရောက်ပါပြီ။ ကဲ.. ခဗျားတို့ နာမည်တွေ ပြောတဲ့..။ တကယ်ဆို ကျမတို့ မိသားစုက သပ်သပ်စာရွက်နဲ့။ ဒါပေမဲ့ သူတို့က ဒါကို သီးခြားအမှုမှန်း သိပုံမပေါ်ဘူး။ ကျမတို့ နာမည်ပြောမယ်ပြင်တုန်း သူက မင်းစံက ဘသူလဲတဲ့။ မင်းစံကျော်….တဲ့။ ကျမသိလိုက်ပြီ.. ထိုင်းတွေ နားလည်သလို ရေးတဲ့အတိုင်း သူတို့ဖတ်ပြီ။ ကျန်တာ ဘာအထောက်အထားမှ ရှိပုံမပေါ်။ ရာကျော့်ကို ကျမ တွန်းလွှတ်လိုက်တယ်။ အဲဒီ ခေါ်နေတဲ့သူက (နောက်တော့သိတယ်.. သူက စစ် ထောက်လှမ်းရေး တပ်ကြပ်…) ခဗျား လား.. တဲ့။ ရာကျော်က ဟုတ်ကဲ့.. တဲ့။ အဲဒီလူက နာမည်ပေးမှာ အမှတ်ကလေး ခြစ်လိုက်တယ်။ နောက် မနန်း.. ဟုတ်လားတဲ့။ ကျမ ပေါ့..။ ဟုတ်ကဲ့..ပေါ့။ (ထိုင်းတွေက နာမည်တွေကို ရှေ့တလုံးပဲ ရေးတာကိုး.. ပြီးတော့ ကျမနာမည် ငြိမ်းကို ထိုင်းတွေက အသံမှန်မထွက်တတ်တော့ သူတို့သိသလိုရေးလိုက်ပုံရတယ်..။ အဲဒါကပဲ ကံကောင်းသလို ဖြစ်နေတာ)။ မောင်ထူး..တဲ့။ သားကြီး။ ကလေးနှစ်ယောက်ကိုတော့ နာမည်တောင် မခေါ်တော့။ ကျမ တွေးလိုက်မိတယ်။ အခြေနေ ဒီလောက် မဆိုးနိုင်သေးဘူး ထင်ပါရဲ့လို့။ သူတို့ပြောဆိုနေတာကလည်း စစ်လား ဆေးလားပုံတွေ မပေါက်..။ ဒါပေမဲ့ ထုံးစံအတိုင်း ပစ္စည်းတွေတော့ အိတ်သွန်ဖာမှောက် ရှာတာပေါ့။ ကျမရဲ့ ကင်မရာလေးကို သိမ်းတယ်.. (ပြန်မရတော့)။ ဒီအချိန်မှာ ရင်တုန်စရာကြုံရပြန်တာက စာရွက်စာတမ်းတွေ ဖျောက်ဖျက်ဖို့ အဓိကထားနေရတာနဲ့ ကျမက ကင်မရာထဲက Memory Stick ကို ထုတ် မထားလိုက်မိဘူး။ ကင်မရာကို သိမ်းတော့ ကျမ အလန့်ဆုံးက အဲဒါ.. ကင်မရာထဲမှာကလည်း လောလောလတ်လတ် ဘန်ကောက်မှာ လုပ်ခဲ့တဲ့ ၈လေးလုံး အရေးတော်ပုံ နှစ်၂၀ပြည့် အခမ်းအနားမှာ ရိုက်ခဲ့တဲ့ အမှတ်တရပုံတွေ မထုတ်ရသေး..။

ဒါပေမဲ့ ကျမ ကံကောင်းပြန်တာက အဲဒီ ပစ္စည်းတွေစစ်တဲ့ ရဲဘော်လေးက ကင်မရာကို ဟိုကြည့်ဒီကြည့်လုပ်ပြီး ခလုတ်တောင် မဖွင့်တတ်တာပါပဲ။ နောက် ထွက်လာပြန်ပါပြီ။ နှုတ်ခမ်းနီဗူးတွေ ဘောပင်တွေ နဲ့အတူ Thumb Drive ၃ခု..။ အဲဒီအထဲမှာ ကျမရဲ့ အရေးကြီးအချက်အလက်တွေအကုန်လုံး..။ မေငြိမ်းဆိုတဲ့ အထင်ရှားဆုံးသက်သေတွေ အဲဒီမှာ..။ ကျမမှာတော့ ဒီတခါတော့ သွားပါပြီပေါ့..။ အဲဒီ Thumb Drive တွေကိုလည်း အဲဒီ ရဲဘော်လေးက လှည့်ပတ်ကြည့်ပြီး ကျမအိတ်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။ အားလုံးစစ်ဆေးပြီးမှ ကျမတို့ကို နေရာချပါတယ်။ အမျိုးသမီးတွေ ဟိုဘက် တဲ.. တဲ့။ အမျိုးသမီးတွေ နေရမယ့်တဲက တပ်ကြပ်ကြီးရဲ့ တဲ.. တဲ့။ အဲဒီ တပ်ကြပ်ကြီးကောတ့ မျက်နှာတင်းတယ်။ ကျန်တဲ့ တဲတလုံးက မီးဖိုအဖြစ်သုံးတာ.. အမျိုးသားတွေ အိပ်တဲ့။ တကယ်ဆို အဲဒီ တပ်စခန်းနေရာလေးက တောင်တန်းတွေကြားမှာ တကယ့်ကို သာတောင့်သာယာ.. ဒါပေမဲ့ ကျမမှာတော့.. ပူလောင်ပြင်းပျ အတိ။ နောက်တော့ တယောက် က လာပြောတယ်။ ခဏကြာရင် ဒီကွင်းလယ်မှာ လာစု.. ခဗျားတို့ကို ဗိုလ်မှူး လာကြည့်မယ် တဲ့..။ ကျမကတော့ ခြေဖျား လက်ဖျားတွေ အေးစက်။ လူသိ အင်မတန်များတဲ့ ကျမအတွက် တော့ အဲဒီ ဗိုလ်မှူးဆိုသူက တပည့်ဟောင်း သိဟောင်း ကျွမ်းဟောင်းများဖြစ်နေခဲ့ရင်ဆိုတဲ့ အတွေးနဲ့ပေါ့။

ည ၇နာရီကျော် မှောင်တဲ့အချိန်မှပဲ ဗိုလ်မှူးဆိုသူ ရောက်လာပါတယ်။ မသိရင် သာမန် လူငယ်လေးလို အေးအေးသက်သာပုံရှိတဲ့ ဗိုလ်မှူးဆိုသူကလည်း တိုက်တိုက်ဆိုင်ဆိုင် ကျမကို တကူးတက လာစကားပြောပါတယ်။ ဘယ်မှာ ဖမ်းမိတာလဲ… ဘာလုပ်လဲ.. ဘယ်ဇာတိ လဲပေါ့..။ ချင်းမိုင်ကပါပေါ့.. ထမင်းဆိုင်မှာ လုပ်ပါတယ်ပေါ့။ ကျမက စားဖိုပေါ့.. ယောက်ျားက အထွေထွေပေါ့.. သားကြီးက စားပွဲထိုးပါပေါ့..။ ထိုင်းရောက်တာ ၅နှစ်ရှိပါပြီပေါ့။ မော်လမြိုင် ဇာတိပါပေါ့။ အဲဒီညမှာပဲ ဗိုလ်မှူးပြန်သွားပြီးတော့ ကျမတို့ အားလုံးကို တပ်ကြပ်ဆိုတဲ့လူက ခေါ်ပါတယ်။ အားလုံးစုံတော့မှ.. “ခဗျားတို့ ဘာလုပ်မှာလဲ..။ ခဗျားတို့မှာ ဘာအထောက်အထားမှလည်း မရှိဘူး။ ခု မြန်မာနိုင်ငံမှာ မှတ်ပုံတင်မရှိရင် တန်းဖမ်းပြီး ထောင်၅နှစ်ချတယ်.. အဲဒါ သိလား.. ခဗျားတို့ အားလုံး ပြန်ရင် တန်းထောင်ကျမှာ..” တဲ့။
ကျမက သူ ဘာပြောချင်တယ်ဆိုတာ မသိဘူး။ သူက ဆက်ပြောတယ်။ "အဲဒီတော့ ခဗျားတို့ ဘာလုပ်မလဲ..။ ခဗျားတို့ မြန်မာပြည်ပြန်မယ်ဆိုရင် ကျုပ်တို့ လမ်းပြမယ်.. တောလမ်းအတိုင်း လျှောက်ပေတော့.. ဟိုရောက်ရင် ထောင်ကျ..။ ဒါပဲ။ အဲ.. တကယ်လို့ ခဗျားတို့ ထိုင်းပဲ ပြန်မယ်.. ချင်းမိုင်ပြန်မယ်.. ဘန်ကောက်ထိ ပြန်မယ်ဆိုရင်တောင် ခဗျားတို့ကို ဘေးကင်းရန်ကင်းနဲ့ ကျုပ်တို့ ရောက်အောင် ပို့ပေးနိုင်တယ်။ ချင်းမိုင် အရောက် ဘတ် ရှစ်ထောင်.. ခဗျားတို့ကို သေချာ ရွေးမယ့်သူ ရှိရင် ပို့မယ်.. သေချာအောင်တော့ လုပ်.. မဟုတ်ရင်တော့ ထိုင်းထောင်ထဲ တန်းရောက်အောင် ထည့်ရုံပဲ" တဲ့။

ကျမတို့ မိသားစု ၅ယောက်ဆိုတော့ ဘတ်လေးသောင်း.. ဘုရား.. ဒေါ်လာ တထောင်ကျော်..။ ကျမ ငိုင်နေတော့ အဲဒီ တပ်ကြပ်က အမကြီးရဲ့ ကလေး ၂ယောက်က ပို တာဝန်ကြီးတယ်.. ကျနော်တို့ လုပ်ရတာက အန္တရာယ်များတယ်.. ဒါပေမဲ့ အမကြီးကိုလည်း သနားတယ်.. ဒီတော့ ကလေး၂ယောက်က လူကြီးတယောက်ခ တော့ ပေးရမယ်။ ကျနော်တို့ တယောက်စာ လျှော့ပေးမယ်.. တဲ့။ သဘောတူရင် ခဗျားတို့ကို ရွေးမယ့်သူတွေဆီ ဖုန်းခေါ်ပေးမယ်..တဲ့။ ကျမ သေချာစဉ်းစားရပါတယ်။ ကျမ သူငယ်ချင်းတွေဆိုရင် သူတို့သိနေတဲ့သူတွေ ဖြစ်နိုင် တယ်။ ဆိုတော့ နောက်ဆုံး ကျမတို့နောက်ကို နယ်စပ်ထိ လိုက်လာပေးတဲ့ မိတ်ဆွေစုံတွဲဆီပဲ ဆက်မယ်လို့ စဉ်းစားပါတယ်။ ဒီနေရာမှာ ကျမ စဉ်းစားတာက ကျမတို့ရဲ့ အခြေအနေက သိပ်ဆိုးနေတာမို့ ဒါဟာ တယောက်ယောက်က သေချာ ဆင်ဖမ်းတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တခါ ပွင့်ပွင့်လင်းလင်းပြောရရင် ခုအချိန်က ပိုပြီး မလုံခြုံတာမို့ မိတ်ဆွေစုံတွဲသာ စိတ်မချရတဲ့သူတွေဆိုရင်.. ကျမတို့ကို စစ်အစိုးရက အချိန်မီ လာ ကောက်သွားရုံပါပဲ။ ဒါပေမဲ့ ကျမ အဲဒီ မိတ်ဆွေစုံတွဲကို ယုံတယ်..။ ဘ၀မှာ ဒါလောက်မှ ပို ကံဆိုး ဦးမယ်ဆိုလည်း ရှိစေတော့လို့ စိတ်ထားပြီး ကျမ သူတို့ဆီကိုပဲ ဖုန်းခေါ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ဖုန်းခေါ်တဲ့ အချိန်ကလည်း ကျမအတွက်တော့ တကယ့်ရင်တုန်စရာအချိန်ပါပဲ။ သူတို့က အရင်ခေါ်ပြီးမှ ကျမကို ဖုန်းပေးမှာပါ။ ပြီးတော့ speaker ဖွင့်ပြီး ပြောရမှာပါ..။ ဒီတော့ ဟိုဘက်ကလူကသာ မနပ်ရင်.. ကျမအခြေအနေက လက်ရှိအနေအထားထက် ချက်ချင်းကြီး ပိုဆိုးတော့မှာ..။ ဖုန်းခေါ်လိုက်တော့ ကျမမိတ်ဆွေ မိန်းကလေးက ချက်ချင်း ဖုန်းကိုင်ပါတယ်။ သူက ကျမကို တီချယ်လို့ အမြဲခေါ်တာပါ။ ခု.. ကျမက ဒီဒီလား..လို့လည်းမေးရော.. သူက အမယ်လေး တီချယ်.. သမီးတို့ စိတ်ပူနေတာ သေတော့မယ်..တဲ့။ ဒါပေမဲ့ သူက စကားပြောမြန်တော့ ကျမကို တီချယ်ခေါ်တာကို ဒီဘက်က စစ်သားတွေ ရိပ်မိပုံမရပါဘူး။ ကျမကလည်း အတင်းပဲ စကားလုပြောရပါတယ်။ ဒီဒီ .. ကျမတို့ အချိန်သိပ်မရဘူး။ ကျမတို့ ခု မြန်မာစစ်တပ်မှာ ရောက်နေတယ်.. စိတ်မပူနဲ့.. လို့ ပြောတုန်းရှိသေး.. ဒီဒီက ဟင်… ဘုရား.. တဲ့။ ကျမမှာ ကမန်းကတမ်း စကားလုဆက်ရပါတယ်။ အဲဒါ ဒီက ဗိုလ်ကြီးတွေက ပိုက်ဆံ ပေးရင် ပြန်ပို့ပေးမယ်လို့ ပြောတယ်… ပေါ့။ ဒီဒီကလည်း ဟန်တောင် မဆောင်နိုင်ဘူး..။ ပေးမယ်.. ပေးမယ်.. တဲ့။ အဲဒီအချိန်မှာ တပ်ကြပ်ဆိုသူက ကျမကို မေးတယ်။ ခုပြောတာ ဘသူလဲ.. တဲ့။ ကျမက ကျမတို့ ဆိုင်ရှင်သူဌေးရဲ့ မန်နေဂျာလို့ ပြောတော့.. သူ ဆက်ပြောမယ် ဆိုပြီး ကျမ လက်ထဲက ဖုန်းကို ယူလိုက်ပါတယ်။ ပြီးတော့ ကျမတို့ကို တယောက် ဘတ်၈ထောင်နဲ့ ရွေးရမှာ.. တကယ်ရွေးမှာလား.. သူဌေးကို သေချာမေး..။ ခဗျားပြောလို့ ပြီးးတာ မဟုတ်ဘူး.. မေးပြီးမှ ဖုန်း ပြန်ဆက်.. တဲ့။ ဟိုဘက်က ဒီဒီကလည်း ဟုတ်ကဲ့… ဟုတ်ကဲ့ပေါ့။

ဖုန်းချပြီးတော့ ကျမကို မေးတယ်။ ခဗျားတို့ သူဌေးက ရွေးမှာ သေချာလား.. ပိုက်ဆံက များတယ်နော်.. တဲ့။ ကျမက ရွေးမှာပါ..။ သူဌေးက ကျမတို့မိသားစုကို ချစ်တယ်။ ကျမ ကလေးတွေတောင် သူတို့ပဲ ကျောင်းထား ပေးထားတာ။ ပြီးတော့ ကျမတို့ အဲ့ဒီမှာ ကိုယ်ပိုင်ပိုက်ဆံ စုထားတာလည်း နည်းနည်း ရှိပါတယ်.. လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ နောက် ၁၀မိနစ် လောက်ကြာတော့ ဒီဒီက ဖုန်းပြန်ဆက်ပါတယ်။ သူဌေးက ပေးမယ်တဲ့။ သူတို့ မိသားစုကို ချောချောမောမော ပြန်ရောက်အောင်သာ ပို့ပေးပါ.. တဲ့။ အဲဒီတပ်ကြပ်က ပြန်ဖြေပါတယ်..။ “စိတ်ချ.. သေချာပေါက် ကောင်းကောင်းရောက်မယ်.. ခဗျားတို့သာ ပိုက်ဆံ သေချာ အဆင်သင့်လုပ်ထား.. ပို့မယ့်နေ့ကျ ဖုန်းဆက်မယ်.. ဟိုလိုလို ဒီလိုလို လုပ်ရင်တော့ ထိုင်းထောင်ကြီးကို တန်းပို့မှာ..” တဲ့။ ကျမကတော့ စိတ်ထဲ ပြုံးထေ့ထေ့ ဖြစ်သွားပါတယ်။ ကျမတို့ကလည်း သေချာ ပြန်မရောက် မှာကိုပဲ စိုးတာပါ..ပေါ့၊ စိတ်ထဲမှာ..။

အဲဒီည… စက်တင်ဘာ ၂၉ရဲ့ ည…။ ရှမ်းတောင်တန်းတွေနားက မြန်မာပြည်နယ်စပ်လေးက အေးအေး စက်စက်..။ တဲလေးက သေးလို့မို့ ကျမ အိပ်စရာနေရာမရှိ။ သမီးနဲ့ သားငယ်ကို သိပ်ပြီး ကျမက ဘေးက ငုတ်တုပ်ထိုင်ငိုက်ရပါတယ်။ အိပ်လို့လည်း မပျော်နိုင်ပါဘူး။ ဟိုတွေး ဒီတွေးပေါ့။ ဒီအတိုင်းဆို ပြန်တော့ ပို့မှာပါ.. လို့တွေး။ ဘယ်တော့များဖြစ်မှာပါလိမ့်လို့ ပူပန်ရပြန်..။ သားကြီးနဲ့ အဖေကတော့ ဘာတွေ တွေးနေမယ်မသိ..။ ကျမကတော့ တကယ်တမ်းသာ ကျမတို့ကို တမင် မြန်မာစစ်တပ်ထဲ ရောက်အောင် တယောက်ယောက်က လုပ်ကြံတာဆိုရင် နက်ဖြန်ခါမှာ… ကျမတို့ အခြေအနေတမျိုး ပြောင်းနိုင်တယ်..။ ဒါမှမဟုတ်.. ခုကျကာမှ ကျမတို့ သတင်းကို အတွင်းဘက်က ရသွားပြီး အချိန်မီ လာဖမ်းခေါ်တာမျိုးလည်း ဖြစ်နိုင်တယ်.. ဆိုတာတွေ တွေးနေမိပါတယ်။ အဲဒီ ညတာကလည်း ရှည်လှပါတယ်..။

+++++

အရုဏ်ပျို့ပြီ။ ရှမ်းတောင်တန်းတွေကြားက မနက်ခင်းကတော့ အလှမပျက်ပါဘူး။ မြူခိုးတွေ ဝေလို့။ ကျမအစောကြီးပဲ အပြင်ဘက် ထွက်ငေးနေမိပါတယ်။ ကျမစိတ်တွေက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမှာ နေခဲ့ဖူးတဲ့ ရက်တွေဆီ ရောက်သွားတယ်..။ နောက်.. နမ့်ဟူးတောင်း.. နောက် သီပေါ.. လားရှိုး… တောင်ကြီး…. ပင်းဒယ.. ဒီလို မနက်ခင်းတွေ.. ကျမ ကြည်ကြည်နူးနူး ဖြတ်သန်းခဲ့ဖူးတယ်။ ဖေဖေ့ကို သတိရလိုက်တာ..။ ဖေဖေနဲ့ သွားနေကျ ခရီးတွေ..။ ကျမအနားမှာရပ်နေတဲ့ ရှမ်းအမျိုးသမီး (အချုပ်ထဲမှာ အတူတူနေခဲ့တဲ့) အမကြီးကို ခုမြင်နေရတာ ဘာတောင်လဲဟင်အမ.. ဆိုတော့ လွယ်ခမ်းတောင်.. လို့ သူက ဖြေတယ်။ ဒီတော့လည်း လွယ်ဆမ်ဆစ်ကို သတိရမိပြန်ရော..။ အဲဒီအချိန်မှာပဲ တပ်ကြပ်ကြီး ဆိုသူက တဲရှေ့မှာ လာအော်ပါတယ်။ အိပ်ယာထပြီး ဟင်းထမင်း မြန်မြန်ချက်..။ ခုပဲ သတင်းပို့တယ်။ ကျနော်တို့တပ်ကို လူကြီး အရေးပေါ်လာစစ်မယ်.. ခများတို့ မြန်မြန် ချက်ပြုတ်ပြီး စားစရာရှိတာ စား။ သန့်ရှင်းရေး လုပ်ရမယ့်သူတွေက လုပ်.. ခပ်မြန်မြန် လုပ်နော်.. တဲ့။ ပြီးတော့ သူ့ရဲဘော်တွေကို လှည့်ပြောတယ်။ အဘလေးလာမှာကွ.. အရေးပေါ်တဲ့..။ ဘာမှန်းလဲ မသိဘူး။ သေချာလုပ်ထားကြ ဟေ့ကောင်တွေ.. တဲ့။

ကျမအတွက်တော့ အဲဒီစကားသံက ချိန်ကိုက်ဗုံးတလုံးလိုပဲ..။ ဘုရားရေ.. ငါတို့ သတင်းများ နောက်တန်းတပ်က ရသွားလို့ ဒီအထိ လိုက်လာလေသလားပေါ့..။ အဘလေးဆိုရင် တော်တော်လေးရာထူးရှိတဲ့သူမှန်းတော့ ကျမသိပါတယ်။ ကိုယ်က ဘာကြီးမှ မဟုတ်ပေမဲ့ လူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့ သူတွေမို့ ကျမ စိတ်ပူမိတာပါ။ ကလေးတွေကို သေချာ မျက်နှာသစ်ပေး.. ပါလာတဲ့ မုန့်လေးတွေ ကျွေးပြီး ကျမ တုန်လှုပ်နေရပြန်ပါပြီ။ အဲဒီတုန်းမှာပဲ ဗိုလ်မှူးရောက်လာပြန်ပါတယ်။ သူက ဟိုဟိုဒီဒီနှုတ်ဆက်ပြီး ကျမဆီရောက်လာပါတယ်။ အမကြီး နေကောင်းရဲ့လားတဲ့။ ကျမကတော့ သူ့မျက်နှာလည်း စေ့စေ့ မကြည့်ရဲပါဘူး။ ဟုတ်ကဲ့.. သိပ်တော့ နေမကောင်းဘူး.. လို့ ဖြေလိုက်ပါတယ်။ သူက ကျမ ကလေးတွေအတွက် နို့ဗူးတွေနဲ့ ဘီစကစ်တွေ လာပေးတာပါ..။ ကလေးတွေကို သနားလို့တဲ့။ အမကြီးရယ်.. နောက်ဆို နေလို့ရတဲ့ လက်မှတ်တွေဘာတွေ သေချာ လုပ်ပါဦး..လို့တောင် ပြောပါသေးတယ်။ ပြီးတော့မှ.. ဒီနေ့ ကျနော်တို့ဆီကို လူကြီးတွေ ရှောင်တခင် လာစစ်မယ်တဲ့။ အဲဒါ အမကြီးတို့က ကလေးတွေပါ ပါတော့ လူကြီးမြင်ရင် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ အမကြီးတို့အားလုံး တနေရာမှာ သွားပုန်းနေရမယ်.. ညနေ လူကြီးတွေ ပြန်မှ စခန်းပြန်လာပေါ့.. တဲ့။ ဘုရားမ ပြန်ပါပြီ။ ကျမတို့ကံကိုက…။ ဘာပဲဖြစ်ဖြစ် ကျမ စိတ်ထဲ အေးကနဲဖြစ်သွားတာတော့ အမှန်ပါ။

နောက်တော့ မနက် ၈နာရီလောက်မှာပဲ ကျမတို့အားလုံး တပ်ရဲ့ ညာဘက်က ပြောင်းခင်းတွေဘက်ကို ထွက်လာ ရပါတယ်။ ပြီးတော့ အဲဒီ ပြောင်းခင်းတွေထဲမှာပဲ ကျမတို့ လူ ၃၅ယောက်လုံး အသံမထွက်ရဘူးဆိုပြီး နေရာယူရပါတယ်။ ကျမသမီးနဲ့ သားငယ်လေး ကတော့ ဖျာလေးခင်းပေးထားတဲ့ အပေါ်မှာ ၀မ်းလျားမှောက်လို့ ပန်းချီတွေ တောင် ဆွဲနေလိုက်သေး။ ကျမလည်း အဲဒီတော့မှ တရေးအိပ်ရပါတယ်။ ဒါတောင် စိတ်ထဲ တထင့်ထင့်..။ ငါတို့ကိုမှ ရွေးပြီး လာခေါ်တာမျိုးများ ရှိလေမလားပေါ့..။ ပြောင်းခင်းတွေကြားမှာ ဖျာပေါ် ပက်လက်လှဲရင်း ကြည်စင်နေတဲ့ ကောင်းကင်ကို ကြည့်ရတာတော့ အရသာရှိသားပါ..။ ပြီးတော့ အဲဒီအချိန်.. ကျမ ဗင်ဂိုးကို သတိရနေမိတယ်။ တကယ်လို့များ ကျမတို့ကို တကယ်ပဲ စစ်အစိုးရကသာ ဖမ်းဆီးပြီး ခေါ်သွားမယ်ဆိုရင်တော့ ရက်စက် ကြမ်းကြုတ်လှတဲ့ သူတို့လက်ထဲ ရောက်မယ့်အစား တမိသားစုလုံး သေပစ် လိုက်တာကောင်းဦးမယ်.. လို့ တွေးမိတာလည်း အမှန်ပါပဲ။ ပြောသာပြောတာပါ.. သတ်သေရတဲ့ ကိစ္စ ဆိုတာကလည်း ခက်လိုက်တဲ့ ဖြစ်ခြင်း..။

ဒီလိုနဲ့ နေပူတောက်တောက်အချိန်ကို ရောက်လာ.. အရိပ်ကို ရှာပြီး ခိုကြ..။ စကားစမြည် တိုးတိုးပြောကြ။ ဒီနေရာမှာ ကျမတို့နဲ့အတူ အချုပ်ထဲကပါလာတဲ့ သူတွေရဲ့ ချစ်စရာကောင်းတဲ့ နားလည်မှုလေးတခုကို ပြောပြရ ပါမယ်။ သူတို့တွေက အချုပ်ထဲမှာ ကျမကို ဆရာမလို့ တောက်လျှောက်ခေါ်လာကြတာ..။ ခု စစ်တပ်ထဲလည်း ရောက်ရော.. သူတို့ အသိစိတ်နဲ့ သူတို့ပြောင်းခေါ်ကြတာ.. အမ.. တဲ့။ ပြီးတော့ တစုံတရာ ရိပ်မိစေမယ့် အပြော မျိုးလည်း မပြောကြတာ..။ သိပ်ကို ကျေးဇူးတင်စရာကောင်းတဲ့ အသိစိတ်ဓာတ်ပါပဲ။ ဒါ့ထက်ပို ကျေးဇူးတင်စရာ တွေလည်း ပြောပြပါဦးမယ်..။ ကျမတသက် ဘယ်တော့မှ မမေ့နိုင်တော့မယ့် သူတွေပါ..။ ဒါပေမဲ့ သူတို့ကို နာမည်တောင် ကောင်းကောင်း မသိခဲ့ရ။ ဒီလိုနဲ့ ညနေ ၄နာရီထိုးသွားပါတယ်။ ဒီတော့မှ စခန်းက လူက လိုက်လာပြီး ခေါ်ပါတယ်။ လူကြီးတွေ ပြန်ပြီတဲ့။ ဒီတော့မှ ကျမ စိတ်ထဲ လုံးလုံး အေးသွားပါတယ်။ စခန်း ပြန်ရောက်တော့ ကျမစိတ်ထဲ ပေါ့ပါးနေတာမို့ တဲအပြင်မှာတောင် ထွက်ထိုင်နေလိုက်ပါသေးတယ်။ အဲဒီ အချိန် မှာပဲ ကျမတို့ကို ဒီည ပြန်ပို့မယ်.. ဆိုတဲ့ သတင်းကို စစ်ထောက်လှမ်းရေး တပ်ကြပ်က ပြောပါတယ်။

+++++

အကုန် အသင့်ပြင်ထား ည ၈နာရီ စထွက်မယ်.. တဲ့။
မိုးက ဖြိုးဖြိုးဖျောက်ဖျောက် ရွာနေတယ်။ လမ်းပြ ၈ယောက်လိုက်ပို့မယ်။ ပြန်မယ့်သူ အားလုံး ၂၄ယောက်။ ၃၅ယောက်မှာ ၁၁ယောက်က ပိုက်ဆံ မရှိ .. ရွေးမယ့်သူ မရှိလို့ နေကျန်ခဲ့ရမှာ.. သူတို့ ဘယ်တော့ ပြန်ရမလဲ.. မသိဘူးတဲ့။ တော်သေးတာက ကျန်ခဲ့တာ ယောက်ျား တွေချည်း..။ ကျမက စဉ်းစားထားတယ်.. တကယ်လို့ မိန်းကလေးထဲက ပြန်ချင်တယ် .. ရွေးမယ့်သူ မရှိဘူးဆိုရင် ကျမ ရွေးပေးမယ်လို့ စိတ်ကူးထားတာ..။ မိန်းကလေး ၁၂ယောက် အားလုံး ပြန်နိုင်ကြပါတယ်။ လမ်းပြခေါင်းဆောင်က ကျမတို့ကို သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေ ပြောတယ်..။ လမ်းမှာ ထိုင်းတပ်ကို ဖြတ်သွားရမယ်။ ထိုင်းတပ်က ခွေးတွေနဲ့ ကင်းလှည့်နေတယ်.. မိရင် သေနတ်နဲ့ ပစ်မှာ။ ဒါကို ရှောင်သွားရမှာ.. ဆိုတော့ အသံလုံးဝ မထွက်ရဘူး။ ချော်လဲရင်တောင် အသံမထွက်ရဘူး။ အထူးသဖြင့် အမတို့ ကလေး၂ယောက်ကို သေချာ တာဝန်ယူပါ.. ကလေးတွေကြောင့် ကျနော်တို့ ခရီးအဖင့် မခံနိုင်ဘူး။ တခုခုဖြစ်ရင် ထားခဲ့ရမှာပဲ.. တဲ့။ လမ်းမှာ ကျနော်တို့နောက်ကနေ ထပ်ချပ် လိုက်ရမယ်။ လမ်းချော်ရင် ရောက်တဲ့နေရာမှာ ချက်ချင်းရပ်နေလိုက်ပါ။ လမ်းပြတွေက ပြန်လှည့်ခေါ်မယ်။ လမ်းမှားပြီး ဆက်သွားနေရင် မြေမြှုပ်မိုင်းထိနိုင်တယ်.. ဒါကြောင့် သိပ်အရေးကြီးပါတယ်.. တဲ့။

ကျမက နေသိပ်မကောင်းတဲ့အပြင် ကလေးတွေနဲ့မို့ ဘယ်လောက်လျှောက်ရမှာလဲ..ဆိုတော့ ၄မိုင်လောက်တဲ့။ တောလမ်းဆိုတော့ ၂နာရီလောက်ကြာမယ်တဲ့။ ကျမ စိတ်ပူရပြန်ပါပြီ။ ကျမက သားငယ်ကို ချီမယ်။ သူ့အဖေက သမီးကို ချီရမယ်။ သားကြီးက အထုပ်ထမ်း။ ဘုရားရေ.. ကျမ ဖြစ်ပါ့မလား။ သားကြီးက ညီလေးကို ကူချီပါ့မယ်.. တဲ့။ လမ်းပြလေး တွေကလည်း ကျနော်တို့ ကူပါ့မယ် အန်တီ.. တဲ့။

တကယ်တမ်း စထွက်တော့ ည ၉နာရီကျော်ပြီ။ အဲဒီည.. လမိုက်ညဖြစ်တဲ့အပြင် စထွက်ကတည်းက မိုးကတော်တော် ရွာနေပြီ။ လမ်းပြတွေကပြောတယ်.. မိုးရွာရင် ပိုစိတ်ချရတယ်တဲ့။ ထိုင်းစစ်သားတွေ နှပ်နေ မှာ.. တဲ့။ စထွက်တာနဲ့ ဗြုန်းဆို တောကြီးထဲ ရောက်သွားတာပါပဲ။ မှောင်တာမှ တကယ့်အမှောင် ကိုယ်ချီထားတဲ့ သားလေးကိုတောင် ကိုယ်ပြန်မမြင်ရ..။ ရှေ့နောက် တန်းစီပြီး တယောက် ပုခုံး တယောက် ကိုင်တာ မပြတ်ဘဲ သွားရမယ်လို့ မှာထားတာမို့ ကိုင်ထားရပေမဲ့ ကိုယ်ကိုင်ထားတဲ့သူကိုတောင် ကိုယ်မမြင်ရလောက်အောင် မှောင်တာပါ။ ပိုဆိုးတာကတော့ တောလမ်း သစ်ပင်တွေကြားထဲက ခပ်မြန်မြန်သွားရပြီး လမ်းတွေက ရွှံ့စေး တွေနဲ့ ချောနေတာ။ စထွက်ပြီး နာရီဝက်တောင် မလျှောက်ရသေးခင်မှာပဲ ကျမ ဗိုင်းကနဲ လဲပါတော့တယ်..။ သားလေးနဲ့မို့ တော်တော်ကို နာတာပါ။ အဲဒီအချိန်.. ကျမနဲ့ ပခုံးကိုင်ဆက်လာတဲ့ သားကြီးပါ ဗိုင်းကနဲလဲ.. သူ့နောက်က လူလည်း လဲ..။ နောက်တော့ ကျမဆီက သားလေးကို တယောက်က လှမ်းခေါ်လိုက်ပါတယ်။ ကျမကို ဆွဲထူကြ..။ ခပ်သုတ်သုတ် ဆက်လျှောက်… ။ ထပ် လဲ..။ ရေအိုင်တွေထဲ ထိုးကျ..။ သူ့အဖေလို ရွှံ့မြေပေါ် ကျွမ်းကျွမ်းကျင်ကျင် လျှောက်တတ်တဲ့သူတောင် လဲတာ။ မကြာခဏ လဲကျကြပေမဲ့ အသံမထွက်ရဲကြပါဘူး။ တဗိုင်းဗိုင်းလဲနေကြသူတွေထဲ အလဲဆုံးကတော့ ကျမနဲ့ သားကြီးပါ။ ပိုဆိုးတာက ဘယ်တုန်းကမှ အလုပ် ကြမ်းကြမ်း မလုပ်ဖူးတာမို့ အပင်ပန်းမခံနိုင်လေတော့ အဲလို ခဏခဏ အလဲမှာ ကျမတို့ ဟောဟဲ ဆိုက်နေပါပြီ။

ပိုဆိုးတာက ကျမက ဒေါက်မြင့်ဘိနပ်မို့ စီးမရတာကြောင့် ခြေဗလာနဲ့ လျှောက်ရပါတယ်။ ဒီလိုပဲ သားကြီး ဘိနပ်ကလည်း အချုပ်မှာတုန်းက အခိုးခံရတာမို့ သားကြီးလည်း ခြေဗလာနဲ့ပါ။ ဒီတော့ မြေကြီးပေါ်က သစ်ငုတ် တွေ ဆူးတွေက ကျမတို့ ခြေဖ၀ါးထဲ စိတ်ကြိုက်ပေါ့။ မှောင်မှောင်မည်းမည်း မိုးရွာထဲမှာ မြန်မြန်ကလည်း လျှောက်ရ.. ဘေးဝန်းကျင်လည်း ကြောက်ရ.. မိုးတွေကလည်း စိုရွှဲနေလေတော့ ကျမတို့ အသားတွေက တဆတ်ဆတ် တုန်နေပါတယ်။ နောက် အတွေ့အကြုံတခုက တောထဲက ညအမှောင်မှာ ကိုယ်က မြန်မြန် လျှောက်နေရတော့ ကိုယ့်ဘေးနားမှာ လူရိပ်တွေဖြတ်နေသလို မကြာခဏဖြစ်တယ်။ ယောင်ပြီး လိုက်လိုက် သွားမိတော့မလို့။ တခေါက်ဆို လိုက်သွားမိသေးတာ။ နောက်လူက ဆွဲထားလို့။ (နောက်ပိုင်း ပြန်ပြော ဖြစ်ကြတော့ သားကြီးလည်း အဲလိုပဲ မြင်တာတဲ့.. မျက်စေ့ တွေပဲ ပြာလာလို့ ထင်ပါရဲ့)။ ပြီးတော့ တခါတလေ.. ရှေ့ကလူက အဆင်းတဲ့.. လို့ သတိပေးပြီး ရုတ်တရက် ကျမ ကိုင်ထားတဲ့ သူ့ပုခုံးက လွတ်သွား..။ ကျမ သတိထားပြီး ဆက်လျှောက်တုန်း လျှောကနဲဆို တရွတ်တိုက်ပြုတ်ကျသွားတာ တင်ပါးနဲ့ မြေကြီး အုံးကနဲ ဆောင့်တော့တာပဲ။ အဆင်း ဆိုတာက တကယ်မှ အဆင်းကြီးလေ။ အတက်ဆိုတော့လည်း ရွှံ့တွေချောနေတဲ့ ကုန်းအမြင့် ကို တကယ် ဖက်တက်ရတာ..။ ဒီနေရာမှာ ကျမတို့ရဲ့ ခရီးသွားဖော်တွေဟာ သိပ်ကို ချီးကျူးစရာကောင်းတာပါ။ ကျမကို တွဲ..။ ကလေးတွေကို ကူချီ..။ နောက်ဆုံး သားကြီး တဗိုင်းဗိုင်းလဲတာ သနားလို့ဆိုပြီး အထုပ်ပါ ကူသယ်ပေးကြ တာပါ။ ပြီးတော့ သူတို့က သက်လုံကောင်းကြတာမို့ သိပ်လည်း ခရီးတွင်ပါတယ်။ သူတို့ကူလို့သာ ကျမတို့ ဖြတ်သန်းနိုင်ခဲ့တာလို့တောင် ပြောလို့ရပါတယ်။

နောက်တော့ ကောင်းကင်အလင်းအောက်မှာ ပြောင်းခင်းတွေကြားကနေ လျှောက်ရပါတယ်။ တနေရာ ရောက်တော့ ခွေးဟောင်သံ သဲ့သဲ့ကြားပါတယ်။ လမ်းပြတွေက အဆင့်ဆင့်ပြောလို့ ကျမတို့ ထိုင်ချလိုက် ရပါတယ်။ အဲဒီအချိန် ခပ်လှမ်းလှမ်းမှာ လက်နှိပ်ဓာတ်မီးအလင်းတန်းတွေ တွေ့ပါတယ်။ ကျမတို့အားလုံး ငြိမ်နေရတဲ့အချိန်.. သမီးကို အဖေက ဖက်ပြီး မကြောက်နဲ့နော် လို့ တိုးတိုးလေး ပြောနေပါတယ်။ ကျမလည်း သားငယ်လေးကို ခေါ်ဖက်ထားလိုက်ပြီး သားလေး .. မကြောက်နဲ့နော်.. မေမေတို့ ချင်းမိုင်ပြန်နေတာ..။ တော်ကြာဆို ရောက်တော့မယ်..နော်လို့ စိတ်ကူးပေါက်သလို အားပေးနေရပါတယ်။ စိတ်ထိခိုက်စရာ ကောင်းတာက သားငယ်လေးက နှုတ်ခမ်းတွေကို တင်းတင်းကိုက်ထားပြီး သူ့ကိုယ်လုံးက တကယ့်ကို တဆတ်ဆတ် တုန်နေတာပါပဲ။ သားကြီးကတော့ ခေါင်းငိုက်စိုက် ချလို့။ ခွေးဟောင်သံဝေးသွားတော့ ဆက်လျှောက်..။ ၄မိုင်တဲ့..။ ခရီးက ပေါက်ပဲ မပေါက်နိုင်တော့ အဆိုးဆုံးက လယ်ကန်သင်းရိုးတွေလို အပေါ် ကနေ ဘိနပ်မပါဘဲ မြန်မြန် သွားရတာမို့ ခြေချောင်းတွေကို ကုပ်လျှောက်နေရတာပါ။ ဒီကြားထဲကပဲ ချော်လဲ တော့ လမ်းဘေးက အပင်တွေထဲ ထိုးကျသွားလိုက်.. ရေအိုင်ထဲ ပစ်ကျသွားလိုက်..။ ကျမတကိုယ်လုံး ထူပူ နေတာပါပဲ။ တဖြည်းဖြည်းနဲ့ ကျမကို ကူတွဲတဲ့သူတွေနောက် ဒရွတ်တိုက်လိုက်ရင်း ကျမက အလယ်မှာ သားကြီးက ဟိုးနောက်မှာ..သူ့အဖေက ရှေ့ဖျားမှာ..။ ရေနည်းနည်း သောက်လိုက်။ လျှောက်လိုက်.. လဲလိုက်..။ တနေရာရောက်တော့ ခဏနားမယ်..တဲ့။ အဲဒီနေရာက စိုက်ခင်းထဲက လယ်တဲတတဲ။ လက်ကနာရီကို ကြည့်တော့ ၂နာရီ..။ အိုး ကျမတို့ လျှောက်ခဲ့တာ ၅နာရီခရီးတောင် ရှိပြီ။

“ကျမတို့လျှောက်ရမှာ ၄မိုင်ဆို..။ ခု မကတော့ဘူးထင်တယ်”လို့ ကျမ လမ်းပြခေါင်းဆောင်ကို ပြောတော့ သူက ဟုတ်တယ်.. တဲ့။ ဒီည ထိုင်းစစ်တပ်က ကင်းချတာ ကျပ်လို့ ကျမတို့ကို လာကြိုမယ့်ကားက ချိန်းတဲ့ နေရာထိ ရောက်အောင် လာလို့ မရတာ.. တဲ့။ အင်းလေ.. ဖြစ်ရမှာပေါ့.. ကျမပဲလေ.. လို့ တွေးလိုက်မိသေး။ ဒါဖြင့် တော်တော် လျှောက်ရဦးမလား မေးတော့.. မပြောနိုင်သေးဘူး အမရေ.. တဲ့။ ဒီလိုနဲ့ ဆက်လျှောက်ရပြန်ပါတယ်။ တနေရာရောက်တော့ ကားလမ်းမကို ကန့်လန့် ဖြတ်ပြေးရတယ်။ ခါတိုင်းဆို ဒီနေရာမှာ ကားက လာစောင့်တာတဲ့။ ဒီနေ့ လာမရလို့တဲ့။ (ဟုတ် မဟုတ်တော့ သူတို့မှ သိမှာပဲ)။ အဲဒီနေရာမှာတော့ ဆိုင်းဘုတ်ကို ထိုင်းလိုရေးတာ တွေ့ပြီ။ ထိုင်းနယ်ထဲ ၀င်နေပြီထင်ပါရဲ့။ ဒီလိုနဲ့ ဆက်လျှောက် ဆက်လဲ.. လူတွေက ပိုမြန်မြန် လျှောက်နေရတယ်။ ကားက တ၀က်သာ လာမကြိုနိုင်ဘူးဆိုရင် မိုးမလင်းခင် သတ်မှတ်ထားတဲ့ နေရာကို ရောက်မှတဲ့။ မရောက်ရင် ပြဿနာတက်မှာတဲ့။ ပို မြန်မြန်လျှောက်ရပြန်ပါတယ်။ အဖော်တွေခမျာတော့ ကျမ ကလေး တွေကို ကူချီရ.. ကျမကိုကူတွဲရပေါ့။ ဒီလိုနဲ့ ကျမနားတွေ အူလာပါတယ်။ လူက မူးလာပြီ။ ရုတ်တရက် ဘယ်ဘက်ရင်ပတ်ထဲက အောင့်လာပြီး ကျမ ပစ်လဲသွားပါတော့တယ်။ နားထဲမှာ အသံတွေ တိုးတိုး တိုးတိုးနဲ့ ကြားနေရတယ်..။ အမ.. အမ.. သတိထားနော်.. အသက် ၀၀ ရှူ.. အမေကြီး သတိထားပါကွာ.. အားတင်းပါ.. ကလေးတွေ သနားပါတယ်နော်.. တဲ့။ ရာကျော့်အသံ..။ မေမေ.. မေမေ.. သတိထားပါ မေမေရာ.. တဲ့ .. ငိုသံကြီးနဲ့ သားကြီးအသံ..။ ကျမ အသက်ရှူကျပ်လာတယ်။ ငါ သေလို့ မရဘူး။ အကုန် ဒုက္ခရောက်ကုန်မှာ…။ ကိုယ့်ကိုကိုယ် သတိပေးနေတဲ့ ကြားကပဲ ကျမ မိုက်ကနဲ ဖြစ်သွားတယ်။ အဲဒီအချိန်လေးမှာပဲ... အိပ်ပျော်သွားသလို အနားရ သွားသလို..။ ကျမ ဘာမှ မသိတော့ပါ။


မြသီလာအလွမ်းပြေ (၄၀)

Muang Police Station... ကျမတို့ ဆိုင်ကယ်နဲ့ မကြာခဏဖြတ်စီးသွားနေကျ ကျုံးထဲက ရဲစခန်းပေါ့။ အချုပ်ကား ရပ်လို့ ဆင်းကြရတော့ ကျမတို့ လူအုပ် ၁၅ယောက်လောက်ရှိမယ်.. ကျမတို့ မိသားစုကပဲ ၅ယောက်..။ အဲဒီအချိန် သမီးနဲ့ သားငယ်လေးက ငြိမ်လို့။ သမီးက ၉နှစ်ပြည့်ကာနီးဆိုတော့ နားလည်တတ်နေပြီမို့ မျက်ရည် ၀ဲနေပြီ။ သားငယ်လေးကတော့ ကြောက်နေတယ်ထင်တယ်။ ကျမအတွက် အဲဒီအချိန်မှာ အရေးကြီးဆုံးက သားသမီး ၃ယောက်ရဲ့ ခံစားချက်ပါပဲ..။ ကျန်တာ ဘာမှအရေးမကြီးဘူး။ အဖြစ်အပျက်ထဲမှာ သူတို့ သိပ် မခြောက်ချားအောင်.. ပြီးတော့ ဒဏ်ရာအနာတရမကျန်ခဲ့အောင် ကျမ ကြိုးစားရမယ်။ သားကြီး စိတ်ဓာတ် မကျဖို့လည်း လိုတယ်။ ရဲတွေ ခေါ်သွားတဲ့ နောက်ကလိုက်နေရင်း သားကြီးကို ကျမပြောလိုက်တယ်..။ သား.. မေမေတို့ ကောင်းမယ်ထင်တာ လုပ်ခဲ့ပေမဲ့ ခုလို ကြုံရတယ်.. ဒါကို သား စိတ်မညစ်နဲ့.. အမေတို့ ကြိုးစားပြီး ဖြေရှင်းရမှာပဲ.. တခုပဲ.. သား အဆိုးဆုံးဖြစ်လာနိုင်တာတွေသာ စဉ်းစားပြီး ရင်ဆိုင်ဖို့ အားမွေးထားတော့..။ သားကြီးက ဘာမှပြန်မပြောဘူး။ မျက်ရည် လည်နေတယ်။ ကလေးတွေအဖေကတော့ တော်တော် စိတ်ထိခိုက်နေပါတယ်။ သမီးလေးကို ဖက်ထားတယ်။

ရဲစခန်းထဲမှာ ကျမတို့ကို ဒူးထောက်ထိုင်ခိုင်းပြီး တယ်လီဖုံးတွေ သိမ်းတယ်..။ ပြီးပြီ.. ကျမရဲ့ အဆက်အသွယ် မှန်သမျှ.. ပြတ်ပြီ။ ဒါပေမဲ့ ကျမ သူငယ်ချင်းတွေကို ကျမ စိတ်ချတယ်..။ ကျမတို့ ဘယ်မှာ ရှိတယ်ဆိုတာကို သူတို့ စုံစမ်းနိုင်မှာပဲ…။ ဂျိမ်းကနဲဆို တံခါးတပေါက် ပွင့်သွားပြီး ကျမတို့အားလုံး ၀င်လိုက်ရတယ်။ ဘုရား… ဘေးဘယ်ညာမှာ သံတိုင်တပ် အချုပ်ခန်းကလေးတွေ ရှိနေတဲ့ လှောင်အိုက်အိုက် အခန်းရှည်ကြီး.. အချုပ်ပေမဲ့ အပြင်ကို မမြင်ရအောင် တံခါးတွေ ၃ထပ်ထားတာမို့ ထောင်နဲ့ တူနေပါတယ်။ ရုတ်တရက် ကျမ စိတ်ထဲ ပိတ်ရိုက်ခံလိုက်ရသလိုပါပဲ..။ မှောင်အိုက်နေတဲ့ ပိတ်လှောင်မှု..။ ခပ်အဲ့အဲ့ အနံ့.. ပြီးတော့ လူတွေအများကြီးးး.. ယောက်ျားတွေရော မိန်းမတွေရော.. ကလေးတွေရော..။ သမီးက ကျမလက်ကို တင်းကနဲဆုပ်တယ်။ သားငယ်လေးက ပေါင်ကို လှမ်းဖက်တယ်..။ ရဲက ပြောတယ်.. ယောက်ျား မိန်းမ ခွဲနေပါ..တဲ့။ ရာကျော်က သားငယ် လေးကို ခေါ်သွားမယ်တဲ့။ သမီးနဲ့ ကျမ နေ... တဲ့။ မဖြစ်ဘူးထင်တယ်… သားက အမေမရှိရင် ပို ၀မ်းနည်းမယ်.. ဆိုတော့ ရာကျော်က အမေ ပင်ပန်းမယ်တဲ့…။ သားကြီးကလည်း ညီလေးကို သားတို့ ခေါ် သွားမယ်တဲ့။ ရဲကလည်း မောင်းသွင်းနေပြီ။

ကျမ သားငယ်လေးကို သားက ဖေဖေတို့ ကိုကြီးတို့နဲ့ လိုက်သွားနော်.. မေမေက မမကြီးနဲ့ သွားရမယ်လို့ ငုံ့ပြောလိုက်တော့ သားက ငိုမဲ့မဲ့လေးနဲ့ ခေါင်းညိတ်တယ်။ သားအဖ ၃ယောက်က ယောက်ျားခန်းထဲ ၀င်သွား တယ်။ ကျမနဲ့ သမီးက မိန်းမခန်း..။ တော်သေးတာက အခန်း၂ခန်းက ခလယ်စကြံင်္လမ်းခြားထားတဲ့ မျက်နှားချင် ဆိုင် ဓားလွယ်ခုတ်မှာ ရှိနေတာပါ။ မိန်းမဆောင်တဲ့..။ ပေ၂၀ ပတ်လည် အခန်းကျယ်..။ သစ်သားကြမ်းခင်းနဲ့..။ အဲဒီထဲမှာ မိန်းမတွေအပြည့်.. ပြီးတော့ ကလေး ငယ်လေး ၃ယောက်လည်း ရှိသေးတယ်။ ညအိပ်တော့မှ ရေကြည့်တော့ ၃၃ယောက်။ အကုန် မြန်မာနိုင်ငံကချည်းပေါ့..။ ကျမတို့သားအမိ ၀င်သွားတော့ နံရံနားက မိန်းကလေး တစုက လှမ်းခေါ်တယ်…။ အန်တီ ဒီကိုလာတဲ့..။ ကလေးမလေးတွေက ရုပ်ရည်သန့်သန့် လေးတွေ..။ ကျမတို့ သားအမိကို နေရာလေး လုပ်ပေးတယ်။ တယောက်နဲ့ တယောက် ခေါင်းချင်းဆိုင် အိပ်ကြရမှာတဲ့..။

အဲဒီ နေရာလေးမှာ ထိုင်ချလိုက်တော့မှ သမီးလေးက ကျမပေါင်ပေါ် မှောက်ချလိုက်ပြီး ငိုပါတော့တယ်။ သမီးငိုမှပဲ ကျမလည်း မျက်ရည်ကျတယ်။ အဲဒီအချိန်လေးမှာပဲ ကျမတို့ကို နေရာခေါ်ပေးတဲ့ ကလေးတွေလည်း ငိုကြပါတယ်။ သမီးလေးကတော့ တကယ့်ကို ၀မ်းပမ်းတနည်း ရှိုက်ရှိုက်ပြီးငိုပါတယ်။ သမီးတို့ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ..တဲ့။ မေမေတို့ကို စစ်ဆေးစရာရှိလို့ ခဏခေါ်တာပါ သမီးရယ်လို့ ဖြေတော့.. မေမေရယ်.. သူတို့ ပေးမလွှတ် လည်း အမေရိကား မသွားပါနဲ့တော့.. သမီး ထိုင်းမှာပဲ ပျော်တယ်.. မသွားလည်း ရတယ် လေ.. တဲ့။ ကျမကတော့ အေးပါ သမီးရယ်.. မေမေ သူတို့နဲ့ သေချာပြောပါဦးမယ်လို့ ပြောရတာပေါ့…။ အဲဒီညက ကြမ်းပြင်ပေါ်မှာ ကျမရဲ့ ပခုံးသိုင်းအိတ်ကို ခေါင်းအုံးလုပ်ပြီး သမီးကို သိပ် ရပါတယ်။ နောက်မှ ကျမတို့ကို နေရာပေးတဲ့ ကလေးတွေနဲ့ စကားပြောမှ.. သူတို့လေးတွေက ဘွဲ့ရပြီးသားလေးတွေ.. တချို့ အဝေးသင် တက်နေတုန်း.. အချိန်ရတဲ့ အခိုက်မှာ ထိုင်းမှာ အလုပ်လာလုပ်တာလို့ သိရပါတယ်။ နောက် ဘာသာစကား သင်တန်းတခု လာတက်ကြတာ..။ ဒါကြောင့်ပဲ အားလုံးက ရုပ်ရည်သန့်သန့်လေးတွေ..။ သူတို့အနားမှာ လည်း အင်္ဂလိပ်စာအုပ်တွေနဲ့။ မွန်ပြည်နယ်က.. ထားဝယ်က.. ဘားအံက.. မုဒုံက.. လွိုင်ကော်က… ပဲခူးက.. တောင်ကြီးက.. ကျိုင်းတုံ တာချီလိတ်က… အိုးး အစုံပါပဲ..။ ကျမမေးကာမှ ကလေးတွေခမျာ ၀မ်းနည်းပြီး ငိုကြပါတယ်။ သူတို့လည်း လက်မှတ်မရှိလို့ အဖမ်းခံရတာပဲပေါ့။ သူတို့ ရောက်နေတာ ၁ပတ်ရှိပြီတဲ့။ ဘယ်တော့ ထွက်ရမှာလဲဆိုတော့.. မသိဘူးတဲ့..။ သူတို့ကို မဲဆောက်မှာ သွားသွန်မှာတဲ့။

တချို့ကတော့ ထိုင်းမှာ နယ်မြေအလိုက် နေခွင့်ရှိတဲ့ တောင်ပေါ်သား အထောက်အထား လက်မှတ်ရှိလျက်နဲ့ သွားခွင့်ရှိတဲ့ ဧရိယာကျော်လို့ အဖမ်းခံရတာပါ။ ကျမမေးကြည့်တော့ ဒီအချုပ်ထဲ ရောက်ပြီဆိုရင်တော့ ပြန်လွတ်ဖို့ မရှိတော့ဘူး..တဲ့။ မြန်မာပြည်နဲ့ ထိုင်းနယ်စပ် တခုခုမှာ သွားပစ်မှာ..တဲ့။ တချို့ကတော့ ဘလိုမှမနေပါဘူး။ အမရယ်.. သူတို့ သွားပစ်လည်း ကျမတို့ ပြန်လာတာပဲ..ဒါနဲ့ပဲ နေလာတာ နှစ် ၂၀ရှိပြီ.. ၁၀နှစ်ရှိပြီ.. တဲ့။ ကလေးတွေကတော့ ဆော့လို့..။ သူတို့ရောက်နေတာ ၂ပတ်ကျော်ပြီတဲ့။ တချို့တော့ သူတို့ကို သွားပစ်မယ့် နေရာက ဝေးလို့ ကားမှာ လူမပြည့်လို့ စောင့်နေရတာ.. တလကျော်ပြီတဲ့..။ ကျမတို့ကို ဘယ်မှာ ပစ်မှာလဲ..တဲ့။ ကျမ မသိပါ..။ သူတို့က ပြောမှ ဒီကနေ ပိုက်ဆံပေးပြီး ဖုန်း ခေါ်လို့ရတယ်လို့ သိရတော့ စိတ်နည်းနည်း အေးသွားပါတယ်။ အချုပ်က လူများပေမဲ့ အိမ်သာရေချိုးခန်းကတော့ သန့်ပါတယ်။ သောက်ရေကိုတော့ ၀ယ်သောက်ရပါတယ်။ ပြီးတော့ စခန်းမှူးမိန်းမက အချုပ်ထဲမှာ စားစရာ လာရောင်းတယ်တဲ့။ အချုပ်က ထမင်း ဟင်း ပေးတယ်တဲ့။ အဲဒီညက ရာသီဥတုက ပူတော့ သစ်သားခင်းမှာ အိပ်ရတာတောင် ကျောနေရာက ပူနေပါတယ်။ တညလုံး မီးထိန်နေတဲ့ အောက်.. လူတွေအများကြီးနဲ့ ဒလိန်းထိုးအိပ်ဖူးတာ ပထမဆုံးပါပဲ..။ ကျမ အိပ်မပျော်ခဲ့ပါ…။

+++++

မနက်၈နာရီ အချုပ်ခန်းရဲ့ အလယ်တံခါး ဖွင့်မှ သားလေးကို တွေ့ရပါတယ်။ သားလေးက ကျမကို ပြေးဖက်ပြီး မေမေနဲ့ပဲ နေမယ်တဲ့..။ အဲဒီအချိန်က မနက်စာ ဝေချိန်ဖြစ်ပြီး စခန်းမှူး မိန်းမ ဈေးလာရောင်းတဲ့ အချိန်လည်း ဖြစ်ပါတယ်။ သူ့ဆီမှာ ကောက်ညင်းပေါင်း ကြက်ကြော်.. ငါးကြော်.. ကြက်ဥပြုတ်.. မုန့်တွေနဲ့ အအေးတွေ..နို့ဗူးတွေ ၀ယ်လို့ ရတာမို့ ကျမ ကလေးတွေအတွက် စိတ်ချမ်းသာရပါတယ်။ ပြီးတော့မှ ကျမရဲ့ အရင်းဆုံးသူငယ်ချင်း ၄ယောက်ဆီ ဖုန်းခေါ်ဖို့ ကြိုးစားရပါတော့တယ်။ ကံကောင်းချင်တော့ အားလုံးကို ခေါ်လို့ရတာမို့ ကျမတို့ ဘယ်မှာ ရှိနေတယ်.. ဘယ်လို လာတွေ့လို့ရတယ်ဆိုတာတွေ.. အကုန် ပြောလို့ ရသွားပါတယ်။ မနက် ၈နာရီခွဲမှာ ဧည့်သည်တွေ့ချိန် တချိန်ရှိပါတယ်။ နေ့လယ် ၁၂နာရီက ထမင်း ပို့ချိန်…။ မိဆူးပွင့်တို့ လာမယ်တဲ့..။ ညနေ ၄နာရီမှာလည်း ဧည့်တွေ့ချိန် တချိန်…။

နေ့လယ် ၁၂နာရီ ထမင်းပို့ချိန်မှာတော့ သူငယ်ချင်းတွေ ရောက်လာပါပြီ။ အ၀တ်အစားပိုတွေ.. မုန့်တွေ.. အအေးတွေ.. နွားနို့တွေ.. ဆေးတချို့.. ပြီးတော့ ဖျာ.. စောင်ပါးလေးတွေ..။ ထမင်းတွေ ဟင်းတွေ…။ နောက်.. ကျမတို့ ကိစ္စ သူတို့ ညှိနေကြပါတယ်.. ရမှာပါ..တဲ့။ ခုတော့ စနေတနင်္ဂနွေပိတ်ရက် ခံသွားလို့ နေလိုက်ပါဦး.. တနင်္လာနေ့တော့ ထွက်ရမှာ.. တဲ့။ လေယာဉ်လက်မှတ် ရက်ရွှေ့တာတွေ ဘာတွေ သူတို့ လုပ်ပြီးပြီတဲ့။ ကျမတို့နဲ့ ပါလာတဲ့ စာရွက်စာတမ်းတွေကို သူငယ်ချင်းတွေဆီ ပေးရပါတယ်။ နောက် ကျမတို့မိသားစုနဲ့ ခင်တဲ့ မြန်မာထမင်းဆိုင်ဖွင့်ထားတဲ့ စုံတွဲက ပုံမှန် ထမင်းပို့မှာ..တဲ့။ အဲဒီစုံတွဲကဆိုရင် ကလေးတွေ ပန်းချီရေးဖို့ ပစ္စည်းပစ္စယတွေရော.. ဖတ်စရာစာအုပ်တွေရော.. လာပေးတာပါ..။ ကျမကတော့ စိတ်ညစ်တဲ့ကြားကပဲ ကိုယ့်နိုင်ငံကလူတွေ တိုင်းတပါးက အချုပ်ထောင်ထဲမှာ တပုံတပင် တွေ့ရတာကို စိတ်မကောင်းတွေဖြစ်ပြီး သူတို့တွေနဲ့ စကားလိုက်ပြောနေမိပါတယ်။ တချို့ ကရင်လူမျိုးတွေ မြန်မာစကား ကောင်းကောင်း မတတ်။ တချို့ ရှမ်းလူမျိုးတွေ မြန်မာစကား လုံးလုံး မတတ်.. နားလည်း မလည်။

ကရင်မလေးတယောက်က နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့..။ ဗိုက်က တော်တော် အောက်စိုက်နေပြီ။ ဒုတိယ ကိုယ်ဝန်..တဲ့။ ရဲတွေကို ပြန်ပါရစေပြောတာလည်း မရဘူးတဲ့။ သူကလည်း မြန်မာစကားမတတ်..။ ကျမမှာ သူမွေးသွားမှာ စိုးလို့ တထိတ်ထိတ်..။ နောက် ကလေး နှစ်နှစ်သား သုံးနှစ်သားလေးတွေနဲ့ မိသားတစု။ ရွေးဖို့ ပိုက်ဆံလည်း မရှိဘူးတဲ့.. ပို့ချင်တဲ့ နေရာသာ ပို့ပါစေတော့.. တောလမ်းကနေ လမ်းလျှောက်ပြီး ပြန်ဝင်လာမှာတဲ့။ နယ်စပ်နားက တောင်ယာတွေမှာ အလုပ်လုပ်နေတာ..တဲ့။ ချင်းမိုင်ခဏ တက်လာတုန်း အဖမ်းခံရတာတဲ့။ သူတို့ကို ကျမက သနားနေမိတဲ့အချိန်.. သူတို့က ကျမတို့ကို ပြန်သနားနေတာ..။ တယောက်က ပြောတယ်.. “ကျမတို့က တသက်လုံး ဒီလို နေစားလာတာ.. ခု အချုပ်ထဲ နားရတယ်တောင် မှတ်သေး.. အမတို့ပဲ သနားတာ.. ကြည့်ရတာ နုနုနယ်နယ်.. အလုပ်ကြမ်း လုပ်ဖူးမှာလည်း မဟုတ်ပါဘူး..ဒုက္ခ”.. တဲ့လေ။ ကျမမှာ သူပြောကာမှ ပိုဝမ်းနည်းသွားပြီး မျက်ရည်ခိုးကျမိသေးတယ်။ ဒီလိုနဲ့ အချုပ်ထဲမှာ သောကြာ စနေ တနင်္ဂနွေ ကုန်သွား…။ သူငယ်ချင်းတွေက ဧည့်ချိန်တွေမှာ တလှည့်စီလာတွေ့..။ တနင်္လာနေ့တော့ ပိုက်ဆံပေးပြီး ထုတ်မှာတဲ့..။ အဆင်သင့်သာပြင်ထား.. တဲ့။

တနင်္လာနေ့က စက်တင်ဘာ ၂၂ရက်နေ့ပါ။ အဲဒီနေ့မှာ ကျမ တိတ်တိတ်လေး စိတ် လှုပ်ရှားနေမိပါတယ်။ ဘယ်သူကိုမှ ထုတ်မပြောဘဲနဲ့ပေါ့..။ ဘာလို့ဆို အဲဒီနေ့က သမီးလေးအသက် ၉နှစ်ပြည့်တဲ့ မွေးနေ့လေ…။ ကျမက သားသမီးတွေကို မွေးကတည်းက မွေးနေ့တွေမှာ တခုခု လုပ်ပေးနေကျမို့ အဲဒီ သမီးလေးမွေးနေ့မှာ အပြင်ထွက်ရရင် ညနေတခုခု လုပ်ပေးမယ်လို့ စဉ်းစားနေမိပါတယ်။ ဒါပေမဲ့ သေချာပေါက်မသိတာမို့ ကြို မပြောရဲဘူးလေ..။ ဒီတော့ သမီး မသိအောင် မေ့ချင်ယောင်ဆောင်နေလိုက်တယ်။ အချုပ်ထဲမှာ အချိန်နာရီတွေ ရက်တွေ မေ့နေတာမို့ သမီးလည်း မေ့နေမှာလို့ ထားလိုက်ရတယ်။ ၂၂ရက်နေ့… နေ့လယ် ၁၁နာရီ။ မဲဆောက်ဘက်ပြန်မယ့် တအုပ်စုကို ပြန်ပို့မယ့်ကား ရောက်လာပါပြီ။ တယောက်စီ.. ခေါ်ထုတ်.. လူကုန်.. တံခါးတွေ ပြန်ပိတ်.. သော့ချိတ်.. ကျမတို့နဲ့ ရင်းနှီးသွားပြီဖြစ်တဲ့ ပညာတတ်ကလေးတွေအဖွဲ့ ပါသွားပြီ။ ကျမတို့ မပါသေးပါဘူး။ နေ့လယ် ၁၂နာရီ… ထမင်းပို့ချိန်..။ သားကြီးမျက်နှာမှာ မျှော်လင့်နေတာကို တွေ့တယ်။ ကျမ မသိချင်ယောင်ဆောင်ရတယ်။ သူငယ်ချင်းတွေ ရောက်လာတယ်။ သူတို့မျက်နှာတွေ့ကတည်းက ကျမ သိလိုက်ပြီ..။ အခြေအနေမဟန်…။ ဘယ်လိုမှ လိုက်မရပါ……… တဲ့။

၂၂ရက်ည..။ မိန်းမဆောင်ထဲ တော်တော်လေး လူရှင်းသွားတယ်။ နည်းနည်းတောင် တိတ်ဆိတ်သွားသလိုပဲ။ ဟိုကလေးတွေ ရှိတုန်းက ဘာပဲဖြစ်ဖြစ် လူငယ်တွေပီပီ စကားပြောသံတွေ.. သီချင်းညည်းသံတွေ.. တိတ်တိတ်ကျိတ်ငိုသံတွေ ကြားရသေးတယ်။ သမီးလေးက သိသိသာသာ ငြိမ်နေတယ်။ သမီးက အဲဒီ မမတွေနဲ့ အဖွဲ့ကျသွားတာဆိုတော့.. ခု မမတွေ မရှိတာ သိသာနေမှာပေါ့။ ညကျတော့ သားနဲ့ သမီးကို အိပ်ခိုင်းပြီး ပုံပြောပြဖို့ ကျမဟန်ပြင်နေတုန်းမှာပဲ သမီးက အိကနဲ ရှိုက်ငိုလိုက်တယ်။ ကျမက သမီး မငိုရဘူးလေ.. မေမေပုံပြောပြမယ်ဆိုတော့မှ.. ဒီနေ့ သမီးမွေးနေ့.. သမီးက ထောင်ထဲမှာ.. သမီး သူငယ်ချင်း တွေကတော့ သမီး အမေရိကားရောက်သွားပြီလို့ ထင်နေမှာ.. သမီးကတော့ ထောင်ထဲမှာ.. ထိုင်းတွေက ဘာလို့ ဗမာတွေကို ဖမ်းချင်တာလဲ မေမေရယ်.. တဲ့။ ကျမတောက်လျှောက် ဟန်လုပ်မာန်တင်းပြီးနေခဲ့သမျှ အဲဒီအချိန်လေးမှာတော့ မရတော့ပါဘူး။ ကျမလည်း ငိုမိပါတယ်။ သမီးရယ်.. အပြင်ရောက်ရင် မေမေ သမီးမွေးနေ့ လုပ်ပေးပါ့မယ်..ဆိုတော့ သမီးက ဘယ်တော့လဲ.. မေမေ သေချာသိလား..တဲ့။ အဲဒီအချိန်လေးမှာပဲ သားလေးကို လှည့်ကြည့်လိုက်တော့ ခံစားချက်ကို နားမလည်တတ်သေးဘူးလို့ ကျမထင်ထားတဲ့ သားကလေး ၅နှစ်သား ကလည်း ငိုလို့။ အဲဒီညမှာ ပထမဆုံးအကြိမ်အဖြစ်.. ကျမ မှားသွားပြီလားလို့ တွေးမိခဲ့တာပါပဲ…။

+++++

တကယ်တော့ စဉ်းစားကြည့်လိုက်ရင် ကျမတို့လို.. ပြီးတော့ ကျမတို့ထက် ကံဆိုးကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ တပုံတပင်ပါ..။ မှတ်မှတ်ရရ.. ၂၀၀၈ရဲ့ မေလ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ကံဆိုးမိုးမှောင်ကျသလို နာဂစ်မုန်တိုင်းဝင်ခဲ့တယ်။ ခုထိ တနှစ်ပြည့်ပီ.. ဘေးသင့်ခဲ့ကြရသူ တွေခမျာ… နေစရာ စားစရာ အိပ်စရာ စိတ် ပြေပျောက်စရာ ဘာတခုမှ လုံးဝ လုံးဝ မရကြ သေး..။ လူဖြစ်ရုံ မည်ကာမတ္တ..။ နောက် ခု ကျမနဲ့ အချုပ်ခန်းထဲ အတူတူ ရှိနေတဲ့ သူတွေရော..။ သူများတိုင်းပြည်မှာ ချွေးပေါက်ပေါက်ကျအောင်လည်း လုပ်ရသေး.. ခိုးကြောင် ခိုးဝှက်လည်း နေရသေး.. အဖမ်းလည်း ခံရသေး..။ ရိုးရိုးသားသား လုပ်ကိုင်စားလို့တောင် ကောင်းကောင်းမွန်မွန် နေမရတဲ့ ဘ၀တွေ။ ဒီလိုပဲ အချုပ်ထဲ မရောက်ပေမဲ့ ထိုင်းမှာ နေခွင့်ရဖို့နဲ့ ရပ်တည်နိုင်ဖို့အရေး အမြဲ ကြောင့်ကြနေရတဲ့ ဘ၀တွေ…။ သူ့အဆင့်နဲ့သူ သူ့အနေအထားနဲ့သူ.. ကံဆိုး နေကြရတာ..။ တကယ် တွေးကြည့်ရင် ကျမ ဘ၀တလျှောက် ကြုံခဲ့ရတယ်ဆိုတဲ့ ဒုက္ခတွေက သူတို့နဲ့ ယှဉ်လိုက်တော့ တကယ့်ကို ပမွှား။ သူတို့ခမျာကတော့ ဘ၀ဆိုတာကိုက ရုန်းကန်ပင်ပန်းဖို့ အလုပ်လုပ်ဖို့ မွေးလာ ရတာတဲ့ လေ..။

+++++

အဲလိုနဲ့ နောက်ထပ်တပတ်ကိုလည်း ကျမတို့ မိသားစု တုန်တုန်လှုပ်လှုပ် ခြောက်ခြောက် ခြားခြားနဲ့ ဖြတ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သတင်းတွေ ကြားနေရတာက မသက်သာလို့ပါ..။ ရှေ့ကထွက်သွားတဲ့ အုပ်စုတွေကို မြန်မာပြည်ထဲက စစ်တပ်ထိ ရောက်အောင် ပို့တယ်ဆိုတာတွေ.. ကြားနေရတာလေ…။ သားကြီးနဲ့ သူ့အဖေကို ကျမ ပြောလိုက်ပါတယ်။ အဆိုးဆုံးကိုသာ တွေးထားကြတော့..။ ဘာမှမတတ်နိုင်တော့ဘူး.. လို့။ အဲဒီရက်တွေထဲမှာပဲ ကျမ မေ့မေ့ပျောက်ပျောက်ရှိနေတဲ့ ရင်ဘတ်ဘယ်ဘက်ခြမ်းက အောင့်တဲ့ ဝေဒနာ ပြန်ပေါ် လာပါတယ်။ ကျမ ဘယ်သူ့ကိုမှ မပြောတော့ဘဲ နေကောင်းအောင်ပဲ ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ နောက်ထပ် တနင်္လာတနေ့ ရောက်လာပြန်ပါပြီ။ ကျမတို့ရဲ့ ၁၁ရက်မြောက်နေ့ပေါ့။ စက်တင်ဘာ ၂၉ရက်နေ့။

+++++

အချုပ်ထဲမှာ တနင်္လာနေ့ဆို နေ့လယ် ၁၁နာရီကို အားလုံးမျှော်ကြတယ်.. တဲ့။ မနက်ကတည်းက အားလုံးလိုလို လည်တွေ တဆန့်ဆန့်..။ ဒါပေမဲ့ နေ့လယ် ၁၂နာရီ ဧည့်ချိန်သာ ရောက်ရော..ဘာကားမှ မလာသေးပါဘူး။ တချို့ ဒီတပတ် ပြန်မပို့ပြန်ဘူး ထင်တယ်တဲ့..။ ကျမကို ထမင်းလာပို့တဲ့ မိတ်ဆွေစုံတွဲကတော့ ဒီနေ့ ပို့မယ်ပြောတယ်တဲ့။ ကျမကတော့ ခပ်ယဲ့ယဲ့ပဲ ပြုံးပြလိုက်ပါတယ်။ ဒါပေမဲ့ တကယ်ပဲ နေ့လယ် ၁၂နာရီခွဲမှာတော့ အချုပ်ခန်းတံခါးမကြီးဖွင့်သံ.. ထိုင်းသံ ဆူညံညံတွေ…။ ကျမတို့ အခန်းတံခါးတွေကိုလည်း လာဖွင့်ပါပြီ။ ကျမ ငုတ်တုတ်ထိုင်နေမိပါတယ်။ ကျမ ထပ်မမျှော်လင့်ချင်တော့ဘူး.. ပါကာမှပါရော..။ သမီးကတော့ ထိုင်းလို နားလည်တာမို့ အပေါက်ဝလေးပြေးသွားပြီး နားထောင်ရှာတယ်။ ခဏကြာတော့ ပြန်ပြေးလာပြီး မေမေ.. သမီးတို့ ပါပြီထင်တယ်.. မယ်ဆိုင်အုပ်စု..လို့ ပြောတယ်တဲ့။ ကျမက သမီးကို ပေါ့ပေါ့ပါးပါးပုံလုပ်ပြီး ပါရင်ခေါ်မှာပေါ့ သမီးရယ်.. လို့ ပြောရပါတယ်။

တကယ်ပဲ ခဏကြာတော့ ထိုင်းသံ မပီကလာနဲ့ ကျမတို့ကို ခေါ်ပါတယ်။ ခေါ်ပုံက ကြည့်ဦး.. အမေရိကန် ဟခွန်း .. အမေရိကန်ဟခွန်း.. တဲ့လေ။ အမေရိကန်၅ယောက်ပေါ့..။ ကျမမှာ မရယ်နိုင်ပါဘူး.. ကမန်းကတမ်းထ.. ထွက်ရပါတယ်။ လူစစ်.. လက်မှတ်ထိုး..။ အားလုံး ၃၅ယောက်။ ပြီးတော့ သူတို့ပဲ ဖမ်းလာပြီး ပြန်ပို့ခဆိုပြီး တယောက် ဘတ်၁၀၀လည်း ကောက်သေး။ ကျမတို့ မိသားစုက အထူးအမှုတွဲ.. Special Case..။ သးတယ်။ အားလုံးပြီးတော့ နေ့လယ် ၁နာရီခွဲလုလု..။ ဂျိုင်းကနဲ အချုပ်တံခါးမကြီး ဖွင့်။ နေရောင်က စူးလိုက်တာ…။ ဒါပေမဲ့ အဲဒီအလင်းကို မြင်ရတာ စိတ်ချမ်းသာစရာ ကောင်းလိုက်ပါဘိ။ ကျမတို့ ဖုန်းတွေ ပြန်ပေးတယ်..။ အ၀င်ထွက်ပေါက်မှာ ကျမတို့ကို စောင့်နေတဲ့ မိတ်ဆွေ စုံတွဲ..။ အမ စိတ်မပူနဲ့ .. ကျမတို့ ကားနဲ့ လိုက်ခဲ့မယ်။ အမတို့ကို ပို့တဲ့အချိန် ချက်ချင်း ပြန်ရွေးဖို့ စီစဉ်ပြီးပြီတဲ့..။

အချုပ်ကားက တအိအိ ထွက်ပြီ။ ကျမ ဖုန်းတွေ ခေါ်..။ သူငယ်ချင်းတွေက ပြောတယ်။ ကျမတို့နဲ့ ပတ်သက်ပြီး တကယ်တာဝန်ရှိတဲ့ တယောက် (အစစ သူ အာမခံပြီး လုပ်ရာကနေ.. ကျမတို့ ဒီအခြေအနေထိ ဖြစ်သွားရတာ)က အစစစီစဉ်ပြီးပြီ.. တဲ့။ ကျမတို့ကို မြောက်ပိုင်း နယ်စပ်မှာ သွန်မှာ..တဲ့။ အဲဒီမှာ သူစောင့်နေမှာ.. တဲ့။ အင်းးးး ကျမ ယုံပါတယ်။ ကျမချစ်တဲ့ ဇင်းမယ်ကတောင် ကျမကို စိမ်းစိမ်းကြည့်နေသလိုပါပဲ..။ ဇင်းမယ်မြို့ပြင်က ကျမငေးနေ ချစ်နေကျ တောအုပ်ဆန်ဆန် မြင်ကွင်းအေးအေးတွေကိုတော့ တ၀ကြည့်နေမိတာပါပဲ..။ ဇင်းမယ်က ထွက်လာတာ ၅နာရီစာ ခရီးရှိပြီ။ ညနေ ၆နာရီထိုးလု..။ နောက်မှာ သူငယ်ချင်းစုံတွဲရဲ့ ဆလွန်းကားလေးက မျက်ခြည်မပြတ်..။ ကျမစိတ်ထဲ အားရှိလိုက်တာ…။ ဟော.. ရောက်ပြီတဲ့..။ ထိုင်းနယ်ခြားတပ်…။ ဆင်းဆင်း.. အားလုံးငုတ်တုတ်ထိုင်…။ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်..။ တရားခံတွေပေါ့..။ နောက်တခါ ပြန်ဝင်လာလို့ မိရင် ပြစ်မှုကြီးမှာတဲ့။ အင်းးး ကျမကတော့ ဟို အာမခံထားတဲ့လူကို ရှာနေမိတုန်း..။ ဖုန်းလည်း ခေါ်မရ..။ သူငယ်ချင်း စုံတွဲကလည်း မျက်နှာပျက်နေပြီ။ ဘုမသိဘမသိ သူတို့ ၀င်ပြောရင် အမျိုးသားက ပြင်သစ်လူမျိုးမို့ သူတို့မှာ လုကုန်ကူးမှုနဲ့ ငြိဦးမယ်။

ကဲကဲ.. ကားပေါ်ပြန်တက်..။ ကျမတို့ မိသားစုတွေ မျက်နှာ ဆီးရွက်လောက်ပဲ ရှိတော့..။ ဒီတခါတော့ ကလေးတွေ အဖေပါ မျက်နှာပျက်ပြီ။ ဟုတ်တယ်လေ.. တကယ်ဆို ကျမတို့ သိထားတာက နယ်ခြားမျဉ်းမှာ ကျမတို့ကို ထားခဲ့ရတော့မှာ…။ ကျမတို့ ကားပေါ်ပြန်ရောက်.. ကားက တကယ့်တောစစ်စစ်လမ်းထဲ တိုးဝင်.. သူငယ်ချင်း စုံတွဲလည်း ကျန်ခဲ့ပြီ..။ လူတရပ်လောက်မြင့်တဲ့ ဘေးဘယ်ညာ ပြောင်းခင်းတွေကြားက လမ်းထဲ အချုပ်ကားက ဒယိမ်းဒယိုင်။ တကယ်တော့ ကျမလည်း တကယ့်ကို ဒယိမ်းဒယိုင်ဖြစ်နေပါပြီ။ ကားပေါ်မှာ ပါလာတဲ့ သူတွေက ပြောတယ်.. ဒီပြောင်းခင်းက နယ်စပ်မျဉ်းပဲ..တဲ့။ ဟိုးဘက်မှာ.. မြန်မာစစ်တပ်ရှိတယ်တဲ့။ ကားရပ်လို့ ကားပေါ်က အဆင်းမှာတော့ ကျမတို့မိသားစု.. သားရဲတွင်းဆီ လာနေရပြီလို့ ကျမ သိနေခဲ့ ပါပြီ။

+++++

**ကျမစိတ်ထဲ အပိုင်း (၄၀)မှာတော့ ပြီးလောက်ပြီထင်တာ.. တကယ်လည်းရေးရော.. မပြီးနိုင်ပြန်..။ ပြီးပြီးရောလည်း မရေးချင်... တကယ်တော့ နောက်ထပ် နည်းနည်းလေးပဲ လိုတော့တာပါ.. :)

မြသီလာအလွမ်းပြေ (၃၉)

ဒီဘက်ပိုင်းမှာ နေရတဲ့အခိုက် ကျမရဲ့ ပြဿနာတခုကတော့ နားလည်မှုကိစ္စပါပဲ..။ ကျမက ပြည်တွင်းကနေ ဆရာမဘ၀နဲ့ ပူပူနွေးနွေးထွက်လာချိန်လည်းဖြစ်.. ကျမက မောင်နှမ တွေထဲမှာလည်း အကြီးဆုံး.. ဆွေမျိုးထဲက ၀မ်းကွဲတွေထဲမှာလည်း အကြီးဆုံးမို့ ကျမဆီမှာ အကြီးစိတ် တော်တော်များပါတယ်။ နောက်တခုက ကျမက လူကြီး လူငယ်အားလုံးကို သူတို့ဆီမှာ ရှိတဲ့ အရည်အချင်းအလိုက် အင်မတန် လေးစားတတ်တယ်..။ အဲဒီအခါ ဘယ်သူ့ကိုမဆို မခန့်လေးစားဆက်ဆံတတ်တဲ့သူမျိုးဆို ကျမက မကြိုက်တော့ဘူး။ ကျမ သူငယ်ချင်း တယောက် ကလည်း အဲဒီကိစ္စ ကျမကို ဝေဖန်ဖူးတယ်..။ လူတိုင်းရဲ့ အလေးစား ခံချင်လို့တော့ မရဘူးတဲ့..။ ကျမက ပြန်ပြောတယ်.. ကျမပြောနေတဲ့ Respect ဆိုတာက အပြန်အလှန်လေးစားမှုကိစ္စလို့..။ တကယ်ပါ.. လူတိုင်းမှာ ကျမတို့ မသိနိုင်တဲ့ အရည်အချင်း အနည်းဆုံး တခုတော့ ရှိတယ်..။ အဲဒါကို ကျမ လေးစားတယ်..။

ပြီးတော့ ကျမက အထင်သေးစရာ ရှိတဲ့ လူဆိုရင်လည်း လုံးလုံးပဲ.. ခါးခါး သီးသီး..။ ကျမရဲ့ အကိုလိုဖြစ်နေတဲ့ မိတ်ဆွေတယောက်က ပြောဖူးတယ်.. ကျမက ချစ်လုံးလုံး မုန်းလျားလျား တဲ့..။ အဲဒါ ပတ်ဝန်းကျင်မှာ မကိုက်ဘူး တဲ့။ ဟုတ်မှာ..။

ဒါပေမဲ့ ကျမကတော့ သိပ်ရှင်းပါတယ်..။ လောကကြီးမှာ သူတပါးအပေါ် ကလိမ်ကညစ်ကျ.. ဒုက္ခပေးတဲ့ သူတွေ.. အထူးသဖြင့် ကိုယ့်အချင်းချင်းကို အလွဲသုံးစားလုပ်တဲ့သူတွေကို ကျမက ခါးသီးတာပါ..။ အဲဒီအခါ ကျမက မထင်ရင်မထင်သလိုတွေ ပြော..။ ဘယ်လို ဖြစ်သင့်တယ်.. ဘယ်ညာဖြစ်သင့်တယ်ပေါ့..။ ပြီးတော့ ကျမက အဲလို လူတွေကိုဆိုလည်း ဘယ်တော့မှ ဧည့်ထောက်ခံ စကားမပြောတော့..။ တကယ်တော့ ကျမက ကိုယ်တိုင်ကလည်း ဘာမှ မဟုတ်ပါဘဲနဲ့လေ…။ ဆိုတော့ တရက်လည်းကျရော.. Group mail တခုကနေ ကျမက စစ်အစိုးရက လွှတ်တဲ့ ထောက်လှမ်းရေးဖြစ်ကြောင်းနဲ့ ကျမကို သတ်ပစ်နိုင်တယ်ဆိုတဲ့ အကြောင်းတွေ စာဖြန့်ပါလေရော..။ ရေးထားတာလည်း စော်စော်ကားကား မိုက်မိုက် ရိုင်းရိုင်းတွေ..။ မှတ်မှတ်ရရ.. ၂၀၀၆ ဇွန်လထဲမှာ..။ ကျမဖြင့် ကျောင်းဆရာမ လုပ်လာတဲ့သူ ဆိုတော့ တကယ့်ကို အဲလို အစော်ကားခံရတာကို မခံစားနိုင်ဘူးဖြစ်သွားတယ်။ စိတ်ဆိုး တာထက် အံ့သြတုန်လှုပ်ပြီး ၀မ်းနည်းသွားမိတာ..။ (အဲဒီတုန်းက Blog လည်း မလုပ်ရ သေးတော့ Cbox ကနေ ပက်ပက်စက်စက်ဝင်ဆဲတာမျိုးကိုလည်း မကြုံဖူးသေးတော့ အရေမထူသေးဘူးလေ..  )

ဘာပဲဖြစ်ဖြစ်.. ဒီဘက်ဝန်းကျင်အသိုင်းအ၀ိုင်းဟာ ကျမရဲ့ အတွင်းစိတ်ထဲက အထင်ကြီး လေးစားထားတဲ့ အ၀န်းအ၀ိုင်းကိုး။ ပြီးတော့ စာထဲက အသွားအလာအရ.. နအဖရဲ့ ဆင်ကွက်လည်းမဟုတ်တာ သေချာ နေပြန်တယ်။ ပြောရရင် ကိုယ့်နားလေးကပဲ။ နောက်တော့ နည်းပညာကျွမ်းကျင်တဲ့ ကျမရဲ့ မောင်လေးတွေထဲက တယောက်က Trace လိုက်ပေးလို့ ဘယ်နေရာက ပို့တယ်..။ IP နံပါတ်နဲ့ အဲဒီ email ဖွင့်တဲ့ ရက်စွဲကအစ ရလိုက်ပါတယ်။ စိတ်ထဲ မှန်းကြည့်ရတာပေါ့လေ..။ နောက်တော့လည်း အဲလို လုပ်တာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာဖြစ်ပြီး ဘယ်သူဆိုတာလည်း လုပ်တဲ့သူရဲ့ partner က ဖော်လို့ပဲ သိလိုက်ရ ပါတယ်။ ဒီတော့လည်း ကျမက အော်.. ဒီလိုလားနဲ့ ပြီးလိုက်တာပါပဲ..။ တကယ်လည်း ကာယကံရှင်က ၀န်မခံရင် ဘာမှ ထူးတာ မဟုတ်ဘူးလေ..။

ဇင်းမယ်က ဘ၀မှာတော့ ကျမမှာက စိတ်ချမ်းသာစရာသာ ခပ်များများပါ..။ အဲဒီအချိန်တုန်းက ကျမ Radio Free Asia မှာ အပတ်စဉ် ပညာရေးကဏ္ဍ ရေးနေတဲ့အချိန်..။ ပညာရေးနဲ့ ပတ်သက်လို့ လိုတာမှန်သမျှ ကိုယ့်ကို အကူအညီတောင်းသမျှ စိတ်လက်ရှင်းရှင်းနဲ့ ကူနိုင်တဲ့အချိန်မို့ ကိုယ့်အလုပ် ကိုယ် လုပ်နေရတာ သိပ် စိတ်ချမ်းသာရပါတယ်။ စိတ် အနှောက်အယှက် အနည်းအကျဉ်းဖြစ်ရတာကတော့ ရှိတာပေါ့လေ..။ အဲဒါလေး လည်း ကြုံတုန်း ပြောပြချင်ပါတယ်။

ကျမက ကိုယ်တိုင်ကလည်း မြန်မာစာဆရာမ.. ပြီးတော့ စာရေးဆရာလည်းဖြစ်လေတော့ ‘စာအုပ်စာပေ လူ့မိတ်ဆွေ’ဆိုတာကို တကယ်ယုံပါတယ်..။ ကျမကိုယ်တိုင် စာအုပ်စာပေ တွေထဲကပေးတဲ့ အင်အားတွေနဲ့ ဘ၀ကို ရင်ဆိုင်နိုင်ခဲ့တာတွေ ရှိတာမို့လည်း စာဖတ်တဲ့ အကျိုးကို တကယ် ယုံတာပါ။ အဲဒီအခါ ကျမနေတဲ့ ၀န်းကျင်လေးမှာ စာဖတ်အားနည်းကြတာ သိလို့ အမြဲလိုလို ကျမစကားပြောရတဲ့ ပွဲတွေမှာ စာများများ ဖတ်ကြပါလို့ တိုက်တွန်းမိပါတယ်။ အဲဒါကို ဗမာ မဟုတ်တဲ့ တိုင်းရင်းအဖွဲ့တချို့က ဒေါ်မေငြိမ်းက ဗမာမဆိုတော့ တိုင်းရင်းသား တွေကြားမှာလာပြီး ဗမာလူမျိုးကြီးဝါဒ ဖြန့်ချိရေး လုပ်နေတယ်.. Burmanize လုပ်နေတယ် လို့ ပြောကြပါတယ်။ အဲလိုပြောတဲ့အထဲမှာ NGO နိုင်ငံခြားသားတချို့လည်း ပါပါတယ်။ အစပိုင်းတုန်းကတော့ ကျမ တော်တော် စိတ်မကောင်းဖြစ်လိုက်ပါသေးတယ်။ ဒါပေမဲ့ တကယ့် အထင်ကရ တိုင်းရင်းသားခေါင်းဆောင် အများစုကတော့ အဲလို သဘောမထားကြပါဘူး။ ဒီတော့လည်း ကျမက ဒါဟာ သဘောထားမကြီးနိုင်တဲ့ သူတွေရဲ့ တုံ့ပြန်မှုပဲလို့ တွေးတယ်..။ ပြီးတော့ ဗမာဆိုတာနဲ့ ပတ်သက်ပြီး သူတို့ ခံစားခဲ့ရတဲ့ ပမာဏကို စဉ်းစားကြည့်ပြီး မေ့ထား လိုက်ပါတော့တယ်။ (တကယ်တော့ ဗမာအစိုးရလို့ သူတို့ စွဲနေတဲ့ စစ်အစိုးရက ကျမတို့ ဗမာလူမျိုး ဆိုတာတွေကိုရော ချမ်းသာပေးလို့လား…)

အဲဒီလို မေ့ထားနိုင်တဲ့ ကာလထိ မရောက်ခင်ကတော့ ကျမမှာ မကြာခဏ အငြင်းအခုန် ဖြစ်ရပါတယ်။ ကျမ ပြောချင်တာက ကျမ ဗမာဖြစ်တာထက်.. မြန်မာစာဆရာမ ဖြစ်လို့ ဆိုတာထက် လောလောဆယ်မှာ တကယ် ရှောင်လွှဲ မရတဲ့ အမှန်တရားက မြန်မာစာဟာ တရားဝင် ရုံးစာ.. တရားဝင်တွင်ကျယ် ဘာသာစကား ဖြစ်နေတာပါ။ ဒီတော့ မြန်မာပြည် အရေး.. မြန်မာပြည်နဲ့ ပတ်သက်လို့ လုပ်တဲ့ ကိုင်တဲ့အခါ မြန်မာစာ တတ်မှပဲ .. မြန်မာလို တတ်မှပဲ လုပ်ရ ကိုင်ရတာ အဆင်ပြေ ချောမွေ့ပါမယ်..။ ကျမက ပြောပါတယ်.. အနည်းဆုံး စစ်အစိုးရကို ရန်ဖြစ်တောင် မြန်မာလိုပြောပြီး ဖြစ်ရမှာပါ.. လို့။ (တကယ်ဆို မြန်မာတွေ ကြားထဲမှာ NGO လုပ်နေတဲ့ နိုင်ငံခြားသားတွေတောင် ဗမာစကား သင်နေကြတာပါ)။

ဒါပေမဲ့ တချို့ကတော့ ခါးခါးသီးသီး ငြင်းဆန်ပါတယ်။ ကျမပြောချင်တာက မြန်မာပြည်ထဲမှာ ခုနေ ကရင်ပြည်နယ်က ကရင်လူမျိုး နဲ့ ဟိုးမြောက်ဖျားက ကချင်လူမျိုးတို့ တွေ့တဲ့အခါ သုံးစွဲရမယ့် ဘာသာစကားဟာ လောလောဆယ်မှာတော့ မြန်မာစကားပဲ ရှိနေတာပါ..လို့။ အဲဒါကို အဖွဲ့အစည်းထဲက တချို့က သဘောမတူ ပါဘူး။ အင်္ဂလိပ်လိုပဲ ပြောမှာပေါ့တဲ့..။ ကျမက ပြန်ပြောလိုက်ပါတယ်..။ ဒါဆို ကျမတို့ တော်လှန်ရေးကာလမှာ ပြည်တွင်းက လူတွေကို အင်္ဂလိပ်စာကို အဆင့်အတန်းမီ ပြောနိုင်အောင် အချိန်ယူ လုပ်ဖို့လည်း လိုတယ်လို့..။ ဒါဆိုရင်တော့ တိုင်းရင်းသားအားလုံး စည်းလုံးနိုင်ဖို့ အင်္ဂလိပ်စာ အရင်သင်မှပဲ.. လို့။ တခြားတိုင်းရင်းသား လူငယ်တချို့ကဆို ဗမာတွေကို မုန်းတယ်လို့ ကျမရှေ့မှာ တမင် ပြောတာတောင် ကြုံခဲ့ရဖူးသေးတာပါ။ တကယ်တော့လည်း ကျမတို့မြန်မာနိုင်ငံသားတွေဟာ ခံစားချက်တွေ အတွေးတွေ ကိုယ်စီ အဆိပ်သင့် နေကြရ သူတွေပါပဲ...။ တကယ့် တရားခံကိုပဲ ကျမတို့ တိုက်သင့်တာ မဟုတ်ဘူးလား..။ ခုတော့ မရှိအပ်တဲ့ အမုန်းတွေနဲ့.. မလိုအပ်တဲ့ မသင့်မြတ်မှုတွေနဲ့..။

+++++

နောက်တခု ကျမပြောဖို့ ကျော်သွားတာက အမေရိက သွားမယ်လို့ ထွက်လာတဲ့ ကျမက ဘာလို့ ထိုင်းမှာ နေဖြစ် သွားတာလဲ ဆိုတာလေးပါ..။။

တကယ်တော့ ကျမက အပြင်ထွက်လာတဲ့အထိ ထိုင်းမှာ နေရင်း ကိုယ့် မြန်မာ အသိုင်းအ၀ိုင်းအတွက် တခုခု လုပ်ပေးလို့ ရနေတယ်ဆိုတာကို မသိခဲ့ပါဘူး။ ပြီးတော့ ထိုင်းကနေ အမေရိကကို ဘယ်လို သွားနေတာလဲ ဆိုတာကိုလည်း သေချာ မသိခဲ့ပါဘူး။ တကယ်တမ်း ထိုင်းကို ရောက်မှ.. မဲဆောက်မှာ တလလောက်နေမှ.. ထိုင်းမှာနေပြီး မြန်မာ့အရေး မှန်သမျှကို အသီးသီး လုပ်နေကြတဲ့သူတွေ.. တွေ့တာ။ ပြီးတော့ ခင်မင်းဇော်ရဲ့ ချစ်ချစ်နဲ့ စကားတွေ ပြောရာက.. ထိုင်းမှာ နေရင်း ကိုယ့် community အတွက် တခုခု လုပ်နေချင်စိတ် ပေါက်လာတာ..။ နောက်တချက်ကတော့ ဒုက္ခသည်….. ကိစ္စပေါ့။ (Refugees ကို ဘယ်သူက ဒုက္ခသည်လို့ ဘာသာပြန်ခဲ့တယ် မသိပါ)

ကျမ မဲဆောက်မှာ ရှိနေတုန်းမှာပဲ ထိုင်းအစိုးရက နိုင်ငံရေးသမားအများစုပါတဲ့ Refugees တွေ Camp ၀င်ပြီးမှ Third Country ထွက်ရမယ်လို့ သတ်မှတ်တာပါ..။ နောက်တခု ကျမတို့ ရောက်လာတဲ့အချိန်လောက်မှာပဲ ဒုက္ခသည်ခံပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ သွားနေချင်တဲ့ ပြည်တွင်းကလူတွေ အများကြီး မဲဆောက်ကို ရောက်လာပါတယ်။ အဲဒီတုန်းက မဲဆောက်မှာ ဒုက္ခသည်တွေအပေါ် ထားတဲ့ သဘောထားနှစ်မျိုး ကွဲသွားပါ တယ်။ တမျိုးကတော့ နိုင်ငံရေးအရ ဒုက္ခမရောက်ရဘဲ လာကြတဲ့သူတွေကို အခွင့်အရေးသမားလို့ သတ်မှတ် သလို နိုင်ငံရေးသမားက တတိယနိုင်ငံသွားတာကိုလည်း တော်လှန်ရေးကို ကျောခိုင်းသွားတယ်လို့ မြင်ကြပါ တယ်။ နောက် တအုပ်စုကတော့ မြန်မာနိုင်ငံသားမှန်သမျှ ဒုက္ခသည်ပဲ.. တယောက် လွတ်သွားရင် တယောက် အေးသွားတာပေါ့.. တဲ့။ ကျမကတော့ ကိုယ်တိုင် နိုင်ငံရေးကို ဖြတ်သန်းမလာရလို့လား မသိပါဘူး . အဲလို သဘောထား တခုမှ စိတ်ထဲ မရှိပါဘူး။ တခုပဲ.. ဒုက္ခသည်ဖြစ်ဖို့က နိုင်ငံရေးအရ အန္တရာယ် ရှိလောက်တဲ့ သူတော့ ဖြစ်ရပါမယ်။ ဒါမှပဲ UNHCR က မေးတဲ့အခါ အံဝင်တဲ့ အဖြေဖြစ်ပါမယ်။

အဲဒါကပဲ ကျမရဲ့ ပြဿနာပါ..။ ကျမက နိုင်ငံရေးအရ အန္တရာယ်ရှိလို့ ထွက်လာတာ မဟုတ်…။ အဲဒါကို အန္တရာယ်ဘယ်လို ရှိကြောင်း ကျမ မဖြေနိုင်ပါ..။ လိမ်ဖြေရင်ရတာပဲ.. သိပ်လွယ်တာပဲလို့ သိနေ ကြားနေပေမဲ့ ကျမ မလုပ်နိုင်ပါ။ ကျမက ကိုယ်တိုင်ရော.. ကိုယ့် မိဘ မောင်ဖွား ထဲမှာရော အန္တရာယ်ရှိလောက်အောင် နိုင်ငံရေးလုပ်တဲ့သူ မရှိတော့ပါ။ တကယ် လုပ်ခဲ့တဲ့ အဖေနဲ့ မောင်လေး (သုံးရောင်ခြယ်)တို့တောင် မရှိတော့တာ ကြာပြီပဲလေ။ ပြီးတော့ တကယ်တမ်း အန္တရာယ်ရှိသူတွေကတောင် ကြံ့ကြံ့ခံလုပ်နေတာကို ကျမက မဟုတ်ဘဲနဲ့ အန္တရာယ် ရှိတယ်လို့ မပြောချင်ခဲ့ပါ။

ကျမက ထွက် လာလာချင်း DVB (Democratic Voice of Burma) ရေဒီယိုက အင်တာဗျူး မှာတောင်.. ဘာလို့ ထွက်လာတာလဲ ဆိုတဲ့ မေးခွန်းကို မနေချင်လို့ ထွက်လာတာပါ.. လို့ ရိုးရိုးပဲ ဖြေခဲ့တာပါ။ ဒါပေမဲ့ ဒုက္ခသည် လျှောက်လွှာတော့ တင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းမှာ တရားမ၀င် နေနေတဲ့အချိန်.. အဖမ်းဆီးခံခဲ့ရရင် ဖြေရှင်းရ လွယ်မလားလို့ပါ..။ နောက် တကယ် အနေကြာသွားတော့လည်း ထိုင်းမှာ တရားဝင်နေလို့ရတဲ့ အခြေအနေတခု ရလာတာပါပဲ။ သားနဲ့ သမီးကလည်း ထိုင်းကျောင်းတွေမှာ..။ သားကြီးလည်း အလွတ် ပညာရေး ဆက်နေပြီ။ ကျမနဲ့ ရာကျော်လည်း ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကိုယ်စီနဲ့..။ အေးလို့..။ တကယ်ပဲ ထိုင်းမှာ ဇင်းမယ်မှာပဲ နေတော့မှာလို့ ကျမဆုံးဖြတ်ထားခဲ့တာ… ၂၀၀၇ ထိပေါ့။
+++++

၂၀၀၇ထဲမှာ… ကျမရဲ့ အကိုအရင်းလို ဖြစ်နေတဲ့ သူငယ်ချင်းတယောက်က ဘန်ကောက်မှာ နေနေရာကနေ အမေရိကန် DV (Diversity Visa Lottery) ပေါက်ပြီး တမိသားစုလုံး US ကို ထွက်သွားပါလေရော…။ အဲဒီသူငယ်ချင်းကိုလည်း ကျမရဲ့ အကိုလို မိတ်ဆွေတယောက်ကပဲ on line ကနေ အပျော်ဆိုပြီး လုပ်ပေး လိုက်ရာကနေ ထပေါက်သွားတာ။ ဒါနဲ့ ကျမက ဒီနှစ် ကျမတို့အလှည့်ဆိုပြီး အပျော်လုပ်ကြည့်ကြပါရော..။ ကျမရော.. ရာကျော်ရော..။ အဲဒီအကိုက မေးသေးတယ်.. ပေါက်ရင် တကယ်သွားမှာလား.. တဲ့။ ကျမက “ပေါက်ပါစေဦး.. ကျမက ဘယ်တော့မှ ထီမပေါက်ဘူး“ လို့တောင် ပြောလိုက်သေး..။ အဲဒီ အကိုအိမ်မှာ မုန့်လုပ် စားကြရင်း ဓာတ်ပုံလည်း အိမ်မှာပဲ အဖြစ်ရိုက်ပြီး အဲဒီအကိုက တင်ပေးပါလေရော..။ မှတ်မှတ်ရရ.. ဖောင်ပိတ်ဖို့ ၂ရက် အလို…။ ၂၀၀၇ ရဲ့ နိုဝင်ဘာ ၂၈ရက် ညကြီး..။

တကယ်လည်း ကျမက ဘယ်အရာမှ အလွယ်တကူမရသူဆိုတာတော့ အမှန်ပါပဲ…။ အဲဒီ Lottery လည်း ရာကျော် ပေါက်ခဲ့တာပါ။ ၂၀၀၈ခုနှစ် မေလဆန်းမှာပဲ Lottery မှာ အရွေးခံ ရကြောင်း စာနဲ့ ဖြည့်ရမယ့် Form ထုပ်ကြီး ရာကျော့်နာမည်နဲ့ ရောက်လာပါတော့တယ်..။ တကယ်ထူးဆန်းတဲ့ ကံကြမ္မာ အလှည့်အပြောင်းတခုပါပဲ။ အမှန်အတိုင်းပြောရရင်.. ကျမ တကယ်ပဲ စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ ပြီးတော့ ခဏလေးအတွင်းမှာပဲ ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းတွေ ၀င်လာပါ တော့တယ်။ ဖြစ်ချင်တော့ အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် ကျမက ဒေါ်ခင်မင်းဇော်တို့ဆီ ရောက်နေတဲ့ အချိန်…။ ရာကျော်ကတော့ အေးဆေးပဲ.. ကျမက ဘာလုပ်ကြ မလဲဆိုတော့ သိဘူးလေ.. ညည်းသဘောတဲ့..။ ထုံးစံ အတိုင်း..။ ကျမကတော့ သံခင်းတမန်ခင်း နားလည်သူ သူငယ်ချင်းများနဲ့ တိုင်ပင်ရတာပေါ့။ အားလုံးကတော့ လုပ်ကြည့်ချင်ရင်တော့ စမ်းပေါ့.. တဲ့။ ဒါပေမဲ့ ကျမတို့ အနေအထားနဲ့တော့ သိပ်မလွယ်.. တဲ့။ ကျမတို့မှာ ထိုင်းမှာ ယာယီနေလို့ရနေတဲ့ အထောက်အထား ကဒ်ပြား တွေက လွဲလို့ ဘာမှမရှိ။

ပြီးတော့ Green Card Lottery နဲ့ အမေရိကသွားဖို့ဆိုတာ လူတယောက်ကို အနည်းဆုံး ဒေါ်လာ ၃၀၀၀ လောက် ကုန်တာလေ..။ ကျမတို့က ၅ယောက်ကြီး..။ လက်ထဲမှာ ရှိနိုင်တဲ့ ပိုက်ဆံက တယောက်တည်း သွားမယ်ဆိုရင်တောင် အနိုင်နိုင်..။ ပြီးတော့ ကျမက ဘယ်တော့မှ ခွဲရေး မစဉ်းစား…။ ဒီမိသားစု တပြုံလုံးတွဲရေးပဲ စဉ်းစားတာလေ..။ ပိုခက်တော့မှာပေါ့…။ နောက်တော့ အဲဒီ DVနဲ့ မိသားတစုလုံး ထွက်သွား နှင့်တယ်ဆိုတဲ့ အကိုက ကြိုးစားကြည့်ပါလား.. တဲ့။ လိုတာ ကူကြမယ်တဲ့။ အဲလိုပဲ ကျမတို့ကို အဲဒီ ထီထိုးပေးတဲ့ အကိုကလည်း ကူမယ်တဲ့။ ဒီလိုနဲ့ ကူမယ်ဆိုတဲ့သူတွေ လေးငါးယောက် ဖြစ်လာ..။ သူငယ်ချင်း တယောက်ကတော့ မိသားစု ၅ယောက် ဒေါ်လာ ၁သောင်းခွဲလောက် ကုန်မယ့်ကိစ္စ.. ကျနော်သာဆို မလုပ်ဘူး.. Burden ဖြစ်တယ်.. တဲ့။ ဒါလည်း ဟုတ်တာပဲ..။ နောက် တချို့သူငယ်ချင်းတွေကကျတော့လည်း အမေရိကန် မြေကို နင်းတာနဲ့ Green Card ရတာမို့ ဒေါ်လာ ၁သောင်းခွဲလောက် ကြွေးတင်ပြီး မိသားတစုလုံး အတူ ရောက်နိုင်တယ် ဆိုရင် မဆိုးပါဘူးတဲ့။ ကိုယ့် နေထိုင်ခွင့်နဲ့ သားသမီးတွေ ပညာရေးအခွင့်အလမ်း.. နောက် သွားဖို့လာဖို့ Document တဲ့။ ပြီးတော့ ကျမလို ကျောင်းတခုခု တက်ချင်သေးတဲ့သူအတွက် ကြိုးစားကြည့်သင့်တယ်… တဲ့။ ပြီးတော့ ကျမ အဓိကထားစဉ်းစားတာ သားကြီး ပညာရေး ကိုပါ..။ သားကြီးခမျာ ငယ်ငယ်လေးကတည်းက ကျမသွားလေရာ တတန်းတန်းလိုက်ရင်း ဒုက္ခရောက်ရတာ များပေါ့။ အငယ်လေး နှစ်ယောက်က ထိုင်းပညာရေး ကောင်းကောင်း ရနေလို့မို့ ပူစရာမလိုလှ..။ သမီးနဲ့သားက ထိုင်းဘုရင်ကြီးရဲ့ ပညာသင်ဆုလည်းရထားတာမို့ အခြေခံပညာအထက်တန်း(၁၂တန်း)အထိ Free Education ရပြီးသား။ သားကြီးသာ ဟိုမရောက် ဒီမရောက်… လမ်းခွတ်လတ်မှာ။

တကယ်တမ်းက စဉ်းစားစရာကို မလိုဘဲ နောက်ဆုတ်သင့်တဲ့ အနေအထားပါ။ ဒါပေမဲ့ မဟာဇနကဇာတ်ကို သမိန်ပေါသွပ် ဟာသလုပ်သလို လုပ်ရရင်… ကံက ဆိုးချင်တော့ ထိုင်းကို ထွက်လာမိတယ်။ ကံက ကောင်းချင်တော့ အေးအေးဆေးဆေးလေး နေခဲ့ရတယ်။ တခါ ကံက ဆိုးချင်တော့ ထီထိုးမိ။ ကံက ကောင်းချင်တော့ အဲဒီ ထီက ထပေါက်..။ ကံက ဆိုးချင်တော့ ထီလက်မှတ်က တပိုင်းပဲ သေချာ..။ ဒါပေမဲ့ ကံက ကောင်းချင်တော့ အဲလို ပါးစပ်ဆိုးဆိုး ကျမကို ကူမယ့် သူတွေက ပေါ်လာ..။ အမေရိကန် သံရုံးကတောင် မနေနိုင်။ ဒါပေမဲ့ ကံက ဆိုးချင်တော့ အရာရာက အထစ်ထစ် အငေါ့ငေါ့..။ ဗီဇာ ထုတ်ရတော့မယ့် အဆင့်မှာကို ၅လ စောင့်.. သံရုံး ၈ခေါက် ၀င်ရ..။ ဆေးစစ်တာကပဲ ၃ခါ..။ အမယ်မင်းးး ဘန်ကောက်နဲ့ ဇင်းမယ်… တက်လိုက် ဆင်းလိုက်.. စိတ်ပမ်း လူပမ်း ငွေပမ်း ..။ ပိုက်ဆံ စုထားသမျှလေးတွေ ဟောကနဲ ဟောကနဲ..။

ကျမတို့ US ကို အရောက်ဝင်ရမှာက ၂၀၀၈ စက်တင်ဘာ ၃၀ရက်နေ့ နောက်ဆုံးထား အရောက်..။ စက်တင်ဘာလဆန်းအထိ ကျမတို့ လက်ထဲ ဗီဇာ မရောက်သေး။ နောက်ဆုံးတော့ စက်တင်ဘာလ ၅ရက်နေ့မှာ ကျမတို့ လက်ထဲကို ဗီဇာတွေနဲ့ Travel Document တွေ ရောက်လာပါတော့တယ်။ အမှန်အတိုင်း ၀န်ခံရရင်.. အိပ်မက်လိုပါပဲ..။ အင်မတန် ကပ်သီးကပ်သပ်နိုင်လောက်အောင် စစ်ဆေးတာတွေ အထပ်ထပ်လုပ်သော အမေရိကန်ပြည်ထောင်စုရဲ့ သံရုံးက မြန်မာနိုင်ငံက ပါလာတဲ့ မှတ်ပုံတင်တွေ.. ကျမရဲ့ ၀န်ထမ်းကဒ်ပြားတွေ ဘွဲ့လက်မှတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတချို့ရေးပေးတဲ့ အထောက်အထားတွေကိုသာ အရင်းခံပြီး ပြည်ဝင်ခွင့် ဗီဇာတွေရော.. ခရီးသွားခွင့်လက်မှတ် တွေပါ ထုတ်ပေးခဲ့ပါတော့တယ်။ တကယ်တမ်း ဗီဇာအတွက် သံရုံး ၀င်တော့လည်း မေးတဲ့ မေးခွန်းက ဟိုရောက်ရင် ဘာလုပ်မလဲတဲ့။ ကျမက ကျောင်းတခုခု ဆက်တက် မယ်ပေါ့..။ ကျမသားလည်း ကျောင်းတက်မယ်ပေါ့..။ ဒါပဲ…။

ဒီလိုနဲ့ လက်ထဲ ဗီဇာတွေလည်း ရောက်.. ဇင်းမယ် ပြန်..။ ထွက်ဖို့အတွက် လေယာဉ်လက်မှတ် ၀ယ်…။ စက်တင်ဘာ ၁၈ရက်… ည ၉နာရီ.. Thai Airway နဲ့။ ကျမ သတိထား မိသေးတယ်။ ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့် မှတ်မှတ်ရရပဲလို့။

+++++

စက်တင်ဘာ ၁၈ရက်နေ့မှာ ကျမတို့ မိသားစု စိတ်လှုပ်ရှားနေခဲ့ကြတယ်..။ ကျမတို့ ဘ၀မှာ နောက်ထပ် အသစ်တခု။ တကယ်တော့ စိတ်တွေရော လူတွေပါ ပင်ပန်းလှပြီ။ အထူးသဖြင့် ရာကျော်ရယ်.. ကျမရယ်.. သားကြီးရယ်.. မေလ ကတည်းကနေ ခု စက်တင်ဘာထိ.. ဒီကိစ္စထဲ ပင်ပန်းနေခဲ့ကြရတာ မဟုတ်လား။ ဒါပေမဲ့ မပြီးပြတ်သေးဘူး။ ကျမတို့က ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ခဲ့ကြတာဖြစ်လို့ နောက်တနိုင်ငံကို တရားဝင် ထွက်ဖို့အတွက်ဆိုရင် ဥပဒေအတိုင်း Detention Center ၀င်ပြီးမှသာ ထွက်ရမှာပါ။ အမှန်အတိုင်းပြောရရင် ထောင်အသေးစားလေးဖြစ်တဲ့ DC ထဲ ကျမ ကလေး လူမမည်လေးတွေ ၀င်ရမှာကို ကျမ စိတ်ထဲ မကောင်း ဖြစ်နေမိပါတယ်။ ပြီးတော့ တတိယနိုင်ငံ သွားဖို့အရေး ခုလို ဖြစ်ရလေတယ်လို့လည်း စိတ်ထဲ ရှက်သလိုလို ဖြစ်နေမိတယ်။ ဒါပေမဲ့ ကျမတို့က သူတပါး နိုင်ငံကို တရားမ၀င် ၀င်လာခဲ့တာကိုး.. ဆိုတဲ့ စိတ်နဲ့ ဖြေရပါတယ်။ ကျမတို့ DC ထဲမှာ တနေကုန် နေရမှာပါ..။ ညနေ ၄နာရီမှ DC ကနေ ထွက်ရမှာ ဖြစ်ပြီး ည ၉နာရီမှာ လေယာဉ် ထွက်မှာပါ။

အဲဒီအချိန်မှာပဲ မျှော်လင့်မထားတဲ့ ပြဿနာပေါ်လာပါတော့တယ်။ အဲဒါကတော့ အမေရိကန်သံရုံးက ပေးတဲ့ Travel Document ကို မယုံပါဘူး..တဲ့။ အမေရိကန်သံရုံးကို ဖုန်းဆက်မေးလို့ ကောင်စစ်ဝန်က အတည်ပြုပေးတာလည်း မရပါဘူး။ နောက်ဆုံး ကောင်စစ်ဝန်ရုံးက အမှုထမ်းတယောက်ကိုယ်တိုင် လာပြီး အာမခံတာတောင် မရဘူးဖြစ်နေပါတယ်တဲ့။ အဲဒီအခါမှာတော့ ကျမ စိတ်နည်းနည်းပူလာပါတယ်။ အင်မီဂရေးရှင်းက လူတွေရဲ့ အမူအယာကလည်း နည်းနည်း တင်းမာလာပါတယ်။ သူတို့က ဘာမို့လို့ အမေရိကန်သံရုံးရဲ့ ဗီဇာတွေ ခရီးသွားလက်မှတ်တွေ ရရတာလဲတဲ့။ ပြီးတော့ Green card Visa တဲ့.. မဖြစ်နိုင်ဘူး..တဲ့။ အဲလိုတွေ ပြောကြတယ်လို့ ဆိုပါတယ်။ ကျမကတော့ အချက်အလက် အထောက်အထား အားလုံးက အမှန်ပဲမို့လို့ စိတ်ညစ်ပေမဲ့ နောက်ဆုံး အဆင်ပြေမှာပဲလို့သာ တွေးထားတာပါတယ်။ ကျမ ပြဿနာကို လိုက်ရှင်းပေးနေတဲ့ သူငယ်ချင်းကလည်း အားပေးပါတယ်။ ပြီးသွားမှာပါ.. မပူနဲ့.. တဲ့။

နောက်တော့.. ကျမတို့ မိသားစု သံမံတလင်းအခင်းသာ ရှိတဲ့ DC ထဲမှာ တနေကုန် နေကြရပါတယ်။ သမီးနဲ့ သားငယ်လေးကတော့ ကျမတို့ ပေါင်တွေပေါ်မှာ အိပ်ပျော်လို့။ သားကြီးကတော့ မျက်နှာ မကောင်းရှာပါဘူး။ ကျမမှာလည်း မိသားစု သိပ် စိတ် အားမငယ် အောင် မာန်တင်းပြီး နေနေရပါတယ်။ ရင်ထဲမှာတော့ ဆို့ဆို့ကြီး ဖြစ်နေပါတယ်။ ပိုဆိုးတာက DC အချုပ်တခုလုံး မြန်မာနိုင်ငံသားတွေချည်း ဖြစ်နေတာပါပဲ။ အလုပ်သမား တွေပါ..။ လက်မှတ်မရှိလို့ ဖမ်းခံကြရတာတဲ့..။ သူတို့ကို ထိုင်းမြန်မာနယ်စပ်မှာ သွားပစ်မှာ.. တဲ့။ ကောင်မလေး တချို့က ငိုလို့..။ အားလုံးက ကျမတို့ကို တအံ့တသြ ကြည့်ကြပါတယ်။ ကျမကတော့ တနေကုန် နေရမယ့်အတူတူ မိန်းကလေးတချို့နဲ့ စကားပြောနေလိုက်ပါသေးတယ်။ ကျမတို့ ပြဿနာကိုတော့ သူငယ်ချင်း တွေက ရှင်းနေကြတုန်းပေါ့။

ဒီလိုနဲ့ ညနေ ၄နာရီ ရောက်လာပါတယ်။ အချုပ်ကားတစီး လာရပ်ပြီး အချုပ်ခန်းတံခါး ဖွင့်ပါတယ်။ အင်း… အခန်းထဲက အလုပ်သမားတွေကို ခေါ်သွားတော့မယ်ပေါ့။ ဒီလိုနဲ့ နာမည် တွေ ခေါ်ပြီး အချုပ်ကားပေါ်တင်တော့ ကျမတို့က ထွက်ရမယ့်သူတွေဆိုပြီး ခပ်အေးအေး လုပ်နေတာ…။ နောက်တော့ ခေါ်တဲ့ နာမည်တွေထဲ ကျမတို့ မိသားစု ပါပါလေရော..။ ထိုင်းလို ပြောတာတွေ ကျမတို့က နားမလည်။ ကျမတို့ တင်ထားတဲ့ စာရွက် စာတမ်းတွေအကြောင်း ပြောတော့လည်း ပြောမရ..။ ကျမ ကိုယ့်လူတွေဆီ ဖုန်းတွေခေါ်နေတုန်းမှာပဲ ကျမတို့ မိသားစု အချုပ်ကားပေါ် တက်လိုက်ရပါတော့တယ်။ အဲဒီအချိန်မှာ ကျမကလေးတွေက သိပ်ကို တုန်လှုပ်နေပြီ။ ကျမကတော့ လိုတဲ့ဖုန်းတွေ အရအမိ ဆက်နေရပါတယ်။ ကျမကိုယ်တိုင်လည်း ခုလိုဖြစ်ရတာကို နားမလည်နိုင်တော့ ပါဘူး။ အချုပ်ကားပေါ်မှာ တလမ်းလုံး ကျမကိစ္စကို ဆက်ဖြေရှင်းပေးဖို့ သူငယ်ချင်းတွေဆီ ဖုန်းနဲ့ အကြောင်းကြားနေရင်းကပဲ ကျမတို့ကို ချုပ်မယ့် ရဲဌာန အချုပ်စခန်းဆီ ရောက်လာပါတယ်။ အဲဒီအထိလည်း ကျမက တော်ကြာနေရင်တော့ သူငယ်ချင်းတွေ လာခေါ်ပြီး ထွက်ရမှာလို့ ထင်နေဆဲပါ…။ ကျမ အင်မတန်ချစ်တဲ့ ဇင်းမယ်ရဲ့ ကျုံးနဘေးက အချုပ်ထောင်ထဲမှာ မိသားတစုလုံး အမှုတွဲအဖြစ် ၁၁ရက်ကြာအောင် နေလိုက်ရလိမ့်မယ်လို့ နည်းနည်းမှ ထင်မထားခဲ့တဲ့ အချိန်ပေါ့။ ပြီးတော့ အဲဒါထက်ပိုပြီး ခြောက်ချားစရာ ကောင်းလှတဲ့.. စိတ်နှလုံး နာကျင်စရာကောင်းလှတဲ့ အဖြစ်အပျက်တွေကို ထပ်ကြုံရလိမ့်ဦးမယ်လို့ နည်းနည်းမှ တွေးမထားမိတဲ့ အချိန်ပေါ့။

မြသီလာအလွမ်းပြေ(၃၈)


တကယ်တမ်း အလုပ်ကနေ ထွက်တော့မယ်.. ကိုယ့်တိုင်းပြည်နဲ့ အဝေးကိုသွားတော့မယ်လို့ ဆုံးဖြတ်ရ ချိန်မှာ တော့ ကျမ နှလုံးတွေက ဆုပ်ဖျစ်ခံထားရသလိုပါပဲ။ ကျမ ထားခဲ့ရမယ့် မဟာဝိဇ္ဇာတန်းခွဲတွေကို ငဲ့ကြည့်တော့ အဲဒီတုန်းက ကျမတယောက်တည်းပဲ သင်မယ့်သူ ရှိသလိုဖြစ်နေတဲ့ ဆရာ မြဇင် ရဲ့ ကဗျာ နရီနဲ့ နိမိတ်ပုံ စာအုပ်.. ဆရာဇော်ဂျီရဲ့ ရသစာပေ အဖွင့်နဲ့ နိဒါန်း၊ ပြီးတော့ မောင်ခင်မင်(ဓနုဖြူ)ရဲ့ စကားပြေသဘောတရား စကားပြေ အတတ်ပညာ…။ နောက် ၀တ္ထုတို ၀တ္ထုရှည် လေ့လာချက်တွေ..။ ဒါပေမဲ့ အဲဒီတုန်းက မဟာဝိဇ္ဇာတန်းမှာ ရှိတဲ့ ကျောင်းသား ကျောင်းသူ ၅၀ထဲမှာတော့ ကျမက စာဖတ်လာပါလို့ မှာလို့မှ တကယ် ဖတ်လာတာက ၂ယောက် မပြည့်တာ..။ ပြီးတော့ ကျမကို အံ့အားသင့် စေလောက်အောင် မဟာဝိဇ္ဇာတန်းအထိ Lecture ကောင်းကောင်း မလိုက်တတ်သူတွေ..။ ၀တ္ထုတိုသင်ရိုးအတွက် မဟာဝိဇ္ဇာကျောင်းသားတွေအနေနဲ့ ဘယ်လို ၀တ္ထုတိုမျိုးကို ကြိုက်လဲ.. လို့ မေးလို့မှ အဖြေပြန်မရတာ..။ လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက အမြဲတမ်းဖတ်တဲ့ မဂ္ဂဇင်း တမျိုးစီ ပြောပါဆိုလည်း မဖြေ..။ ဒါနဲ့ ကဲ တယောက်မှ ဘာမှမဖတ်ဖူးလား..ဆိုတော့မှ တယောက်က လက်ညှိုးလေးထောင်တယ်..။ ကျမက ၀မ်းသာအားရနဲ့ အဲ.. ပြောပါဦး.. ဘာမဂ္ဂဇင်း ဖတ်လဲ.. ဆိုတော့ ဂမ္ဘီရ.. တဲ့။ အဲလိုမျိုးတွေကို ပြန် ပြန်တွေးတော့မှပဲ ကျမ စိတ်ထဲ နည်းနည်း ပြတ်တော့တာပါ။ နောက်တော့ ၉၈နောက်ပိုင်းမှ အထက်တန်းကျောင်း တွေမှာ စာမေးပွဲဖြေလို့ ဂုဏ်ထူးတန်းတွေ ၀င်.. နောက်တော့ ပိုက်ဆံချမ်းသာမှုကြောင့် တက္ကသိုလ်မှာ ဆရာမဖြစ်.. အဲလိုနဲ့ပဲ ပိုက်ဆံ ရှိလို့ ပါရဂူ တက်နိုင်ကြသူတွေနဲ့ ကျမက ထိပ်တိုက်တွေ့စရာတွေက ကြုံ ကြုံလာ..။ အဲဒီ ရက်တွေထဲမှာ မကြာခဏ စဉ်းစားမိ တာကတော့ အန်တီစုပြောပြလို့ သိနေရတဲ့ ချက် (Czech) ခေါင်းဆောင် Vaclav Havel ရေးခဲ့တဲ့ The Power of the powerless စာအုပ်ထဲက အကြောင်းတွေပေါ့..။

ဒီနေရာမှာ ၁၉၈၉ဒီဇင်ဘာမှာမှ ဒီမိုကရေစီရခဲ့တဲ့ ချက်ကိုစလိုဗက်နိုင်ငံတုန်းကဆိုရင်လည်း ကွန်မြူနစ် အာဏာရှင်တွေက ဆရာတွေရဲ့ သင်ကြားရေးတွေကိုပါ ၀င်စွက်ဖက် လာတဲ့အတွက် ဆရာတွေ အလုပ်ထွက် ပစ်ကြပါတယ်၊ အဲဒီတုန်းက ချက်ကိုစလိုဗက်ကီးယား (Czechoslovakia) ရဲ့ အခြေနေက ဗမာပြည်လောက် တောင် မဆိုးသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကိုတောင် အာဏာရှင်တွေရဲ့ မတရားတဲ့ မလျော်ကန်တဲ့ အမိန့်အာဏာတွေကို မလိုက်နာနိုင်ဘူးဆိုပြီး တက္ကသိုလ်က ဆရာတွေဟာ အလုပ်ထွက်ပြီး တံမျက်စည်း လှည်းတာတို့ ပန်းရံတို့ ၀င်လုပ်ကြပါတယ်၊ ပြီးတော့ အဲဒီ ဆရာတွေက ပြောပါတယ်၊ မမှန်ကန်တဲ့ အတွေးအခေါ် တွေကို လူငယ်တွေ ခေါင်းထဲ ထည့်ပေးရတဲ့အလုပ်လို ယုတ်ညံ့တဲ့ အလုပ်တွေကို လုပ်တာထက်တော့ ဒီလို အခြေခံအလုပ်မျိုးတွေ လုပ်ရတာက သာသေးတယ် လို့ ပြောပါတယ်တဲ့။ အဲဒီတုန်းက စာရေးဆရာလည်းဖြစ် တော်လှန်ရေးသမားဖြစ်ပြီး၊ ချက် နဲ့ စလိုဗက်ကီးယား ကွဲပြီးနောက်ပိုင်းမှာ ချက် ရီပတ်ဗလစ်နိုင်ငံ (Czech Republic) ရဲ့ သမ္မတဖြစ်လာတဲ့ Vaclav Havel က The Power of the powerless စာအုပ်ထဲမှာ အဲဒါတွေကို ရေးခဲ့တာပါ။ အန်တီစုက အဲဒီစာအုပ်ထဲက Vaclav Havel ရဲ့ စကားတွေကို ကိုးကားပြီးတော့ “ဒီလို စနစ်အတွင်းမှာ ကျမတို့ ဂုဏ်သိက္ခာရှိရှိနဲ့ နေနိုင်သလား… ဒီစနစ်က ပြည်သူ လူထုကို အကျိုးပြုနိုင် သလား… ပြည်သူလူထုကို အသုံးချနေသလား… ဒါပဲ စဉ်းစားရမှာပဲ ..” လို့ ပြောခဲ့ ဖူးပါတယ်။

အဲဒါတွေကလည်း ကျမနှလုံးထဲကို စိမ့်ဝင်ခဲ့ပါတယ်။ တကယ်တော့ ကျမတို့ နိုင်ငံမှာလည်း အာဏာပိုင်တွေရဲ့ မတရားအမိန့်တွေကို မနာခံနိုင်သူတွေက ပြည်ပထွက်၊ ဒါမှမဟုတ် အလုပ် ထွက်ကုန်ကြပြီး မလွန်ဆန်ရဲကြတဲ့ နာခံနိုင်သူတွေကျတော့လည်း မျက်စေ့စုံမှိတ် နာခံကြတာမို့လို့ နိုင်ငံတနိုင်ငံအတွက် အဓိက အကျဆုံး ထောက်တိုင်တစ်တိုင်ဖြစ်တဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ထိခိုက်ပျက်စီး သွားရတာပါ။ တကယ်တော့ အလုပ် ထွက်တာက မတရားတဲ့ အမိန့် ကို ဖီဆန်တာဖြစ်ပေမဲ့ ပြည်ပထွက်တာကတော့ ကိုယ့်တိုင်းပြည်ထဲမှာ ရှိနေသင့်တဲ့ ဦးနှောက် အင်အားတွေ အပြင်ကို ယိုစီးထွက်ကုန်တာပါပဲ။ ဒါပေမဲ့ အဲဒီ ၂၀၀၅ ဖေဖော်ဝါရီ တုန်းကတော့ ကျမ စဉ်းစားတာက တကယ်လို့ Brain Drain မဖြစ်လည်း အသုံးချခွင့်မရတဲ့ ဦးနှောက်တွေက Brain Dry ဖြစ်ကုန်မှာပဲ.. ဆိုတာပါ။ ဘာပဲဖြစ်ဖြစ်.. အဲလို အကြောင်းတွေကြောင့်ပဲ စစ်အစိုးရ သက်တမ်း တလျှောက်က မျိုးဆက် တွေ ခမျာ ပညာရေးပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ပြီ ဆိုတာပါပဲ။ ဒါကို ဘယ်သူမှ ငြင်းလို့ မရနိုင် ပါဘူး။

ဒါပေမဲ့ ကျမတွေးခဲ့တာက ပြည်ပမှာ ကျမ တခုခု ပိုလုပ်နိုင်မယ်..။ အနည်းဆုံး ကိုယ့်ပညာရပ်ပိုင်းကို ဖြည့်တင်း ခွင့်တော့ ရမှာပဲလို့ တွေးခဲ့တာပါ…။ ပြီးတော့ ကျမသားသမီးတွေကို ကိုယ့်တိုင်းပြည်မှာ တခုခု ပြန်လုပ်နိုင် လောက်အောင် သေချာတဲ့ ပညာရေးမျိုး ကောင်းကောင်း ပေးမယ်လို့လည်း မှန်းခဲ့တယ်။ ကျမစိတ်ထဲ.. အဲဒီ ၀န်းကျင်မှာ ဆက်နေရင် တော့ဖြင့် နွံနစ်သလိုရှိမှာပဲလို့ သေချာနေခဲ့တာလေ။

+++++

၂၀၀၅ခုနှစ် မတ်လမှာတော့ ထိုင်းရဲ့ နွေအပူနဲ့အတူ မေငြိမ်းအတွက် မရိုးနိုင်တဲ့ အပူတချို့က ကျမကို ဆီးကြို နေခဲ့ပါတယ်။ ပြန်စဉ်းစားကြည့်ရင် ခုချိန်ထိ စိတ်ထဲ ရှက်ရွံ့ရွံ့ ခံစားနေရတုန်းပါ။ ကျမက ကျမလို စာရေးဆရာ... တက္ကသိုလ်က ဆရာမတယောက် နယ်စပ်ကို ထွက်လာရတာကိုက ဗမာပြည်မှာ ပညာတတ်တွေရဲ့ အခြေအနေ ဘယ်လောက် ဆိုးနေပါပြီ ဆိုတာကို မီးမောင်းထိုးပြသလို ပေါ်လိုက်လေခြင်းလို့ တွေးပြီး ဆင်းရဲဒုက္ခကြုံရမှာ ကိုတောင် မေ့နေခဲ့ချိန်မှာ ကျမအပြင်ထွက်လာပြီဆိုတဲ့ သတင်းကြားကြသူ တော်တော်များများက မှတ်ချက်ချပါ တယ်.. တဲ့။ မေငြိမ်းက ဘယ်တုန်းက နိုင်ငံရေးနဲ့ ပတ်သက်ဖူးလို့ ဒီလို ထွက်လာရတာလဲ.. တဲ့။ ကျမ တခါမှ မစဉ်းစားမိဖူးတဲ့ မေးခွန်းပါပဲ။ ဒီတော့မှ ကျမ အိပ်မက်က လန့်နိုးသူလို ကိုယ့် ပစ္စုပ္ပန်ကို ပြန်ကြည့်မိတယ်။ ကိုယ့်အခြေနေကို ပြန်ကြည့်မိတယ်..။ အဲဒီအချိန်မှာတော့ ကျမက နောက်ဆုတ်လို့ မရတော့တဲ့ နေရာမှာ ရောက်နေပါပြီ။ အဲဒီတုန်းက ထိုင်းမြေကို စနင်းကတည်းက ကျမတို့ မိသားစုကြီးကို ကူခဲ့ရတဲ့ ဒေါ်ခင်မင်းဇော်တို့ တစုံနဲ့ တကွသော မိတ်ဆွေတချို့ရဲ့ အားကြောင့်သာ ကျမ ဆက်ရပ်တည်နိုင်ခဲ့တာပါ။

နောက်ထပ် ကျမတခု မှားခဲ့ဖူးပါသေးတယ်။ အဲဒါကတော့ မြန်မာပြည်ထဲက သူငယ်ချင်းတချို့က ကျမကို ကိုယ်လွတ်ရုန်းသွားတယ်.. လို့ ပြောကြတယ် ဆိုတဲ့သတင်း ကျမဆီ ရောက်လာပါတယ်။ အဲဒါကြားတော့ ကျမ တကယ် စိတ်တိုခဲ့ပါတယ်။ အဲလိုပြောတဲ့သူတွေကိုယ်တိုင်က လက်ဖက်ရည်ဆိုင် တမေ့တမောထိုင်.. ညနေတိုင်ဆို အရက်ဆိုင်ရွှေ့ပြီး ဝေဖန်ရေး လေကန်ရေး ထိုင်လုပ်နေသူတွေ.. တကယ်တမ်း လူထုအကျိုး ဆိုတာအတွက် ဘယ်လောက်မှ အနစ်နာခံ ပေးဆပ်လုပ်ကိုင်နေကြသူတွေလည်း မဟုတ်။ (တကယ်တမ်း လူထုအတွက် အနစ်နာခံပြီး လုပ်နေတယ်ဆိုတဲ့သူတွေဆိုတာက ဘယ်တော့မှ သူများကို အပြစ်မတင်.. ကျမလိုလည်း ကျောမခိုင်း.. ငါတို့ လုပ်နေတယ်လို့လည်း မကြွေးကြော် မ၀ါကြွား..။ ဘယ်သူ့ကိုမှ မမျှော်ကိုး အားမကိုးဘဲ သူတို့ ယုံကြည်ရာကိုသာ တကယ် အပင်ပန်း အဆင်းရဲခံ.. ထောင်ကျ တန်းကျခံပြီး တစိုက်မတ်မတ် လုပ်ကြသူတွေဆိုတာ ခုချိန်မှာတော့ ကျမ ကောင်းကောင်း သိနေခဲ့ပါပြီ)။

အဲဒီမှာ စိတ်တိုတိုနဲ့ ကျမ စာတပုဒ်ရေးခဲ့မိတာပါ။ မဲဆောက်က ထွက်တဲ့ စာစောင်လေးတခုမှာ ပါခဲ့ဖူးပါတယ်။ အဲဒီမှာ ကျမ ရေးခဲ့တာက “ကျမ ခါးသီးမုန်းတီးလှတဲ့ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုအောက်မှာ မနေနိုင်လို့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ထွက်ခဲ့တဲ့ လမ်းမှာ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်” ဆိုတာကိုပြောရင်း ဆော့ခရတ္တိ ပြောခဲ့ တယ်လို့ ကျမ မှတ်ထားခဲ့ဖူးတဲ့ (တချို့ကတော့ ဆော့ခရတ္တိမဟုတ်ဘူးလို့ ပြောပါတယ်) ‘လူတွေဟာ ကိုယ်နဲ့ တန်တဲ့ အစိုးရကို ရတယ်’လို့ ဆော့ခရတ္တိက ပြောပါတယ် .. အဲဒီအခါ ကျမက ကျမနဲ့ မတန်ဘူးလို့ ထင်တဲ့ အစိုးရလက်ကနေ ထွက်ခဲ့တယ်..” ဆိုတာမျိုးပါ..။ အဲဒီ စာစောင်လေးလည်း ထွက်ရော ကျမဆီ ဆဲစာတွေ ရောက်လာပါတယ်။ ဒါ ပြည်တွင်းက လူတွေကို စော်ကားတာ.. တဲ့။ အဲဒီတော့မှ သေချာပြန်တွေးကြည့်တော့ စွပ်စွဲစရာဖြစ်နေတာကို တွေ့ရပါတယ်။ တကယ်တော့ ကျမ နာကျည်းစက်ဆုပ်နေတာက ဗောင်းတော်ညိတ် စိတ်တော်သိ လုပ်နေ ကြတဲ့ အလိုတော်ရိတွေကိုပဲ မဟုတ်လား။ ပြီးတော့ ကျမ စိတ်ပျက်တဲ့ အ၀န်းအ၀ိုင်းလေး တခုကို..။ ဒါပေမဲ့ ကျမရေးတဲ့စာက တာသွားခဲ့ပြီ။

ဒီလိုနဲ့ အဲဒီ အပြင်ရောက်စကာလမှာ ကျမဟာ အထင်နဲ့အမြင် လုံးလုံးလွဲပြီး ဟိုမရောက် ဒီမရောက်နဲ့… ပူပန် တုန်လှုပ်နေခဲ့ရတာတော့ အမှန်ပါ..။ ဒါကလည်း ကျမရဲ့ စိတ်ခံစားချက် နောက်ကို လိုက်မှုရဲ့ ဆိုးကျိုးဆက်တွေပါ ပဲလေ။

ဆယ်ကျော်သက်အရွယ် လူမမည်ကလေးကတည်းက တောခိုခဲ့ပြီး ဒီဘက် တော်လှန်ရေးနယ် နယ်စပ်ထဲမှာ နှစ် ၂၀ကျော်ကြာနေနေတဲ့ မောင်လေးတယောက်က ကျမကိုပြောတဲ့ စကားလေး သတိတရ ပြောပြချင်ပါတယ်။ ကျမ ဘာလို့ ထွက်လာလဲဆိုတာကို မေးကြတဲ့အခါ ကျမက ခုအကြောင်းအရာတွေကိုပဲ ပြောပြောပြတာမို့.. သူက ပြောပါတယ်..။ လက်စသတ် တော့ ငါ့အမက တောခိုလာတာမှမဟုတ်ဘဲ.. အိမ်ပြောင်းလာတာကိုး.. တဲ့။ တကယ်လည်း သူပြောသလို ဖြစ်နေခဲ့တယ်ထင်ပါတယ်။ ကျမက နိုင်ငံအတွက်ဆိုတာက ၁၀ရာခိုင်နှုန်း.. ဒီအရပ်မှာ မနေချင်တော့ဘူးဆိုတဲ့ ကိုယ့်အတ္တအတွက် ၉၀ရာခိုင်နှုန်းနဲ့ နိုင်ငံ့အပြင်ဘက် ထွက်လာသူကိုး။

တကယ်ဆို ကျမထက်ဆိုးတဲ့ ဘ၀တွေ အများကြီး..။ ကျမထက် အန္တရာယ်ရှိသူတွေ အများကြီး.. သူတို့တွေတောင် ကြံ့ကြံ့ခံနေတာ..။ ကျမ စဉ်းစားခဲ့တာက ကျမသာ အပြင် ရောက်လို့ ပြောခွင့်တွေရရင်.. စစ်အစိုးရ လိမ်ညာနေတဲ့ ပညာရေးကိစ္စတွေနဲ့ စစ်အစိုးရ အလိုတော်ရိ ပညာရှင်တွေရဲ့ မသမာမှုတွေကို ပြောခွင့်ရမယ်..။ ပြီးတော့ ကျမက စာရေးဆရာဖြစ်တဲ့အတွက်ရော.. ကျောင်းဆရာမဖြစ်တဲ့အတွက်ရော.. နောက်.. ဘယ်တုန်း ကမှ စစ်အစိုးရ သစ္စာခံ အလိုတော်ရိ မလုပ်ခဲ့ဖူးတာကြောင့်ရော.. ကျမအတွက် ဒီဘက်ခြမ်းမှာ လုပ်စရာတွေ လုပ်နိုင်တာတွေ အများကြီး ရှိမယ်.. နေရာလေးတနေရာတော့ ရှိမယ်…လို့။ အဲလို တွေးခဲ့တာလေ..။ ပြီးတော့ ကျမ ခံစားခဲ့ရတာက စစ်အစိုးရကို မုန်းတဲ့ ခါးခါးသီးသီးအမုန်းရယ်.. အဲလို လူတွေကို ကြောက်လန့်ပြီး မလွန်ဆန်နိုင်တဲ့ ပတ်ဝန်းကျင် ထဲမှာ မနေနိုင်လောက်အောင် ပူလောင်ပြင်းပျတာရယ်.. ဒါကိုပဲ ခံစားခဲ့တာလေ။ တကယ်မှာလည်း ကျမက ဘယ်တုန်းကမှ နိုင်ငံရေးလို့ ခေါင်းစဉ်တပ်နိုင်တဲ့ လောကထဲ မကျင်လည်ခဲ့ဖူး။ တခါတရံမှလည်း လူထုအတွက် ထောင်ကျတန်းကျနဲ့ အနစ်နာမခံခဲ့ဖူးလေတော့ ကျမ ထွက်လာတဲ့ ကိစ္စမှာလည်း နိုင်ငံရေးဆိုတဲ့ကဏ္ဍကို မတွေးမိခဲ့ပါဘူး။ အဲသလိုပဲ နိုင်ငံရေးကိုပြပြီး လုပ်စားလို့ ရတယ်ရယ်လို့လည်း မသိခဲ့ပါဘူး။

ဒါပေမဲ့ တမိသားနဲ့ တမိသား ပေါင်းသင်းကြရသူတွေလို ဒီဘက်လောက က ကျမကို စူးစမ်း.. ကျမကလည်း သူတို့ကို အကဲခတ်နဲ့။ အိမ်ထောင်ဦးကာလ အဆင်မပြေကြတတ်ကြသလို အခက်အခဲလေးတွေ အလွဲလေး တွေတော့ ရှိသပေါ့..။ နောက်တော့ ကျမရဲ့ ရန်ကုန် တက္ကသိုလ်မှာ ကဗျာစာအုပ်တွေထုတ်စဉ်က တူတူ ရေးဖက်ဖြစ်ဖူးပြီး ၈၈ စက်တင်ဘာ အာဏာသိမ်းကတည်းက တော်လှန်ရေးနယ်ထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ မိဆူးပွင့်(အစောပိုင်း မြသီလာတွေမှာ ရေးခဲ့ဖူးပါတယ်)တို့ Burmese Women’s Union က လှမ်းခေါ်ပေးလို့ ဇင်းမယ်ကို ခြေချခဲ့ရတာ.. မတ်လ ၃၀ရက်နေ့ပေါ့။ အဲဒီ ၂၀၀၅ မတ်လ ၃၀ရက်နေ့ကနေ ၂၀၀၈ ဒီဇင်ဘာလ ၂၅ရက်နေ့ထိ နေခဲ့ရတဲ့ ဇင်းမယ်ဟာ… ဘာပဲဖြစ်ဖြစ်.. ကျမကို နွေးနွေးထွေးထွေး ကြိုဆို ပွေ့ဖက်ခဲ့ပါတယ်။

+++++

ဇင်းမယ်ရဲ့ နွေမှာ ကျမတို့ မိသားစုဟာ အရာရာကို အသစ်က စကြရပါတော့တယ်။ ပတ်ဝန်းကျင်သစ်.. ဆက်ဆံရေးနယ်ပယ် အသစ်.. ဘာသာစကား အသစ်.. သင်ယူ လေ့လာ စရာ အသစ်တွေကလည်း အများကြီးပေါ့..။ ။ အဲဒီ အချိန်တွေမှာလည်း ကျမ စိတ်ဓာတ်တွေ လဲပြိုခဲ့တာ မကြာခဏ..။ ဒီဘက် အ၀န်းအ၀ိုင်းထဲ ရောက်စ… ကျမက နှစ် ၂၀နီးပါး ကျောင်းဆရာမ လုပ်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဒီဘက်က ပညာရေးဆိုင်ရာ ဏ္ဍလှုပ်ရှားမှုတွေထဲ သေသေချာချာ ၀င်လုပ်ပေးချင်တာ..။ ဒီဘက်မှာလည်း အဲလို ပညာရေး အဖွဲ့အစည်းကြီး ရှိနေတာဆိုတော့..။ ဒါပေမဲ့ … ကျမမှာ ဘာနိုင်ငံရေး ကျောထောက်နောက်ခံမှ မရှိ.. နောက် အင်္ဂလိပ်လို မပြောနိုင်လို့တဲ့…။ ဒါနဲ့ပဲ ကိုယ်တတ်တဲ့ ပညာရေးလည်း လုပ်ခွင့် မရခဲ့ပါ။ (အင်္ဂလိပ်လို တတ်ဖို့ လိုတယ်ဆိုတာကို ကျမ အသေအချာ လက်ခံပါတယ်.. ဒါပေမဲ့ ပညာရေးအကြောင်း ကောင်းကောင်း သိတဲ့သူကို တွဲလုပ်ဖို့ ခေါ်သင့်တယ်လို့လည်း ထင်တာပဲ… ဒါပေမဲ့ အဲဒီမှာက ပညာရေးအကြောင်း သိတာထက် နိုင်ငံရေး အဖွဲ့တခုခုက ဖြစ်ဖို့နဲ့ အင်္ဂလိပ်လို ပြောနိုင်ဖို့က ပိုအရေးကြီးခဲ့ပါတယ် :P) ။ (ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆရာ ဒေါက်တာသိန်းလွင်တို့ ပညာရေးသမား ဆရာ ဆရာမတွေနဲ့အတူ ပညာရေးပိုင်းကို ကိုယ်နိုင်သလောက်လေး ကူနိုင်ခဲ့ တာလေးတွေနဲ့ ထိုင်းတောင်ပိုင်း ဆူနာမီဒေသက ကိုထူးချစ်တို့ GHRE ရဲ့ မြန်မာကျောင်းတွေကို ကူခွင့်ရခဲ့တာတွေကတော့ စိတ်ချမ်းသာစရာ ဖြစ်ခဲ့ပါတယ်) ။

ဇင်းမယ်ကို ရောက်ပြီး သိပ်မကြာခင် ကျမရဲ့ စာရေးဆရာအဖြစ် အလုပ်တခု စလုပ်ရပါတယ်။ အဲဒီအလုပ်က အိမ်ကနေ စာထိုင်ရေးပြီး တပတ်မှာ ၂ရက်လောက် ရုံးသွားရပါတယ်။ ကံကောင်းသလား ကံဆိုးသလားတော့ မသိပါဘူး.. ကျမ သွားရတဲ့ ရုံးခန်းက ဇင်းမယ် တက္ကသိုလ်ထဲမှာပါ..။ ဇင်းမယ်တက္ကသိုလ်ရဲ့ အဓိပတိ လမ်းမကြီးကနေ ဖဲ့ဝင်ရတဲ့ လမ်းသွယ်လေးမှာ ကျမ သွားရတဲ့ ရုံးခန်းလေးရှိပါတယ်။ သစ်ပင်ပန်းပင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အ၀န်းအ၀ိုင်းက ရန်ကုန်တက္ကသိုလ်နဲ့ တူလှတဲ့ ဇင်းမယ်တက္ကသိုလ်က ကျမကို အမြဲ လွမ်းအောင် လုပ်နိုင်ခဲ့ပါတယ်။ ဇင်းမယ်တက္ကသိုလ်ကတော့ အလှအပ အမွမ်းအမံနဲ့ ပြင်ဆင် ထားလို့ ပို ကြည့်ကောင်းပေမဲ့ ကျမကတော့ မပြည့်မစုံနဲ့ပဲ ပျော်စရာကောင်းတဲ့ သာယာတဲ့ ကျမရဲ့ ရန်ကုန်တက္ကသိုလ်ကိုပဲ လွမ်းရတာပါပဲ။ နောက်တခု စိတ်ထိခိုက်ရတာကတော့ ဇင်းမယ်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေရဲ့ လွတ်လပ် အေးချမ်းမှု.. အဆင့်မြင့် ပညာရေးကို သင်ခွင့်ရမှု.. ကျောင်းသားအခွင့်အရေးနဲ့ တက္ကသိုလ်ရဲ့ အရသာတွေကို အပြည့်အ၀ ခံစားခွင့်ရနေမှုတွေက ချို့တဲ့ရရှာတဲ့ မြန်မာပြည် တက္ကသိုလ် ပညာရေးထဲက ဘ၀တွေကို နှိုင်းယှဉ်သတိရမိတာကြောင့်ပါပဲ။ အဲဒီတုန်းက ခံစားချက်ကို လွမ်းတတ်သူဆိုပြီး ကျမ ၀တ္ထုလေးတပုဒ် ရေးဖူးပါတယ်။ ဒီမှာ ပါ..။

+++++

ပြန်လှည့်ကြည့်တော့ ဇင်းမယ်မှာ နေခဲ့ရတဲ့ ၄နှစ်နီးပါးကတော့ ကျမအတွက် တကယ် စိတ်အေးလက်အေးနဲ့ သာတောင့်သာယာရှိတဲ့ အချိန်တွေပါပဲ..။ ကျမ လုပ်ချင်တဲ့ ပညာရေးအလုပ်နဲ့ စာရေးတဲ့အလုပ်ကို အေးအေးချမ်းချမ်း လုပ်ခဲ့ရတာမို့ ကျမစိတ်ထဲ ကျေနပ် မိပါတယ်။ ကျမစိတ်ထဲ ဇင်းမယ်မှာပဲ တသက်လုံး နေတော့မယ်လို့တောင် တွေးထားခဲ့တာပါ။ ဇင်းမယ် မှာက စေတီဘုရား ဘုန်းကြီးကျောင်းတွေ အများကြီး…။ မြန်မာနိုင်ငံသားတွေ လက်ညှိုးထိုး မလွဲ..။ မြန်မာစားစရာကအစ မြန်မာအငွေ့အသက်တွေ နေရာအနှံ့..။ ပြီးတော့ တန်ဆောင်တိုင် လွိုင်ကထုံပွဲတော်နဲ့ သင်္ကြန်…။

(နာမည်ကျော် လွိုင်ကထုံမှာ)

ဇင်းမယ်မှာ နေဖူးသူတိုင်း ဇင်းမယ်ကို မငြိတွယ်သူ မရှိနိုင်ပါ..။ ရှမ်းပြည်မှာ နေခဲ့ဖူးတဲ့ ကျမအတွက်တော့ ဇင်းမယ်မှာ ဆောင်းတွင်း ဆိုရင်… တောင်ကြီးရောက်နေသလိုလို… မေမြို့ ရောက်နေသလိုလို.. နွေ ဆိုရင်တော့ မန်းလေးမှာပဲ ရောက်နေသလိုလို..။ ကျမအနားမှာလည်း မောင်လေး ညီမလေးတွေ ချစ်ရတဲ့ သူတွေနဲ့..။ အဲဒီအခါ ဇင်းမယ်ဟာ.. ကျမရဲ့ ဒုတိယအိမ်ပါပဲ..။

သောကြာနေ့မနက်ဆို တပတ်လုံးမှ အဲဒီတရက်သာ ရှိတဲ့ သောကြာဈေးလို့ ကျမတို့ အလွယ်ခေါ်တဲ့ ဈေးလေး ဆီကို ရောက်အောင် သွားမြဲ..။

(သောကြာဈေး)

အဲဒီမှာ တို့ဟူးနွေးစားမယ်.. ခေါပုပ်ကင် စားမယ်.. မြန်မာနိုင်ငံမှာတောင်မှ ရှမ်းပြည်ဘက်မှာပဲ ရနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေ အဲဒီ ဈေးမှာ ရမယ်..။ မြန်မာပြည်က ပစ္စည်း တိုလီမိုလီတွေ.. လက်ဖက်… အကြော်စုံ… ပဲကြော်မျိုးစုံ…။ ရှမ်းစကားသံ ၀ဲဝဲလေးတွေ ကြားရတဲ့ တကယ့် ရှမ်းပြည်က ဈေးကလေးလို..။ စမူဆာ တို့ဟူးကြော် ပူပူနွေးနွေးနဲ့ ကုလားကြီးလက်ဖက်ရည်နဲ့ မနက်စာက အလွန် အဆင်ပြေ..။

စနေဆိုရင်တော့ ကျမတို့ နီးစပ်ရာစုပြီး အဆင်ပြေတဲ့ နေရာမှာ တခုခု လုပ်စားမြဲ..။ ကျမက အိုးသူကြီးပေါ့..။ အများဆုံး ဆုံရပ်ကတော့ ကျမရဲ့ မောင်လေးတွေလို ဖြစ်နေတဲ့ ကလေးတွေရှိရာ ဗကသရုံးပေါ့။

(ဗကသရုံးမှာ မန်းလေးထမင်းသုပ် လုပ်စားတဲ့ နေ့)

တနင်္ဂနွေဆိုရင်တော့ မိသားစုအတွက် စပယ်ရှယ် ဒေးပေါ့။ အိမ်နဲ့နီးတဲ့ ကစားကွင်းဆီ ဖြစ်ဖြစ်.. ကန်တော်ကြီးဆီကိုဖြစ်ဖြစ် မိသားတစု သူငယ်ချင်းတချို့နဲ့ ခဏခဏ သွားဖြစ်..


(၀စ်သင်းတောက် လို့ ခေါ်ကြတဲ့ ကန်တော်ကြီးမှာ)
တခါတလေ.. ရေတံခွန်..

(သွားနေကျ ရေတံခွန်)

တခါတလေ ရေပူစမ်း.. တခါတလေ.. တောင်ပေါ် ဒွိုင်ဆူထစ် ဘုရားဖူး…။

(ဒွိုင်ဆူထစ်တောင်တက်လှေကား)

(ဒွိုင်ဆူထစ်တောင်ပေါ်ကနေ မြင်နေရတဲ့ ညနေခင်းထဲက ဇင်းမယ်)

ထိုင်းမှာ နေခဲ့တဲ့ ၄နှစ်အတွင်း လေးငါးခေါက်ရောက်တာက ထိုင်းတောင်ပိုင်း ဖူးကက်ကမ်းခြေက ရွာကလေး တွေဆီ…။ အဲဒီမှာ မြန်မာပြည်တောင်ပိုင်းသားတွေနဲ့ အနောက်ပိုင်းသားတွေ အစုလိုက်အပြုံလိုက် တွေ့နိုင်တယ်။ ကျမတော့ ဖူးကက်ရောက်ရင် တနင်္သာရီပဲ ရောက်သွားသလိုလို.. မွန်ပြည် ရခိုင်ပြည်တွေပဲ ရောက်သွားသလိုလို ခံစားရပါတယ်။ အဲဒီ ဖူးကက်မှာ ကျမကို အမြဲ နွေးနွေးထွေးထွေး ခံစားရစေတဲ့ GHRE (Grassroots Human Rights and Development) အဖွဲ့သားတွေ ရှိတယ်။ ဆူနာမီငလျှင်ကနေ ပြန်ရုန်းထခဲ့ရတဲ့ မြန်မာ မိသားစုတွေရဲ့ ကလေးငယ်တွေအတွက် အဲဒီအဖွဲ့က ဖွင့်ထားတဲ့ စာသင်ကျောင်းတွေ အရည်အချင်းမြှင့် သင်တန်းတွေ ရှိတယ်။ အဲဒီ စာသင်ကျောင်းတွေထဲမှာ ကလေးတွေအပေါ် စေတနာထားလှပြီး စာသင်တာလည်း တကယ်ကောင်းတဲ့ ဆရာ ဆရာမတွေ ရှိတယ်။ ချစ်စရာကောင်းတဲ့ ကြိုးစားတဲ့ ကလေးတွေလည်း ရှိတယ်။ ကျမကတော့ အဲဒီ ကျောင်းတွေ အတွက် ပညာရေးဆိုင်ရာ.. အထူးသဖြင့်တော့ မြန်မာစာနဲ့ ပတ်သက်ပြီး လိုတာလေးတွေ ကူဖို့ ဆိုပြီး သွားရင်း တကယ်တော့ ကိုယ်သိတာလေးတွေကို ဝေမျှတာက နည်းနည်း။ သူတို့ဆီက ဘ၀တွေကို စာပြန်ရေးဖို့ ယူခဲ့ရတာက အများသား..။ ခုနေခါမှာတော့ တော်တော် များများကို ကျမ မေ့ထားချင်ပါတယ်..။ တကယ်တမ်းကျတော့ ကျမက ဘာတခုမှ ထိထိ ရောက်ရောက် တကူးတက လုပ်ပေးနိုင် ခဲ့သူ မဟုတ်..။

တချို့က ကျမကို လေးစားပါတယ်တွေ… ချီးကျူးပါတယ်တွေ… ပြောလာရင်တော့ ကျမက မျက်နှာပူနေတတ် ပါတယ်..။ ကျမက တိုင်းပြည်နဲ့ လူထုအတွက် ဘာတခုမှ အနစ်နာခံ မလုပ်ဖူးသလို တိုင်းပြည်နဲ့ လူထုကို ဘယ်တုန်းကမျှ အလွဲသုံးစားမလုပ်ခဲ့ဘူးဆိုတာလေးကြောင့်တော့ ဂုဏ်မယူချင်ပါ..။ ကျမက လူတဦး တယောက်မှ အစ ကမ္ဘာမြေကြီးအပေါ်အထိ ကျမရဲ့ ၀န် ပိမှာကို စိုးရိမ်ပါတယ်..။ ဒါလောက်ပါပဲ..။ အဲဒီအခါ ရောက်လေရာမှာ ကိုယ်ကျင်လည်ရာ ၀န်းကျင်လေးအပေါ်သာ တတ်နိုင်သလောက် တာဝန်ကျေအောင်တော့ လုပ်ဖြစ်ပါတော့တယ်..။ ဒီလိုနဲ့ ဇင်းမယ်မှာ ကျမဟာ တကယ့်ကို စိတ်အေးလက်အေးဆန်ဆန်နေခဲ့တာ.. ၄နှစ်နီးပါး..။ ဇင်းမယ်မှာ ကျမ စိတ်ဆင်းရဲစရာ.. ထိတ်လန့် ကြောက်ရွံ့စရာ အိပ်မက်ဆိုးနဲ့ ကြုံခဲ့ရမယ်လို့လည်း နည်းနည်းမှ မထင်ခဲ့တာပါ..။ ဒါပေမဲ့.. အသစ်တခုဆိုတာက ကျမကို ဘယ်တော့မှာ ချောချောမွေ့မွေ့ မကြိုဆိုခဲ့ပါ…..။

+++++

(တကယ်တော့ ကျမ ဆက်မရေးချင်တော့ပါ… အဖြစ်အပျက်တွေက ပြန်မတွေးချင်တော့တာတွေ…. များ များ လာနေပြီ….။ ဒါ့ကြောင့် မြသီလာကို အပိုင်း(၄၀)ပြီးရင် ရပ်ပါတော့မယ်…)


Thursday, March 26, 2009

မြသီလာအလွမ်းပြေ(၃၇)


၂၀၀၅ ရဲ့ ဇန်န၀ါရီ…။
ကိုယ် ပတ်သက်နေရတဲ့ နေရာတိုင်းမှာ အကျင့်ပျက် ခြစားတာတွေ… ဆင်းရဲ ငတ်မွတ်တာတွေ… ပညာရေးစနစ် ပျက်စီး ယိုယွင်းနေတာ.. ဒါ့ထက်ပိုဆိုးတာက စစ်အစိုးရက ၀န်ထမ်းလောက အပါအ၀င် အနုပညာလောက စာပေလောကတွေထဲကို ဖောက်ဝင်ပြီး သပ်လျှို သွေးခွဲနေတာတွေအပေါ် ကျမ တစစ သွေးပျက်လာရတာ..။ အဲဒီအချိန်မှာ မိုးခါးရေ သောက်နိုင်မလား… ဆိုတာက ကျမအတွက် သိပ်ကြီးတဲ့ စိန်ခေါ်ချက်ဖြစ်လာပါပြီ။

ဒီလိုနဲ့ အလုပ်ထွက်စာတင်ဖို့ဘက်ကို အားသာသာလာတယ်။ အဓိကကတော့ ကျမရဲ့ အမေရိကန်က မိတ်ဆွေ ပြောတာကို စိတ်က ရောက်နေတာပါ။ ဘန်ကောက်သာ ရောက်အောင် လာလိုက် ခဗျားဆိုရင် ဗီဇာ လွယ်လွယ်လေးတဲ့။ (ဟဲဟဲ.. ကိုယ်ကလည်း ယုံတာ.. ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်သေး.. တက္ကသိုလ်က မတောက်တခေါက် ကထိက.. မဖြစ်ညစ်ကျယ် စာရေးဆရာမ များ.. တော်တော် ကြီးကျယ်တယ် ထင်တာ။ ပြီးတော့ ခုလောက် မြသီလာကို ဖတ်လာမှတော့.. ကျမ ညံ့ချက်တွေ သိလောက်ရောပေါ့..။ ကျမကို ကိုယ့်ကို ပြောရင် တကယ်အမှန်ပဲ ထင်တာ.. ယုံတယ်။ ညီမလေးတယောက်က ပြောဖူးတယ်.. အမက မထင်ရဘူး..တဲ့။ ကြည့်တော့ လည်မလိုလိုနဲ့ .. ဘသူပြောပြော ယုံနေတာပဲ.. တဲ့။ အဲဒါ အမှန်ပဲ။ ဘယ်သူပြောပြော သိပ်မယုံနဲ့လို့ တွေးထားလည်း ကိုယ့်ရှေ့ မျက်နှာသေနဲ့ လာပြော.. ယုံတာပဲ။ အထူးသဖြင့် "မေငြိမ်းကို ကောင်းစေချင်လို့ ပြောတာ.." ဆိုတာလေးသာ သူ့စကားမှာ ပါလိုက် ယုံပြီးသား… ခုထိ။

တကယ်တော့ ကျမက သူများကို (ဘယ်တော့) ဘယ်တော့မှ မလိမ်ညာ။ အထူးသဖြင့် လူတဘက်သား ဘ၀နဲ့ ချီတဲ့ အရေးကြီးတဲ့ ကိစ္စမျိုးဆိုရင်တော့ ပိုလို့တောင် မညာသေး...။ ဆိုတော့ လူတိုင်းကို ကိုယ့်လိုပဲ မှတ်ပါတယ်။ ဒါပေမဲ့ ခုတော့ ကျမ ခပ်ရေးရေး သိပါပြီ။ လောကကြီးက ကျမ ထင်သလောက် မရိုးစင်း..။ အဲသလိုပဲ လူတွေကလည်း ကျမလိုချည်းပဲတော့ မဟုတ်။ တချို့ဆို အလကားနေရင်းကို လိမ်ပြော ညာပြော လိုက်ရမှ နေသာ ထိုင်သာ ရှိတာမျိုးလေ။ တချို့ကတော့ လိမ်တာဟာ အပြစ်လို့တောင် မသိတော့။ လူတဘက်သား အတွက် ဒုက္ခဆိုတာလည်း မတွေးကြတော့။ ကျမတို့ရဲ့ အာဏာပိုင်မင်းများနဲ့ သိပ်မကွာ..။

ဒီလိုနဲ့ ကျမ အလုပ်ထွက်ချင်ကြောင်း ရာကျော့်ကို လှမ်းပြောတော့ သူ့ခမျာ စိတ်မကောင်း ဖြစ်ရှာပါတယ်။ သူက ကျမ ဆရာမ လုပ်တာကို သဘောကျတာဆိုတော့ သူက ပြောတယ်။ ကလေးတွေကို ဆရာမ သားသမီး ဖြစ်စေချင်တာတဲ့။ ဟုတ်ပါတယ်။ ကျမတို့ နှစ်ယောက်လုံးကလည်း ဆရာ ဆရာမ သားသမီးတွေ။ ပြီးတော့ ဒီဘ၀ကိုပဲ နှစ်ခြိုက် ရွေးချယ်ခဲ့သူတွေ..။ ဒါပေမဲ့ ကျမ မပျော်တော့တာကိုပဲ တွင်တွင် ပြောနေမိတယ်။ သေချာတာက ကျမ ပိုက်ဆံ ပေါနေတာမှာတောင် မပျော်ပိုက်နိုင်တော့ဘူး ဖြစ်လာတယ်။ ဒါနဲ့ နောက်ဆုံးတော့ ရာကျော့်ကို အလုပ်ထွက်ဖို့ သေချာပြီလို့ ပြောလိုက်တော့တယ်။ ဒီတော့လည်း သူ ဘာမှ မပြောတော့ပါဘူး။ ကျမ သူငယ်ချင်းတွေကတော့ ပူကြတယ်.. ဘာလုပ်မလဲတဲ့..။ ကျမက ပုသိမ်မုန့်ဟင်းခါးရောင်းမှာပေါ့.. လို့ ဖြေတာပဲ..။ ကျမ ကောင်းကောင်း လုပ်တတ်တာ ဒါပဲ ရှိတာကိုး (ကြုံကြွား:P)။ မိတ်ဆွေကာတွန်းဆရာ ဆွေမင်း(ဓနုဖြူ) ကတောင် သူ့ တွတ်ပီကာတွန်းတအုပ်ထဲမှာ မုန့်ဟင်းခါးဆိုင် ဇာတ်ကွက် တကွက် ပါတာကို မေငြိမ်း ပုသိမ် မုန့်ဟင်းခါးလို့ ရေးပြီး နောက်ခဲ့သေးတာ။ တကယ်.. ကျမလေ.. မေငြိမ်း (မဟာဝိဇ္ဇာ) အငြိမ်းစားကထိက.. ပုသိမ်မုန့်ဟင်းခါး လို့ကို ဆိုင်းဘုတ်တပ်ပြီး လမ်းဆုံလေးခွမှာ ရောင်းပစ်လိုက်ချင်တာ .. ရွတ်ရွတ်နဲ့ပေါ့။ အဲဒီတလော စိတ်ကလည်း အချဉ်ပေါက်လိုက်သမှ..။

ဖြစ်ချင်တော့ မလေးရှားကနေ ရာကျော်က ဓာတ်ပုံတွေ ပို့တဲ့အခါ အမြင့်တက်နေတာတွေ တွေ့ရတော့ နှလုံးက အောင့် အောင့်ချင်လာတယ်။ ရန်ကုန်မှာတုန်းကတော့ Agent က ရာကျော်က အင်္ဂလိပ်လိုပြောနိုင်ပြီး ဘွဲ့ရလည်း ဖြစ်လို့ Supervisor ခဏနဲ့ ဖြစ်မှာတဲ့။ တကယ် ဟိုရောက်တော့လည်း supervisor လို့တော့ ပြောပါရဲ့။ လုပ်ရတာတွေက တယ် မချောင်ဘူး။ ရတော့လည်း ဘယ်လောက်မှမဟုတ်.. အိမ်ကို တလ ၂သိန်းမှ အနိုင်နိုင်…။ ဒါနဲ့ပဲ ရာကျော့်ကို ပြန်ခဲ့တော့…။ အိမ်မှာပဲ အမေ့ကားတစီးကို ယူမောင်းတာတောင် အဲလောက်ပဲ ရပြီး မိသားစုနဲ့ လည်း ရက်ရှည်လများ ခွဲနေစရာမလိုဘူးပေါ့။ ပြီးတော့ သားကြီးက ၁၃နှစ်ပေမဲ့ ထွားတော့ လူပျိုပေါက်ကြီး ဖြစ်လာပြီ။ အရပ်ကပဲ ၅ပေ ၈လက်မ ရှိပီ။ သားယောက်ျားလေးက အဖေရှိမှ ထင်တယ်ပေါ့..။ ဆိုတော့ သွားတာမှ ၂နှစ်မပြည့်.. ကိုရာကျော်တယောက် ပြန်ချလာရ ပါလေရော..။ သူပြန်ရောက်တော့ ကျမ အလုပ် ထွက်စာတင်တဲ့ ကိစ္စက တန်းလန်း..။ ကျမကို ရစ်နေတာလေ.. အမျိုးမျိုး။ ဟိုဟာတောင်း ဒီဟာတောင်း.. ပေါ့။

နောက်တော့ စိတ်ရှုပ်လာတာနဲ့ ကျမတို့ မိသားစုနဲ့.. အချစ်ဆုံး သူငယ်ချင်း မိသားစု အုပ်စုကြီးတွေနဲ့… ပုသိမ်ဘက် သွား ချောင်းသာ သွား.. သွားပစ်လိုက်တာ..။ အဲဒီမှာ ပုသိမ်ရောက်တော့ အမျိုးတွေ ရှိတဲ့ဘက်တွေ ခြေဦးမှ မလှည့်ဖြစ်ဘဲ သူငယ်ချင်းမကြီး ဒေါ်ခင်မင်းဇော်အိမ်မှာ တည်း..။ လျှောက်လည်ပေါ့။ တပျော်ကြီး နေတာ..။ စိတ်ချမ်းသာ လိုက်တာ..။ ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်…။ သားကြီးက ၈တန်းစာမေးပွဲ တန်းလန်း..။ ကျမရဲ့ အလုပ်ထွက်စာ အထက်က လက်မခံ..။ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ဖိသိပ်နေတဲ့ အောက်မှာ…။

တနေ့တော့ ဒေါ်ခင်မင်းဇော်က ခွဲနေရတာ ကြာပြီဖြစ်တဲ့ သူ့မောင်တော် နောက်လိုက်ချင်တယ်တဲ့..။ မြ၀တီလမ်းအတိုင်း သူ့မောင်တော်ဆီအရောက် ဘယ်လိုသွားရမလဲလို့ ဘားအံသား ရာကျော့်ကို တိုင်ပင်တာ…။ ကျမစိတ်ထဲ ဘယ်လိုဖြစ်သွားတယ် မသိ..။ ငါတို့လည်း လိုက်မယ်လို့ ပြောလိုက်မိရော..။ သူက ဟဲ့ တကယ်လား.. ငါ့ကို လိုက်ပို့မယ်ပေါ့.. ဟုတ်လား..တဲ့။ ကျမက စိတ်ထဲ တကယ့်ကိုပဲ ရုတ်တရက်.. လိုက်မယ်ဟာ.. ငါတို့ပါ.. အဲဒီထိ လိုက်မယ်။ ခုတိုင်းဆို ငါ့ အလုပ်ထွက်စာကိစ္စရော.. Passport ကိစ္စရော.. လွယ်မှာ မဟုတ်ဘူး..။ ရာကျော်ကတော့ တော်တော်ကို စိတ်ညစ်သွားပုံရပါတယ်။ မျက်နှာ မကောင်း ဘူး။ ခင်မင်းဇော်ကတော့ သေချာ စဉ်းစားပါဦးဟာ .. တဲ့။

+++++

အဲဒီရက်တွေထဲ.. ကျမမြင်ယောင်နေတာ ကျမ ၀န်းကျင်က သနားစရာ မျက်နှာပိန် ဖျော့ဖျော့ တွေ…။ မုန်းစရာ ရက်စက်မျက်နှာတွေ..။ ရွံစရာ ပရော်ပရီမျက်နှာတွေ…။ မထေမဲ့မြင် ရယ်သံ တွေ..။ နှလုံးအော့စရာ ဖော်လံဖားတွေ..။ သာတောင့်သာယာရှိစရာ… ဘာမှ မတွေ့မိ..။ ကျမ စိတ်ထဲ.. အဝေးကြီးကို ထွက်ပြေး သွားချင်တာပဲ သိတယ်။ ခင်မင်းဇော်ကတော့ ယုံတယ်.. ကျမတို့ သူရှိနေသရွေ့ ဒုက္ခမရောက်ရဘူးတဲ့..။ ကြည့်ပါဦး.. မိသားစု ၅ယောက်.. သူများတိုင်းပြည်ကို တရားမ၀င် သွားမယ်လို့ စဉ်းစားတာ.. ကြောက်စရာ တကယ် ကောင်းတာပါ။ ပြီးတော့ ကျမက တသက်လုံး ကျောင်းဆရာမ စာရေးဆရာမ.. ဆရာချည်း လုပ်လာ တာ..။ သူများတိုင်းပြည်မှာ ဘာလုပ်မှာလဲ..။ ဒါပေမဲ့ သေချာတာကတော့ ကျမ အင်မတန် ချစ်မက် စွဲလန်း ပါတယ်ဆိုတဲ့ မြေမှာ ကျမ တရံတဆစ်မျှပင် မနေချင်တော့ပြီ။ ကျမ တကိုယ်ကောင်းဆန်သလားဆိုတာလည်း မစဉ်းစားမိပါဘူး။ ကျမစိတ်ထဲ တခုပဲ ရှိခဲ့ပါတယ်..။ သူများမြေမှာ ဘယ်လောက် ဒုက္ခရောက်ရောက် ခံတော့မယ်.. ဒီလောက ၀န်းကျင်မှာတော့ မနေချင်တော့ဘူး.. ဆိုတာ။ (တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပမွှားလို့ မထင်တဲ့ ကျမက အပြင်မှာတော့ ငါလိုကောင် ဒုက္ခရောက်စရာလား..လို့လည်း ထင်တလုံးနဲ့ ရှိနေခဲ့တာလည်း ပါပါတယ်.. နောက်တခုက သတင်းအချက်လက်မှား တွေပေါ့။)။

+++++

တကယ်တော့ ကျမ စဉ်းစားခဲ့တာပေါ့… အများကြီးမှ တကယ့် အများကြီး..။

ကျမ သားကြီးကို ငွေတမျက်နှာတည်း ကြည့်ပြီး လူ့တန်ဖိုးကို ငွေနဲ့ ဆုံးဖြတ်တဲ့ ၀န်းကျင်မှာ မကျင်လည် စေချင်ဘူး။ အဲလို ၀န်းကျင်ထဲ မလိုအပ်ဘဲ သား စိတ်ကျခံစားရတာမျိုး အဖြစ်မခံနိုင်ဘူး။ (သေချာတာက ကျမသားဖြစ်တဲ့အတွက် ဒီခေတ်ထဲမှာ ငွေဆင်းရဲမယ်.. ဂုဏ်သိက္ခာ ချမ်းသာပေမဲ့ တန်ဖိုး မရှိ.. အဲဒီအခါ သား စိတ်ထိခိုက်မယ်.. သားလိုအပ်မယ့် ရုပ်ဝတ္ထု ပစ္စည်းတွေ ကျမ ဖြည့်မပေးနိုင်တဲ့အခါ ၀န်းကျင်အလယ်မှာ သား သိမ်ငယ်မယ် .. ဖြည့်ပေးနိုင်အောင် ကျမ လုပ်တော့မယ်ဆိုရင်.. ဂုဏ်သိက္ခာ ဆင်းရဲမယ်.. ပြီးတော့ ကျမ မလုပ်မိဖို့ ကြိုးစားရင် အဲဒီ လူ့ပတ်ဝန်းကျင်ထဲမှာ အစစအရာရာ ဆင်းရဲတော့မယ်)

အဲသလိုပဲ သမီးလေး ကြီးလာတဲ့အခါ ပညာတတ်ပေမဲ့ ဆင်းရဲတဲ့ မိဘက မွေးတာမို့ ကျမငယ်ငယ်ကလို စိတ်မထားနိုင်ရင် သမီးမိန်းကလေးမို့ ပျက်စီးလွယ်လေမလား..။ ကျမစိတ်ထဲမှာ ရှေ့ လျှောက် လူငယ်တွေ ပို ပို ပျက်စီးမှာလို့ မြင်နေတာလေ..။ အဲဒီအချိန်ပေါ့.. Nude Show ကျိတ်ဝိုင်းတွေ ရှိနေပြီလို့ ကျမ သိနေရတာ..။ ကျမရှေ့မှာ တွေ့နေရတဲ့ ဟိုမရောက်ဒီမရောက် လူငယ်လေးတွေ..။ ကိုယ်က စီးပွားကျုံး ရှာနေရတာနဲ့.. သူတို့ကို မကြည့်နိုင်တာနဲ့.. ကိုယ့်ကလေးတွေမှ ကိုယ်မထိန်းနိုင်ရင်.. အဲဒီ ပတ်ဝန်းကျင် ရေစီးကြောင်း ထဲမှာ…………………. ကျမ ကြောက်တယ်…။ တကယ်တော့ ကျမ တကယ် ကြောက်ခဲ့တာက အဲဒီ ၀န်းကျင်ကြီး တခုလုံးကိုပါ..။ ဖျက်ဆီးသူတွေနဲ့ .. အဖျက်ဆီး ခံရသူတွေနဲ့.. ပျက်စီးနေသူတွေနဲ့.. ခုခံနေရသူ တွေနဲ့.. ကြိုးစားပြီး မတ်မတ် ရပ်နေရသူတွေ နဲ့…. ဒါပဲ ရှိတဲ့ တိုင်းပြည်.. မောလိုက်တာ..။ အဲဒီ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျမ ကြောက်တယ်..။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျမ ကလေးတွေရဲ့ အနာဂတ်ပဲလေ..။ ကျမရဲ့ ချိနဲ့တဲ့ အားအင်လေးနဲ့ ကလေးတွေအများကြီး မကယ်တင်နိုင်တော့တာ သေချာပြီ။ ဒါဆိုရင် ကျမ မွေးထားလို့ လူဖြစ်လာရတဲ့ ကလေးတွေကိုတော့ ကျမ ကယ်တင်ရတော့မှာပါပဲ..။

နောက်တခု တွေးစရာက အမေ…
ကျမဘ၀မှာ အမေတယောက်ပဲ ရှိတော့တာ..။ အမေက သားသမီးတွေရဲ့အပူအားလုံးကို ခေါင်းပေါ်ရွက်ထားတဲ့ အမေကြီး..။ အဖေက အမေကို သေသည်အထိ မပူမပင် နေရလောက်တဲ့ အနေအထားနဲ့ ထားသွားတာမို့ တော်ရုံနဲ့တော့ အမေက မယိုင်နဲ့နိုင်။ ပြီးတော့ အမေက တရားစခန်း အလီလီဝင်နေတာမို့.. စိတ်ပြေရာ ရှာတွေ့မယ့်သူ..။ တိုက်တိုက်ဆိုင်ဆိုင် နက်ဖြန် မတ်လ ၂၈ဆို အမေ အသက် ၆၉နှစ် တင်းတင်း ပြည့်ပြီ။ ကျမ မရှိရင် အမေ့နားမှာ သမီး ၃ယောက် ကျန်ဦးမှာပါ။ (တကယ်တော့ ကျမက အဖေနဲ့ နီးနီးကပ်ကပ်နေတတ်ပြီး အမေနဲ့ဆို စကား ဖွယ်ဖွယ်ရာရာ မပြောတတ်တာမို့ အမေနဲ့ ကျမက သမီးဦးနဲ့ အမေနဲ့ ဆိုပေမဲ့ ကျန်တဲ့ သမီးအငယ်တွေလောက် မနီးကပ်သလို ရှိနေခဲ့တာပါ.. အငယ်တွေကတော့ အမေနဲ့ ဘာသာစကားတူ.. လုံးထွေး။ ဒါပေမဲ့ အမေက ကျမနဲ့ ပတ်သက်ပြီး ဒုက္ခ အခံရဆုံး ထင်ပါရဲ့)

(အမေ... ဘာလိုလိုနဲ့ အသက် ၇၀ထဲ ၀င်ပြီ.. အဝေးဆုံးမှာ ရှိနေတဲ့ သမီးကြီးနဲ့ မိသားစုကို ဘုရားစင်ရှေ့မှာထိုင်ပြီး နေ့တိုင်းမေတ္တာပို့နေမှာ အသေအချာပေါ့)

နောက်တခု တွေးစရာက ရာကျော်…
သူ့ကိုတော့ ကျမ မပူမိ။ သူက ကျမနဲ့ ထပ်တူ လိုက်လျောနိုင်တဲ့သူ.. ပြီးတော့ ဘာကိုမဆို ရင်ဆိုင်ပြီး တတ်နိုင်သလောက် ကြိုးစား လုပ်မယ့်သူ.. သူ့ရဲ့ စိတ်ချမ်းသာမှုတို့ အလိုလောဘ တို့ ဆိုတာကတောင် ကျမနဲ့ မိသားစုအပေါ်ပဲ မူတည်တဲ့သူ…။ ပြီးတော့ ကျမက သူ့ကို ချုပ်နှောင်ထားဖို့ နည်းနည်းမှ မစဉ်းစားသူမို့.. သူ စိတ်ညစ်ညူးစရာ အကျဉ်းကျစရာ မရှိ (ကျမထင်တာပေါ့လေ.. တကယ် ဟုတ်မဟုတ်တော့ သူပဲ သိမှာပဲ :P )

(အဲဒါ ထိုင်းကို ရောက်စက ရာကျော်ပေါ့.. သနားစရာလေးနော်.. :P)

နောက်တခု တွေးစရာက ကျမအတွက်..
တကယ်လို့ အမေရိကန်နိုင်ငံမရောက်နိုင်ခဲ့ဘူးဆိုရင် ထိုင်းမှာ ကျမ နေရတော့မယ်။ အဲဒီ ထိုင်းမှာ ကျမ ဘာ လုပ်နိုင်မလဲ..။ ကျမ သိသလောက်.. ကျမလုပ်နိုင်တာ.. လှိုင်းတို ရေဒီယိုတွေ ရှိမယ်။ အွန်လိုင်းစာမျက်နှာတွေ ရှိမယ်.. သေချာတာက စာသင်ကျောင်း တွေ ရှိမယ်..။ ကျမက မြန်မာစာဆရာမမို့ ပြည်ပက တခြား တိုင်းရင်းသားတွေကို နိုင်ငံခြားသားတွေကို မြန်မာစာ သင်နိုင်မယ်ပေါ့.. (တကယ်တမ်းကျတော့ ကျမက အင်္ဂလိပ်စာ ညံ့သူ)။ ကျမ စဉ်းစားခဲ့တဲ့အထဲမှာ နိုင်ငံရေး ကဏ္ဍ မပါခဲ့ပါ။ ပြီးတော့ အဲဒီအချိန်မှာ ကျမသိခဲ့တာက ထိုင်းမှာ ဗမာတွေ နေရတာ သိပ်လွယ်တယ်… ဘယ်နိုင်ငံသွားသွား သိပ်လွယ်တယ်… အေးဆေးပဲ.. မေငြိမ်းဆို ဆရာမ လည်း ဖြစ်.. စာရေးဆရာလည်း ဖြစ်.. ဆိုတော့.. လွယ်လွယ်လေး.. ဆိုပဲ။ အဲလို Information တွေ message တွေနဲ့.. ။ ထုံးစံအတိုင်း မေငြိမ်းက ယုံပါပေ့။

မြသီလာကို တကယ် စွန့်နိုင်ပြီလား.. ခွဲခွာနိုင်ပြီလား… စဉ်းစားတော့လည်း လွမ်းဆွတ် တမ်းတစရာဆိုလို့ လူမဟုတ်တဲ့ သက်ရှိတွေ.. သက်မဲ့တွေ.. ဥပမာ .. ဂျပ်စင်.. သစ်ပုပ်ပင်.. ဘွဲ့နှင်းသဘင်.. တောင်ငူဆောင်.. RC.. စာကြည့်တိုက်.. အင်းလျားတွေလောက်ပဲ ရှိတော့တာ။ အရင်ကလို ကျောင်းသူကျောင်းသားတွေ မလွမ်းတော့.. ဆရာဆရာမ တွေကိုလည်း မလွမ်းချင်တော့..။

အမေ့ကိုရော……………….. အဲဒီအတွက်ပဲ ကျမစိတ်ထဲ ဆို့နစ် ကြေကွဲစရာ ရှိတာပါ…။ အဲဒီရက်တွေထဲမှာပေါ့.. ဆရာကြီး ဒဂုန်တာရာရဲ့ "တဟီတီသွားရအောင်"ကို ခဏ ခဏ ရွတ်နေမိတာ..။

ဒီလိုနဲ့ သားကြီး ရှစ်တန်းစာမေးပွဲဖြေအပြီး အဖေ့ရွာကို သွားလည်မယ်ဆိုတဲ့ ခရီးက… မြ၀တီထိ.. မဲဆောက်ထိ… ဇင်းမယ်ဆို.. ညိုတဲ့မြို့လေးဆီအထိ… ပေါက်ခဲ့တာ..။ အဲဒီတလျှောက်မှာလည်း ဆရာမောင်သာရရဲ့ ၀တ္ထု ခေါင်းစဉ်တခုကို ယူပြောရရင်.. “သုမနကျောမှာ ဒဏ်ရာတွေနဲ့” ပေါ့…။ တကယ်တော့ ဘယ်အရာမဆို ဝေးသွားမှ.. ဝေးနေမှ ပိုလွမ်းရတယ် ပိုတမ်းတရတယ်ဆိုတာကို ကျမ ပို ပို သိလာရတဲ့ ကာလတွေဆီ.. ထွက်ပြေးလာခဲ့တဲ့ ခရီးအစပေါ့..။ ပြန်ရနိုင်ဖို့ ခက်ခဲမှန်း သိလေ… ပို လွမ်းဆွတ် ကြေကွဲရလေ…။ တခါတခါကျတော့ ရှက်ရွံ့သိမ်ငယ်ရတာတွေပါ ပါလာရပါသေးတယ်။

+++++

(တကယ်တော့ (၃၈)ဆိုရင် မြသီလာကြီးက ကျန်ခဲ့ပါပြီ။ ထိုင်းရောက်ကာမှ မြသီလာကို ဘာလို့ ပိုလွမ်းရလဲ.. ဘယ်လို လွမ်းရလဲဆိုတာတွေကို ဆက်ဖတ်ချင်ကြရင်တော့ ဆက်ရေးမှာပါ...။ ရေးရရင်ကောင်းမလားဟင် :) )